နေပြည်တော် ၂၄ ဧပြီ
ဥယျာဉ်/ဘေးမဲ့တော(၄)ခု၏ အုပ်ချုပ်လုပ်ကိုင်မှုစီမံချက် (မူကြမ်း)များအပေါ် အကြံပြုဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီက နေပြည်တော်ရှိ သစ်တောဦးစီးရုံးချုပ်၊ အင်ကြင်းခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေ များကို စနစ်တကျထိန်းသိမ်းကာကွယ်မှုပြုလုပ်နိုင်ရန်အတွက် ဥယျာဉ်အုပ်ချုပ်လုပ်ကိုင်မှု စီမံချက်(Park Management Plan)ရေးဆွဲအကောင်အထည်ဖော်ရန် လိုအပ်ကြောင်း၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ညီညီကျော်က ပြောကြားသည်။
ဆက်လက်၍မြန်မာနိုင်ငံသည် ဇီဝမျိုးစုံမျိုးကွဲ ကြွယ်ဝသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါကြောင်း၊ တစ်ကမ္ဘာလုံးမှာ တွေ့ရှိရသည့် ငှက်မျိုးစိတ်များ၏ (၁၀) ရာခိုင်နှုန်းကို မြန်မာနိုင်ငံတွင် တွေ့ရှိရ ပါ ကြောင်း၊ ကောင်ရေ ၁၅၀ နှင့် ၇၀ဝ အတွင်းသာရှိသည့် ဘဲပို့ချတ်(Baer's pochard) ကောင်ရေ (၂၅၀ဝ) ခန့်သာရှိသည့် ရေညှောင့်နှုတ်ဝိုင်းငှက် (Spoon-billed Sandpiper) စသည့် ကမ္ဘာ့ အရှားပါးဆုံး ငှက်မျိုးစိတ်များလည်း ပါဝင်ပါကြောင်းပြောကြားသည်။
ကမ္ဘာပေါ်တွင် ပင်လယ်လိပ်(၇)မျိုးရှိရာ မြန်မာနိုင်ငံ၌ (၅)မျိုး ကျက်စားလျက်ရှိပြီး ကမ္ဘာပေါ် ရှိ ရေချိုနှင့် ကုန်းလိပ်မျိုးစိတ်များ၏ (၁၀) ရာခိုင်နှုန်းသည် မြန်မာနိုင်ငံတွင် ကျက်စားလျက်ရှိသည်။
ထို့အပြင် ကမ္ဘာပေါ်တွင် မျိုးသုဉ်းမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည့့် ကျား၊ ဆင်၊ ကျားသစ်၊ ပြောင်၊ ရေခဲတောင်ဆိတ်၊ သားမင်း၊ ငါးမန်း၊ ငါးလိပ်ကျောက်၊ ဝေလငါး အစရှိ သည်များကိုလည်း တွေ့ရှိရမည်ဖြစ်ပြီး အပင်မျိုးစိတ် (၁၈၀ဝ၀) ကျော်ကိုလည်း မှတ်တမ်းတင် ထား၍ မြန်မာနိုင်ငံတွင်သာ ပေါက်ရောက်သည့် ဒေသရင်းမျိုးစိတ် (Endemic species) အများအပြားပါဝင်သည်။
မျိုးစိတ်သစ်များကိုလည်း မကြာခဏဆိုသလို ဖော်ထုတ်တွေ့ရှိနေ ရပြီး၊ သုတေသနပြု လေ့လာမှုများ ပိုမိုဆောင်ရွက်နိုင်မည်ဆိုပါက အပင်မျိုးစိတ်သစ်အများအပြား ထပ်မံတွေ့ရှိရမည်ဖြစ်ပါကြောင်း သိရသည်။
အမျိုးသားသစ်တောကဏ္ဍနှစ် (၃၀) ပင်မစီမံကိန်း (၂၀ဝ၁-၂၀ဝ၂ မှ ၂၀၃၀-၂၀၃၁အထိ) အရနိုင်ငံ့ဧရိယာ၏ (၁၀) ရာခိုင်နှုန်းကိုသဘာဝထိန်းသိမ်း နယ်မြေများအဖြစ်သတ်မှတ်ရန်ရည်မှန်း ထားပြီး၊ ယနေ့အချိန်အထိ နိုင်ငံ့ဧရိယာ၏ (၅ ဒသမ ၈၅) ရာခိုင်နှုန်း ရှိသည့် သဘာဝ ထိန်းသိမ်းရေးနယ်မြေ (၄၄) ခုကို သတ်မှတ်ဖွဲ့စည်းထားပြီးဖြစ်ကြောင်း သိရသည်။
အာဆီယံဇီဝမျိုးစုံမျိုးကွဲဗဟိုဌာန (ACB)နှင့် သစ်တောဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက် လျက်ရှိသည့် အာဆီယံအမွေအနှစ်ဥယျာဉ်များအတွက် အသေးစားရန်ပုံငွေ အထောက်အပံ့ အစီအစဉ် (Small Grant Program-SGP) ပံ့ပိုးမှုဖြင့် အာဆီယံအမွေအနှစ် ဥယျာဉ်များဖြစ်သည့် အလောင်းတော်ကဿပနှင့် နတ်မတောင်အမျိုးသားဥယျာဉ်၊ အင်းတော်ကြီးနှင့် မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတို့အတွက် အုပ်ချုပ်လုပ်ကိုင်မှု (၅)နှစ် စီမံချက်များကို၂၀၁၈ ခုနှစ်တွင် ရေးဆွဲနိုင်ခဲ့ပြီး၊ နိုင်ငံတော်ဘက်ဂျက်၊ SGP အထောက်အပံ့များနှင့် အကောင် အထည်ဖော်လျက်ရှိရာ ယနေ့အချိန်တွင် သဘာဝထိန်းသိမ်းရေးနယ်မြေ (၆)ခုမှာ အုပ်ချုပ် လုပ်ကိုင်မှု စီမံချက် များရေးဆွဲအကောင်အထည်ဖော်နိုင်ပြီးဖြစ်သည်။ ယနေ့ချပ်သင်း၊ ရွှေစက်တော်၊ ပုပ္ပါးနှင့် မိုးယွန်းကြီးစသည့် သဘာဝထိန်းသိမ်းရေးနယ်မြေ (၄)ခုအတွက် ရေးဆွဲ ထားသည့် ဥယျာဉ်အုပ်ချုပ် လုပ်ကိုင်မှု စီမံချက် (မူကြမ်း)များကို ဆွေးနွေးကြခြင်းဖြစ်သည်။
အုပ်ချုပ်လုပ်ကိုင်မှု စီမံချက်မူကြမ်းများကို သစ်တောဦးစီးဌာနနှင့် နော်ဝေ ပတ်ဝန်းကျင် ရေးရာအေဂျင်စီ (Norway Environment Agency-NEA) တို့ပူးပေါင်းအကောင် အထည်ဖော် နေသည့် “သဘာဝနယ်မြေများ စီမံအုပ်ချုပ်မှု နှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းမှုမြှင့် တင်ခြင်းစီမံကိန်း” အထောက်အပံ့ဖြင့် ရေးဆွဲခဲ့ခြင်းဖြစ်ပြီး၊ သက်ဆိုင်ရာ ဝန်ထမ်းများနှင့် တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးမိတ်ဆွေများအသင်း (FoW)၊ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝ ထိန်းသိမ်းရေးအသင်း (BANCA)တို့ ပူးပေါင်းပြီး (၁)နှစ်ခွဲခန့်ကြာ ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့နောက် တက်ရောက်လာကြသည့် ပုဂ္ဂိုလ္များမှ ကဏ္ဍအလိုက် ဆွေးနွေးအကြံပြုကြသည်။
ဆွေးနွေးပွဲသို့ သစ်တောဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (မူဝါဒ နှင့် စီမံကိန်း)၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်းများ၊ ဥယျာဉ်/ ဘေးမဲ့တောများမှ အုပ်ချုပ်ရေးမှူးများနှင့် ဝန်ထမ်းများ၊ မိတ်ဖက် I/NGO များ၊ နော်ဝေပတ်ဝန်းကျင်ရေးရာအေဂျင်စီ (Norwegian Environment Agency-NEA)မှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်များ တက်ရောက်ကြသည်။
(သတင်းစဉ်)


