နေပြည်တော် နိုဝင်ဘာ ၁၅

 

တရုတ်-မြန်မာ-ထိုင်း-ကမ္ဘောဒီးယား-လာအိုနှင့် ဗီယက်နမ်နိုင်ငံတို့အကြား ပထမအကြိမ် အွန်လိုင်းလိမ်လည်မှု ပူးပေါင်းတိုက်ဖျက်ရေးဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေးကို နိုဝင်ဘာ ၁၄ ရက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့ရှိ Hai Geng (ဟိုင်ဂင်)ဟိုတယ်၌ ကျင်းပသည်။

 

အစည်းအဝေးသို့ မြန်မာနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်ကျော်ကျော် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၊ တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန လက်ထောက်ဝန်ကြီး မစ္စတာ လျိုကျုံးယီ ဦးဆောင်သောကိုယ်စားလှယ် အဖွဲ့၊ ကမ္ဘောဒီးယားနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စတာကျိုဗန်ထန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၊ လာအိုနိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စတာခမ်ကင်းဖွီလာ မနီဝုန်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၊ ထိုင်းနိုင်ငံ တော်ဝင်ရဲတပ်ဖွဲ့ လက်ထောက်ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဇီရဘ်ဟော့ဘူရီဒတ်ချ် ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့၊ ဗီယက်နမ်နိုင်ငံ ပြည်သူ့ လုံခြုံရေးဝန်ကြီးဌာန မှုခင်းရဲတပ်ဖွဲ့ ဒုတိယတပ်ဖွဲ့မှူး မစ္စတာဖန်မန်ထရုန် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက်ခဲ့ကြပြီး ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့်မှုခင်းဆိုင်ရာရုံး(UNODC)၊ စင်ကာပူနိုင်ငံအခြေစိုက် အင်တာပိုလ်ရုံးခွဲနှင့် လန်ချန်း-မဲခေါင် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာဗဟိုဌာန (LMLECC) တို့မှ ကိုယ်စားလှယ်များက လေ့လာသူအဖြစ် တက်ရောက်ခဲ့ကြသည်။

 

အစည်းအဝေးတွင် သဘာပတိဖြစ်သူ တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန လက်ထောက်ဝန်ကြီး မစ္စတာ လျိုကျုံးယီက ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားပြီး ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံတို့မှ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များက အမှာစကားများ ပြောကြားခဲ့ကြသည်။

 

မြန်မာနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်ကျော်ကျော်က မြန်မာနိုင်ငံအနေဖြင့် အွန်လိုင်းအသုံးပြုလိမ်လည်မှုများ တိုက်ဖျက်ရန် ဒေသတွင်းပူးပေါင်း ဆောင်ရွက်မှုကို အရှိန်မြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ လိမ်လည်မှုကွန်ရက်များနှင့် ရာဇဝတ်ဂိုဏ်းများကို ပြတ်ပြတ်သားသားနှိမ်နင်းဖယ်ရှားရန်၊ အဆိုပါကွန်ရက်များ၌ ပိတ်မိနေသူများအားကယ်ဆယ်ရန်၊ ဒေသတွင်းတရား ဥပဒေစိုးမိုးရေးကို ထိန်းသိမ်းရန် အထူးအလေးထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အွန်လိုင်းအသုံးပြုလိမ်လည်မှု တိုက်ဖျက်ရေးသည် လန်ချန်း-မဲခေါင် အသိုက်အဝန်း၏ ဘုံတာဝန်ဖြစ်ကြောင်း၊ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးယန္တရားသည် စိန်ခေါ်မှုများကိုရင်ဆိုင်နိုင်မည့် ပလက်ဖောင်းတစ်ရပ် ဖြစ်ကြောင်း အမှာစကားပြောကြားသည်။

 

ဆက်လက်၍ ဆက်သွယ်ရေးစနစ်နှင့် အွန်လိုင်တို့ကို အသုံးပြုပြီး လိမ်လည်သောမှုခင်းများ တိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍ နိုင်ငံတကာမဟာမိတ် အဖွဲ့ပူးတွဲတည်ထောင်ရေး၊ အွန်လိုင်းလိမ်လည်မှု လုပ်ကိုင်နေသောနေရာများကို ရှင်းလင်းဖယ်ရှားရေးနှင့် ပြည်နှင်လွှဲပြောင်းမှုတိုးမြှင့်ပြုလုပ်ရေး၊ အွန်လိုင်းလိမ်လည်မှု ပြုလုပ်နေသော အဓိကနေရာများကို ပူးတွဲထိန်းချုပ်ရေးစသည့် ခေါင်းစဉ် (၃) ရပ်ဖြင့် ဆွေးနွေးမှုကို ဆက်လက်ပြုလုပ်ခဲ့ရာ အစည်းအဝေး တက်ရောက်လာကြသော နိုင်ငံများမှ ကိုယ်စားလှယ် အဖွဲ့ဝင်များက ဝင်ရောက်ဆွေးနွေးခဲ့ကြသည်။

 

ယင်းနောက် သဘာပတိဖြစ်သူ တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန လက်ထောက်ဝန်ကြီး မစ္စတာ လျိုကျုံးယီနှင့် ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံတို့မှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များက နိဂုံးချုပ် အမှာစကားများ ပြောကြားကြသည်။

 

မြန်မာနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်ကျော်ကျော် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်