တူကီယဲနိုင်ငံအစ္စတန်ဘူလ်သို့ ကိုဗစ်-၁၉ ရောဂါကူးစက်မှုဖြစ်ပွားပြီးနောက်ပိုင်း ပထမဆုံးလာရောက်သော တရုတ်ခရီးသွားအုပ်စုအား လက်ခံကြိုဆို

ဩဂုတ် ၁၈

တူကီယဲနိုင်ငံသို့ တရုတ်ခရီးသွားအုပ်စုလာရောက်မှုပိတ်ပင်ထားခြင်းကို ဩဂုတ်လ ၁၀ ရက်က ရုပ်သိမ်းခဲ့ပြီးနောက် ခရီးသွားများ အများဆုံး လာရောက်သည့် တူကီယဲနိုင်ငံအတွင်းရှိမြို့များအနက် တစ်ခုဖြစ်သော အစ္စတန်ဘူလ်မြို့သို့ ပထမဆုံးလာရောက်သော တရုတ်ခရီးသွားအုပ်စုအား ဩဂုတ်လ ၁၇ ရက်က လက်ခံကြိုဆိုခဲ့ကြသည်။

အဆိုပါခရီးသွားအုပ်စုတွင် အဖွဲ့ဝင် ၁၂ ဦးပါဝင်ကြောင်း၊  အစ္စတန်ဘူလ်ရှိ တရုတ်ဒုတိယကောင်စစ်ဝန်ချုပ် ဝူဂျင်က ထိုအဖွဲ့နှင့်အတူ အထင်ကရနေရာများသို့ ရှစ်ရက်ကြာ သွားလာလည်ပတ်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ဝူဂျင်က လူဦးရေ ၁၆ သန်းနီးပါးရှိသော အစ္စတန်ဘူလ်မြို့အတွင်း တရုတ်ခရီးသွားများ ဘေးကင်းလုံခြုံစွာ သွားလာလည်ပတ်နိုင်ရေးအတွက် တူရကီအာဏာပိုင်များနှင့် တရုတ်ကောင်စစ်ဝန်ရုံးအကြား အစည်းအဝေးများ လုပ်ဆောင် နေကြောင်းကို ထိုခရီးသွားအုပ်စုအား ပြောသည်။

တူကီယဲနိုင်ငံအတွင်း ကြိုတင်ကာကွယ်မှုပြုလုပ်ရမည့်အရာများကို တရုတ်ဘာသာဖြင့် လက်ကမ်းစာစောင်တစ်ခု ပြင်ဆင်ထားပြီးဖြစ်ကြောင်း၊ ကောင်စစ်ဝန်ဖုန်းနံပါတ်များနှင့်လမ်းကြောင်းပြမြေပုံများကိုလည်းပေးထားကြောင်း ၎င်းက ထပ်လောင်းပြောသည်။

တူကီယဲနိုင်ငံသည်တရုတ်ခရီးသွားများအတွက် ခရီးသွားလာမှုထိပ်တန်းနေရာများထဲမှတစ်ခုဖြစ်လာပြီး တရုတ်ခရီးသွား ဝင်ရောက်မှုအရေအတွက်သည် လာမည့်ရက်များအတွင်း ပိုမိုများပြားလာမည်ဟုယူဆကြောင်း  ထိုခရီးသွားအုပ်စု ခေါင်းဆောင်က ပြောသည်။

အစ္စတန်ဘူလ်တွင် သုံးရက်ကြာသွားလာလည်ပတ်ပြီးနောက် ထိုအဖွဲ့သည် မီးပုံးပျံစီးကာကြည့်ရှုရသည့် ထင်ရှားသော သဘာဝအလှများရှိရာ တူကီယဲနိုင်ငံအလယ်ပိုင်းရှိ ကပ်ပါဒိုဆာဒေသသို့ သွားရောက်လည်ပတ်မည် ဖြစ်သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို