တူးနစ် ၁၆ စက်တင်ဘာ
တူနီးရှားနိုင်ငံ၏ ပြည်နယ် ၂၄ ခုတွင် သမ္မတရွေးကောက်ပွဲအတွက် မဲရုံများကို တနင်္ဂနွေနေ့က ဖွင့်လှစ်ခဲ့သည်။ ဇူလိုင် ၂၅ ရက်က ကွယ်လွန်ခဲ့သည့် အသက် ၉၂ နှစ်အရွယ် သမ္မတဟောင်း ဘီဂျေခေး အက်ဆပ်ဘ်ဆီ၏ နေရာကို အစားထိုး ဝင်ရောက်မည့် သမ္မတသစ် ရ္ဂေးချယ်ရန်အတွက် မဲဆန္ဒရှင်များသည် မဲရုံများရှေ့တွင် မဲပေးရန် တန်းစီနေကြသည်။ တူနီးရှားနိုင်ငံ၏ လွတ်လပ်သော ရွေးကောက်ပွဲ အာဏာပိုင်အဖွဲ့က သမ္မတရွေးကောက်ပွဲ၏ ကနဦးရလဒ်များကို စက်တင်ဘာ ၁၇ ရက်တွင် ထုတ်ပြန်မည်ဟု ဆိုသည်။ ပထမအကြိမ် မဲပေးမှုတွင် မည်သည့်သမ္မတ လောင်းကမျှ မဲထက်ဝက်ကျော် မရရှိပါက ဒုတိယအချီ မဲပေးပွဲကို ပထမအကြိမ် မဲပေးပွဲ နောက်ဆုံးရလဒ်များ ကြေညာပြီးနောက် သီတင်းပတ်နှစ်ပတ်အတွင်း ပြန်လည်ကျင်းပမည် ဖြစ်သည်။ သမ္မတရာထူးနေရာအတွက် သမ္မတလောင်း ၂၆ ဦး ယှဉ်ပြိုင်သည်ဟု သိရသည်။
ဆန္ဒမဲပေးမှုများ အဆင်ပြေ ချောမွေ့စေရန်အတွက် တူနီးရှားနိုင်ငံ တစ်ဝန်းလုံးတွင် လုံခြုံရေးတပ်ဖွဲ့ဝင် အနည်းဆုံး ၇၀ဝ၀ဝ ကို တာဝန်ချထားသည်ဟု ပြည်ထဲရေးဝန်ကြီးက အတည်ပြု ပြောကြားသည်။ စာရင်းပေးသွင်းထားသည့် မဲဆန္ဒရှင် ခုနစ်သန်းကျော်သည် သမ္မတ ရွေးကောက်တင်မြှောက်ရန်အတွက် မဲရုံများသို့သွား၍ မဲပေးကြလိမ့်မည်ဟု မျှော်လင့်ရသည်။
သတင်းများအရ ကွယ်လွန်သူ တူနီးရှား သမ္မတဟောင်း ဘီဂျေခေး အက်ဆပ်ဘ်ဆီ၏ ဇနီး ချာဒလီယာ ဖာရတ် အက်ဆပ်ဘ်ဆီ သည် ပြင်းထန်သည့် နာမကျန်းမှုကြောင့် တူနီးရှားသမ္မတသစ် ရွေးကောက်ပွဲအတွက်မဲပေးမှုစတင်သည့်နေ့နှင့် တိုက်တိုက်ဆိုင်ဆိုင် တနင်္ဂနွေနေ့ နံနက်ပိုင်းတွင် ကွယ်လွန်သွားကြောင်း ၎င်း၏ သားဖြစ်သူ ဟာဖာခေး အက်ဆပ်ဘ်ဆီ က သူ့ဖေ့စ်ဘွတ်စာမျက်နှာတွင် ရေးသားခဲ့ကြောင်း သိရသည်။
ကိုးကား -ဆင်ဟွာ
ဘာသာပြန်-အောင်ဇော်လင်း


