နေပြည်တော် ၆ မတ်
ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ဥပဒေအရာရှိ အဆင့်-၃ မွမ်းမံသင်တန်းအမှတ်စဉ်-၃၀ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ မြေညီထပ်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်အနားတွင် ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက ဥပဒေအရာရှိများသည် နိုင်ငံတော်၏ မူဝါဒ၊ လမ်းညွှန်ချက်များကိုရှေ့ရှု၍ တည်ဆဲဥပဒေများနှင့်အညီ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဥပဒေများကိုကျယ်ကျယ်ပြန့်ပြန့် သိရှိရန်နှင့် ရုံးလုပ်ငန်း၊ စီမံရေးရာနှင့် ဘတ်ဂျက်ငွေစာရင်းလုပ်ငန်းများကိုလည်း ကျွမ်းကျင်ရန် လေ့လာဆည်းပူးကြရမည်ဖြစ်ကြောင်း၊ တရားစွဲဆိုခြင်းမပြုမီ ဥပဒေအကြံပေးခြင်း၊ အမှုလိုက်ပါ ဆောင်ရွက်ခြင်း၊ အမှုရုပ်သိမ်းခြင်း၊ အမှုပိတ်သိမ်းခြင်း၊ ပြင်ဆင်မှု၊ အယူခံမှုများတင်သွင်းခြင်း စသည့် တရားစွဲနှင့် အမှုလိုက်လုပ်ငန်းများတွင် အဂတိတရားကင်းရှင်းစွာဖြင့် ဥပဒေနှင့်အညီ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တရားမျှတမှုရရှိရေးအတွက် ဆောင်ရွက်ရာတွင် တရားလို၏ ထိခိုက်နစ်နာမှုများ၊ စွပ်စွဲခံရသူ၏ အခွင့်အရေးများကို ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်ပေးရမည်ဖြစ်ကြောင်း၊ တရားဥပဒေ စိုးမိုးရေးနှင့် တရားမျှတမှုကဏ္ဍ တိုးတက်ကောင်းမွန်ရေးအတွက် သက်ဆိုင်ရာဌာနအဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းကျင့်ဝတ် စည်းကမ်းများနှင့် ဥပဒေအရာရှိ ကျင့်ဝတ်တို့ကို လိုက်နာ၍ တာဝန်ကိုကျေပွန်စွာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မှန်ကန်သော စိတ်ဓါတ်အခြေခံများကို လေ့ကျင့်တည်ဆောက်ပြီး အရည်အသွေးတိုးတက်မြင့်မားရန် အားထုတ်ကြိုးပမ်းကြရမည်ဖြစ်ကြောင်း မှာကြားသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုရှေ့နေချုပ်ရုံး ဒုတိယရှေ့နေချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းဆရာ/ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူ ၃၁ ဦးတို့ တက်ရောက်ခဲ့ကြသည်။ သင်တန်းကာလမှာ ရက်သတ္တ ၆ ပတ် ကြာမြင့်မည်ဖြစ်ကြောင်း သိရှိရသည်။
(သတင်းစဉ်)


