နေပြည်တော် ၂၆ ဧပြီ
ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ဧပြီ ၂၅ ရက် နံနက်ပိုင်းတွင် မူရွန်မြို့ရှိ OJSC Muromteplovoz စက်ရုံသို့ သွားရောက်ကြည့်ရှုလေ့လာသည်။
တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် OJSC Muromteplovoz စက်ရုံမှ ထုတ်လုပ်ထားသည့် သံချပ်ကာယာဉ်များ၏ စွမ်းရည်သရုပ်ပြ ပစ်ခတ်မှုများအား ကြည့်ရှုကြပြီး စက်ရုံအတွင်း သံချပ်ကာယာဉ်များ ထုတ်လုပ်နေမှု အခြေအနေများနှင့် သံချပ်ကာမီးသတ်ယာဉ်များ ထုတ်လုပ်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုလေ့လာကြရာ စက်ရုံညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြကြသည်။
ညနေပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့သည် မော်စကိုမြို့မှ အထူးအမြန်ရထားဖြင့် ထွက်ခွာကြပြီး ညပိုင်းတွင် စိန့်ပီတာစဘက်မြို့သို့ ရောက်ရှိရာ ရုရှားဖက်ဒရေးနိုင်ငံရေတပ်မှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
(သတင်းစဉ်)


