ဝူဟန် ၁၁ မတ်
တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ စတင်ဖြစ်ပွားရာ ဝူဟန်မြို့သို့ စစ်ဆေးမှုပြုလုပ်ရန် ယနေ့ ရောက်ရှိလာပြီးနောက် ဟောင်ချန်ရှန်ဆေးရုံသို့ သွားရောက်ခဲ့သည်။
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအထွေထွေ အတွင်းရေးမှူးနှင့် ဗဟိုစစ်ဘက်ကော်မရှင်ဥက္ကဋ္ဌဖြစ်သူ သမ္မတ ရှီကျင့်ဖျင်က ဆေးရုံ၏ လုပ်ငန်းဆောင်ရွက်မှုများ၊ လူနာများကုသပေးမှု၊ ဆေးဘက်ဆိုင်ရာဝန်ထမ်းများနှင့် ဆေးသိပ္ပံဆိုင်ရာသုတေသနနှင့်ပတ်သက်၍ လေ့လာခဲ့သည်။ သမ္မတ ရှီကျင့်ဖျင်က ဆေးကုသမှုခံယူနေသည့် လူနာများနှင့် တွေ့ဆုံခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါကို နေ့ရောညပါ တိုက်ဖျက်နေသည့် ဆေးဘက် ဆိုင်ရာလုပ်သားများထံ လေးစားသမှုရှိကြောင်း ပြောကြားကာ အဆိုပါရောဂါနှိမ်နှင်းရေးတွင် ယုံကြည်မှုရှိကြရန် အားပေးခဲ့သည်။
ဟောင်ချန်ရှန်ဆေးရုံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက် လူနာများကို အထူးကုသပေးရန် ၁၀ ရက်အတွင်း တည်ဆောက်ခဲ့သည့် ခုတင် ၁၀၀၀ ဆံ့ ဆေးရုံတစ်ရုံ ဖြစ်သည်။ ထို့နောက် သမ္မတ ရှီကျင့်ဖျင်သည် ဝူဟန်မြို့ရှိ လူထုအခြေပြုဗဟိုဌာနတစ်ခု၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက် ခံရသည်ဟု သံသယရှိသူများ သီးခြားထားရှိရာ ဂေဟာ တစ်ခုတွင် ဒေသခံများနှင့် တွေ့ဆုံခဲ့သည်။
ကိုးကား-ဆင်ဟွာ၊ ဘာသာပြန်-ကျော်ထိုက်စိုး


