ဇူလိုင် ၂၄
တူကီယဲနိုင်ငံအလယ်ပိုင်း အက်ကီးစီဟီရာပြည်နယ်တွင် တောမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ ယမန်နေ့က ကြိုးစားငြှိမ်းသတ်နေသော မီးသတ်သမား ၁၀ ဦးထက်မနည်းသေဆုံးပြီး အခြား ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ဖော်ပြထားသည်။
အဆိုပါတောမီးလောင်ကျွမ်းမှုကြောင့် သစ်တောဝန်ထမ်းငါးဦးနှင့် ရှာဖွေရေးနှင့် ကယ်ဆယ်ရေးအဖွဲ့ စေတနာ့ဝန်ထမ်းငါးဦး သေဆုံးခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီး အလီရာလီကာရာက လူမှုမီဒီယာပလက်ဖောင်းအိတ်ချ်တွင် ပြောကြားထားသည်။ ဒဏ်ရာရရှိသူ ၁၄ ဦးသည် လတ်တလောတွင် ဆေးရုံ၌ ကုသမှုခံယူလျက်ရှိသည်ဟု ၎င်းကဆိုသည်။
သမ္မတအာဒိုဂန်က ယင်းသေဆုံးမှုအတွက်ဝမ်းနည်းစကားပြောကြားကာ ၎င်းတို့၏မိသားစုများအား နစ်နာကြေးပေးသွားမည်ဖြစ်ကြောင်း ကတိပြုပြောကြားခဲ့သည်။
အနောက်ပိုင်းနှင့်အလယ်ပိုင်းပြည်နယ်များဖြစ်သောဆာကာရာ၊ အန်တာလ်ရာ၊ အက်စီဟာ၊ ဘီလစ်ခ်နှင့် ဒီနစ်ဇ်လီတို့ရှိ မီးငြှိမ်းသတ်ရေးအဖွဲ့များသည် ယမန်နေ့က မီးငြှိမ်းသတ်ရန် လုပ်ဆောင်လျက်ရှိသည်ဟု ထိုနေ့အစောပိုင်းက သတင်းထုတ်ပြန်ထားသည်။
ယခုနှစ်အစပိုင်းကစတင်ကာ တောမီးလောင်ကျွမ်းမှု စုစုပေါင်းအကြိမ်ရေ ၄၀၀၀ကျော်လွန်သွားပြီး သစ်တောဧရိယာများတွင် ၁၇၂၈ ကြိမ် ဖြစ်ပွားခဲ့ကြောင်း စိုက်ပျိုးရေးနှင့် သစ်တောရေးရာဝန်ကြီးက သတင်းထောက်များအား ယမန်နေ့ကပြောကြားခဲ့သည်။ နိုင်ငံတစ်ဝန်း အပူချိန်များ မြင့်တက်လာသဖြင့် ထိုတောမီးများ၏ ခြိမ်းခြောက်မှုအန္တရာယ် ပိုမိုများပြားလာနိုင်သည်ဟု ၎င်းက သတိပေးပြောကြားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


