မိုင်းဆတ်  ၅  မေ  

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်နှင့် တာချီလိတ်ခရိုင်ကို ဆက်သွယ်ထားသော မိုင်းဆတ်-တာချီလိတ် ကားလမ်းအား “ဝ” အထူးဒေသ(၂)မှ မိုင်းထလန်းကျေးရွာအုပ်စု၊ မိုင်းကန်းကျေးရွာအနီးတွင် မောင်းတံတား၍ လမ်းအသုံးပြုခ ကောက်ခံနေခြင်းကို မေ(၁)ရက်မှစ၍ ရပ်ဆိုင်းလိုက်ကြောင်း သိရသည်။

 

ပသူကယ

 

"လမ်းအသုံးပြုခ မကောက်တော့ဘူးဆိုတော့ အရမ်းဝမ်းသာပါတယ်၊ အရင်က ကျွန်တော်  တာချီလိတ်သွားရင် အသွား ထိုင်းဘတ်ငွေ ၁၀ဝ၊ အပြန် ထိုင်းဘတ်ငွေ ၁၀ဝ ပေးရတာ၊ အခုသက်သာသွားပြီပေါ့" ဟု မိုင်းဆတ်မြို့ ဝိန်းနေရပ်ကွက်နေ ဒေသခံတစ်ဦးက ပြောသည်။

 

မိုင်းဆတ်-တာချီလိတ် ကားလမ်းမှာ ၁၉၉၈ ခုနှစ်က “ဝ” အထူးဒေသ(၂)မှ ဖောက်လုပ်ထားသော တောင်ပေါ်ကားလမ်းဖြစ်ပြီး ခရီးသွားလာနေသည့် ကားကြီး၊ ကားလေးနှင့် ဆိုင်ကယ်များထံမှ လမ်းအသုံးပြုခ ကောက်ခံလျက်ရှိကြောင်း သိရသည်။

 

 “လမ်းအသုံးပြုခကိုတော့ မေလ ၁ ရက်နေ့ကစပြီး မကောက်တော့ပါဘူး၊ ဒါပေမဲ့ မောင်းတံတားထားပြီး လာတဲ့ယာဉ်တွေကို စစ်ဆေးပြီးမှ ဖွင့်ပေးတာဆိုတော့ အချိန်ကြန့်ကြာမှုဖြစ်တာပေါ့၊ မောင်းတံဖွင့်ထားပေးရင် ပိုကောင်းတာပေါ့” ဟု အဆိုပါလမ်းတွင် ပြေးဆွဲနေသည့်ယာဉ်လိုင်းမှ ယာဉ်မောင်းတစ်ဦးက ပြောသည်။ 

 

နိုင်ငံတော်အစိုးရက လမ်းအား စတင်ပြုပြင်ထိန်းသိမ်းသည့် အချိန်မှစ၍ "ဝ"အထူးဒေသ(၂)မှ လမ်းအသုံး ပြုခကောက်ခံခြင်းကို ရပ်ဆိုင်းပေမည်ဟု နှစ်ဖက်သဘောတူညီချက်အရ ရပ်ဆိုင်းပေးလိုက်ခြင်းဖြစ်ကြောင်း၊ ယခုအခါ နိုင်ငံတော်မှ ဒေသခံပြည်သူများ သွားလာမှုအဆင်ပြေစေရေးအတွက် လမ်းပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်နေပြီး ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်၍ အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မိုင်းဆတ်ခရိုင်လမ်းဦးစီးမှူး ဦးမျိုးဇာနည်ဦးက ပြောသည်။ 

 

အဆိုပါလမ်းသည် ၆၀ ဒသမ ၄ မိုင် ရှည်လျားပြီး ဆိုးရွားစွာပျက်စီးနေသည့်အပြင် လမ်းဘေးရှိ ခြုံနွယ်များကြောင့် မြင်ကွင်းမရှင်း၍ ဒေသခံပြည်သူများက အမြန်ဆုံးပြုပြင်ဆောင်ရွက်ပေးရန် တောင်းဆိုမှုများရှိသဖြင့် "ဝ"အထူးဒေသ(၂)မှ ဒေသခံပြည်သူများအတွက် နိုင်ငံတော်သို့ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာ ၃၀ ရက်က မိုင်းဆတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် နှစ်ဖက်တွေ့ဆုံပွဲတွင် လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

 

သန်းဇော်(မိုင်းဆတ်)