နေပြည်တော် ၃၀ ဧပြီ
ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး မဏ္ဍိုင် ၃ ရပ်နှင့် စတုတ္ထမဏ္ဍိုင်ဖြစ်သည့် သတင်းမီဒီယာတို့အကြား ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်မှု တိုးတက်စေရန်နှင့် ပြည်သူများအားတိကျခိုင်မာသည့် သတင်းအချက်အလက်များ ပေးနိုင်ရန်တို့အတွက် တတိယအကြိမ် မဏ္ဍိုင် ၄ ရပ် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။
အလုပ်ရုံဆွေးနွေးပ္ပွဲတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်က ယခုကဲ့သို့ မဏ္ဍိုင် ၄ ရပ် တွေ့ဆုံကြခြင်းသည် မဏ္ဍိုင်များ အချင်းချင်းအကြား အခက်အခဲများကို အပြန်အလှန် ညှိနှိုင်းအဖြေရှာနိုင်ရန် ဖြစ်ပါကြောင်း၊ ယခု တွေ့ဆုံပွဲမှတစ်ဆင့် သတင်းနှင့်စာနယ်ဇင်း လွတ်လပ်ခွင့်များ ပိုမိုခိုင်မာလာရန်နှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ပိုမိုချောမွေ့လာရန် မျှော်လင့်ပါကြောင်း၊ မဏ္ဍိုင် အချင်းချင်းအကြား အပြန်အလှန် ထိန်းကျောင်းမှု ခံယူနေရသလို ပြည်သူများ၏ အသံနှင့်အတူ ဝေဖန်ထောက်ပြသည့် မီဒီယာများ၏ ထိန်းညှိမှု၊ ထောက်ပြမှုကိုလည်း မပြတ်ခံယူနေရပါကြောင်း၊ မဏ္ဍိုင်အသီးသီးတွင် လုပ်ပိုင်ခွင့်များရှိသလို အကန့်အသတ်များလည်း ရှိပါကြောင်း။
ယနေ့ဆွေးနွေးပွဲတွင် သတင်းမီဒီယာများကို ကိုယ်စားပြုသည့် စတုတ္ထမဏ္ဍိုင်က လုပ်ပိုင်ခွင့်များ တောင်းဆိုခြင်းနှင့် ဆွေးနွေးဖြေရှင်းခြင်းများ ပြုလုပ်သွားမည်ဖြစ်ပါကြောင်း၊ ဆွေးနွေးမှု အောင်မြင်ပါက မီဒီယာများအတွက် ပိုမိုအကျိုးရလဒ် ရရှိမည်ဖြစ်ပြီး ကျန်သည့်မဏ္ဍိုင်များသည်လည်း ဂုဏ်သိက္ခာတိုးတက်လာမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဟံသာ၀တီ ဦးအုန်းကြိုင်က အစိုးရနှင့် သတင်းမီဒီယာအကြား ယုံကြည်မှုတည်ဆောက်ရန် အရေးအကြီးဆုံးဖြစ်ပါကြောင်း၊ နားလည်မှုမှတစ်ဆင့် ယုံကြည်မှု တည်ဆောက်ရမည်ဖြစ်ပါကြောင်း၊ ယနေ့ဆွေးနွေးပွဲသည် အစိုးရနှင့် မီဒီယာအကြား ယုံကြည်မှုတည်ဆောက်သည့် ဆွေးနွေးပွဲဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက သတင်းသမားများကို စနစ်တကျ အသိအမှတ်ပြုကတ်ပြားများ ထုတ်ပေးခြင်းအားဖြင့် ယနေ့ကြုံတွေ့နေရသည့် သတင်းသမားနှင့် သတင်းဖြေကြားသူများအကြား မယုံကြည်မှုများ၊ သံသယစိတ်များ ပပျောက်သွားမည်ဟု ယုံကြည်ပါကြောင်း၊ သတင်းမီဒီယာနှင့် မဏ္ဍိုင် ၃ ရပ်၏ နားလည်မှုသည် အရေးကြီးပါကြောင်း၊ သတင်းမီဒီယာများသည် အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး မဏ္ဍိုင် ၃ ရပ်နှင့် ပြည်သူအကြား ပေါင်းစပ်ပေးပါကြောင်း၊ မဏ္ဍိုင် ၃ ရပ်မှ တာဝန်ရှိသူများ၏ ပူးပေါင်းဆောင်ရွက်မှု၊ နားလည်မှုသည် သတင်းမီဒီယာသမားများအတွက် အရေးကြီးပါကြောင်း၊ သို့မှသာ လွတ်လပ်၍ တရားမျှတသည့် သတင်းအချက်အလက်များကို ပြည်သူများထံ အချိန်နှင့်တစ်ပြေးညီ ပေးပို့နိုင်မည် ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဒုတိယဥက္ကဋ္ဌ(၁) ဒေါက်တာမျိုးသန့်တင်က စတုတ္ထမဏ္ဍိုင်သည် ပြည်သူပြည်သားများ၏ အသံ၊ မျက်လုံးဖြစ်ပြီး နိုင်ငံနှင့် လူမျိုး အဓွန့်ရှည်စွာ တည်ရှိနေရန်အတွက် ပေါ်ပေါက်လာခြင်းဖြစ်ပါကြောင်း၊ ယခု မဏ္ဍိုင် ၃ ရပ်နှင့် စတုတ္ထမဏ္ဍိုင်တို့ ညှိနှိုင်းပြီး မိမိတို့နိုင်ငံတွင် ဒီမိုကရေစီ မပျက်သုဉ်းစေရန်၊ နိုင်ငံနှင့် လူမျိုးအတွက် ရေရှည်တည်တံ့အောင် ဆွေးနွေးပွဲများ ပြုလုပ်ကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်သူ့လွှတ်တော် ကျန်းမာရေးနှင့် အားကစားဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဒေါက်တာစံရွှေဝင်းက သတင်းမီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ခြင်းသည် သတင်းမီဒီယာကဏ္ဍအတွက်သာမက မိမိတို့နိုင်ငံတွင် ရင်ဆိုင်ကြုံတွေ့နေရသည့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး၊ တရားစီရင်ရေးမဏ္ဍိုင် တည့်မတ်ရေး၊ လူ့အခွင့်အရေးနှင့် ပြည်သူ့ဘဏ္ဍာဆုံးရှုံးမှုများ မရှိစေရေးတို့ကို အကာအကွယ်ပေးနိုင်သည့်အတွက် အရေးကြီးပါကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးညိုထွန်းက ၂၀၁၄ ခုနှစ် သတင်းမီဒီယာ ဥပဒေထွက်ပေါ်လာပါကြောင်း၊ ၂၀၁၅ ခုနှစ်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က တရားရုံးသတင်းမီဒီယာလက်စွဲကို ထုတ်ပြန်ခဲ့ပါကြောင်း၊ သတင်းပြန်ကြားရေးအဖွဲ့များကို တရားရုံးအဆင့်ဆင့်တွင် ဖွဲ့စည်းပေးခဲ့ပါကြောင်း၊ သတင်းမီဒီယာများ၏ သိလိုသည့် သတင်းများကို တစ်နိုင်ငံလုံးရှိ တရားရေးသတင်းပြန်ကြားရေးအရာရှိများက ထုတ်ပြန်ပေးနိုင်ခဲ့ပါကြောင်း၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က တရားရုံးအဆင့်ဆင့်၏ ဆောင်ရွက်ချက်များကို နှစ်အလိုက် အစီရင်ခံစာထုတ်ပြန်လျက်ရှိပါကြောင်း ပြောကြားသည်။
ဆက်လက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက တပ်မတော်နှင့်ပတ်သက်သည့် သတင်းအချက်များကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရန် ထုတ်ပြန်လျက်ရှိပါကြောင်း၊ တပ်မတော်အနေဖြင့် သတင်းမီဒီယာများနှင့် စဉ်ဆက်မပြတ် ထိတွေ့ဆက်ဆံလျက်ရှိပါကြောင်း၊ တပ်မတော်နှင့် သတင်းမီဒီယာဆက်ဆံရေးကို စာနယ်ဇင်းကောင်စီ စတင်ဖွင့်လှစ်ကတည်းက အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း ပြောကြားသည်။
ယင်းနောက် ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က သတင်းမီဒီယာများကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ခဲ့မှုများနှင့်စပ်လျဉ်း၍ လည်းကောင်း၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးကျော်စွာမင်းက မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအနေဖြင့် မီဒီယာဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ ဆောင်ရွက်နေမှုများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ထို့နောက် အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီမှ တာဝန်ရှိသူများက မဏ္ဍိုင်ကြီး ၃ ရပ်နှင့် သတင်းမီဒီယာကဏ္ဍတို့အကြား သတင်းမှန်ရရှိရေးနှင့် အပြန်အလှန် နားလည်မှုရှိရှိ ပူးပေါင်းဆောင်ရွက်နိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် မြန်မာနိုင်ငံ သတင်းစာဆရာအသင်း၊ မြန်မာဂျာနယ်လစ်ကွန်ရက်၊ BNI (Burma News International)၊ မြန်မာစာနယ်ဇင်းသမဂ္ဂ၊ မြန်မာအမျိုးသမီး သတင်းစာဆရာအဖွဲ့တို့မှ သတင်းမီဒီယာသမားများ၏ မေးမြန်းဆွေးနွေးချက်များအပေါ် မဏ္ဍိုင် ၃ ရပ်မှ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားပြီး ဆွေးနွေးပွဲကို ရုတ်သိမ်းလိုက်သည်။
ပထမအကြိမ် မဏ္ဍိုင် ၄ ရပ် အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်တွင်လည်းကောင်း၊ ဒုတိယအကြိမ် မဏ္ဍိုင် ၄ ရပ် အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်တွင်လည်းကောင်း ပြုလုပ်ခဲ့သည်။
ယနေ့အလုပ်ရုံဆွေးနွေးပွဲတွင် ရလဒ်အဖြစ် မြန်မာ့မီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မဏ္ဍိုင်(၄)ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားရန်နှင့် ပြည်ထောင်စုအဆင့် မဏ္ဍိုင်(၄)ရပ် တွေ့ဆုံမှုများကို အနည်းဆုံး တစ်နှစ်တစ်ကြိမ် ဆောင်ရွက်သွားရန်၊ သတင်းမီဒီယာသမားများ ကျင့်ဝတ်စည်းကမ်းနှင့်အညီ သတင်းရယူနိုင်ရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ဦးစီးပြီး အခြားအဖွဲ့အစည်းအသီးသီးက လိုအပ်သလို ပံ့ပိုးကူညီဆောင်ရွက်သွားရန်၊ သတင်းအချက်အလက်ရယူခြင်းနှင့် ပတ်သက်၍ စိန်ခေါ်မှုများကို ပူးပေါင်းဖြေရှင်းရာတွင် မဏ္ဍိုင် (၄)ရပ်အကြား အပြန်အလှန်လေးစားမှုကို အခြေခံလျက်ဆောင်ရွက်သွားရန်၊ သတင်းမီဒီယာသမားများ အသိအမှတ်ပြုလက်မှတ် ထုတ်ပေးနိုင်ရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ဦးစီးဆောင်ရွက်သွားရန်နှင့် ကျန်မဏ္ဍိုင်များမှလည်း လိုအပ်သလို ပံ့ပိုးကူညီဆောင်ရွက်သွားရန်၊ ပုံနှိပ်မီဒီယာကဏ္ဍ ရေရှည်ရှင်သန်ရပ်တည်နိုင်ရေးအတွက် မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သွားရန်၊ သတင်းမှားများပပျောက်ရေး၊ သတင်းမှန်များ လျင်မြန်စွာ ထုတ်ပြန်နိုင်ရေးနှင့် သတင်းအချက် အလက်သိနားလည်မှု (Media and Information Literacy) မြှင့်တင်ရေးဆိုင်ရာ လုပ်ငန်းများအား ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရန်၊ ဝန်ကြီးဌာနများအနေဖြင့် သတင်းများကို အချိန်မီထုတ်ပြန်ပေးရန်နှင့် သက်ဆိုင်ရာ Website နှင့် Page များတွင် အချိန်နှင့်တပြေးညီ သတင်းများ လွှင့်တင်ပေးရန်၊ လွှတ်တော်တွင်း မီဒီယာသမားများ သတင်းရယူမှုများ ပိုမိုအဆင်ပြေ ချောမွေ့စေရေးလိုအပ်သလို ညှိနှိုင်းပေးရန်၊ မဏ္ဍိုင် (၄)ရပ် ဆွေးနွေးပွဲများမှရရှိသော ရလဒ်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းကော်မတီတစ်ရပ် ဖွဲ့စည်းနိုင်ရေး ဆက်လက်ညှိနှိုင်းဆောင်ရွက်ရန်၊ သတင်းအတု/အယောင်များ၊ သတင်းမှားများ ရေးသားဖြန့်ဖြူးနေမှုများနှင့် ပတ်သက်၍ သတင်းမီဒီယာများနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများက ဖော်ထုတ်ပြီး ပြည်သူလူထုသို့ အသိပေးဖြန့်ဝေသွားရန်၊ Social Media အလွဲသုံးမှုများကို တရားဝင် ထိန်းချုပ်နိုင်ရေးအတွက် သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများက လိုအပ်သလို ဆောင်ရွက်ပေးရန်၊ သတင်းမီဒီယာ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုမည့် ဉပဒေများ အမြန်ဆုံး ပေါ်ထွက်လာရေးအတွက် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက သက်ဆိုင်ရာဝန်ကြီးဌာနများ၊ လွှတ်တော်တို့နှင့် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်သွားရန်နှင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရဌာနဆိုင်ရာ တာဝန်ရှိသူများက တိုင်းရင်းသားမီဒီယာ အပါအဝင် သတင်းမီဒီယာသမားများ သတင်းရယူရာ၌ တန်းတူအခွင့်အရေးရရှိစေရေး ဆက်လက်ဆောင်ရွက်ပေးရန် သဘောတူညီချက်များကို အတည်ပြုနိုင်ခဲ့သည်။
(သတင်းစဉ်)


