မုံရွာ ဇူလိုင် ၁၀
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများလိုက်ပါလျက် ဇူလိုင် ၉ ရက် မွန်းလွဲပိုင်းတွင် ဟုမ္မလင်းမြို့နယ်၊ နားသကျိုက်ကျေးရွာအနီး နမ့်ပငချောင်းပေါ်တွင် တည်ဆောက်လျက်ရှိသည့် နမ့်ပင အသေးစားရေအားလျှပ်စစ်စီမံကိန်း လုပ်ငန်းခွင်ရှင်းလင်းဆောင်သို့ ရောက်ရှိရာ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာန၊ အမှတ်-၂ တည်ဆောက်ရေး၊ တာဝန်ခံအင်ဂျင်နီယာမှ နမ့်ပင အသေးစားရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်ရေးလုပ်ငန်းများ ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်း အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နမ့်ပင အသေးစားရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်ပြီးစီးပါက ဟုမ္မလင်းမြို့နှင့်အနီးရှိ ကျေးရွာများမှ ဒေသခံပြည်သူများနှင့် MSMEs လုပ်ငန်းများအတွက် လျှပ်စစ်ဓါတ်အားလုံလောက်အောင် ဖြည့်ဆည်းပေးနိုင်တော့မည်ဖြစ်ပါ၍ သတ်မှတ်ကာလတွင် ပြီးစီးအောင် ဆောင်ရွက်စေလိုပါကြောင်း၊ သတ်မှတ်အရည်အသွေးများနှင့် ကိုက်ညီစွာတည်ဆောက်ကာ လုပ်ငန်းများဆောင်ရွက်မှုအပေါ် စေတနာထားဆောင်ရွက်ကြရန် လိုအပ်ပါကြောင်းနှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးတို့အား အသေးစိတ်မှာကြားကာ တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက နမ့်ပင အသေးစားရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အဆိုပါ နမ့်ပင အသေးစားရေအားလျှပ်စစ်စီမံကိန်းသည် ဟုမ္မလင်းမြို့၏ အနောက်ဘက် ၇ ဒသမ ၅ မိုင်ခန့်အကွာ၊ နားသကျိုက်ကျေးရွာအနီးတွင် တည်ရှိပြီး Concrete Gravity Dam တမံ အမျိုးအစားဖြစ်ပြီး၊ တမံအလျား ၄၇၃ ပေ၊ တမံအမြင့် ၁၁၄ ဒသမ ၈ ပေ၊ ရေအားအမြင့် ၈၀ ဒသမ ၃၈ ပေ၊ နှစ်စဉ်ပျဉ်းမျှစီးဝင်ရေ ၁ ဒသမ ၁၀ သိန်းဧကပေ၊ သံကူကွန်ကရစ် ရေပိုလွှဲဖြစ်ကာ တပ်ဆင်စက် အင်အား ၆ မဂ္ဂါဝပ် (၂ x ၃ မဂ္ဂါဝပ်)ဖြစ်ပြီး နှစ်စဉ်လျှပ်စစ်ဓာတ်အား ၃၄ ဒသမ ၆၈ သန်းကီလိုဝပ်နာရီ ပျမ်းမျှထုတ်လုပ်နိုင်မည်ဖြစ်ပါသည်။ တည်ဆောက်ရေးလုပ်ငန်းများအား ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် အပြီးတည်ဆောက်သွားမည်ဖြစ်ပြီး ယခုအချိန်တွင် လုပ်ငန်းအားလုံး၏ ၄၁ ဒသမ ၇၁ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နမ့်ပင ရေအားလျှပ်စစ်စီမံကိန်း ရေ၊ မြေ၊ ကွန်ကရစ်စမ်းသပ်ရေးနှင့် အရည်အသွေးထိန်းသိမ်းရေးရုံးတွင် တည်ဆောက်ရေးပစ္စည်းများ၏ အရည်အသွေးစမ်းသပ်နေမှုများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟုမ္မလင်းမြို့နယ် အောင်သာငြိမ်းကျေးရွာရှိ ဟုမ္မလင်းငါးသားပေါက်စခန်းသို့ ရောက်ရှိရာ ဟုမ္မလင်းခရိုင်၊ငါး လုပ်ငန်းဦးစီးဌာနမှူးနှင့် ငါးသားပေါက်စခန်းတာဝန်ခံတို့မှ ငါးသားပေါက်များထုတ်လုပ်သွားမည့် အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြပြီး တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌတို့မှ လုပ်ငန်းများနှင့် ပတ်သက်၍ ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က မြစ်ချောင်းများအတွင်းနှစ်စဉ် ငါးမျိုးစိတ်များ စိုက်ထည့်ခြင်းနှင့် ငါးမွေးမြူရေးလုပ်ငန်း ဆောင်ရွက်သူများ၏ လိုအပ်ချက်များ ပြည့်မီအောင် ထုတ်လုပ်ပေးခြင်းဖြင့် ဒေသခံပြည်သူများအတွက် ငါးစားသုံးမှုဖူလုံအောင် ဆောင်ရွက်ပေးနိုင်မည်ဖြစ်၍ လျာထားချက်ပြည့်မီအောင် ငါးသားပေါက်ထုတ်လုပ်ရန် မှာကြားခဲ့ပြီး ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များ ကိုတာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ ငါးသားပေါက်များထုတ်လုပ်နေမှု၊ ငါးကန်များတူးဖော်ပြီးစီးမှုနှင့် ရုံး၊ ဝန်ထမ်းအိမ်ရာ အဆောက်အဦများ တည်ဆောက်ပြီးစီးမှုတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အဆိုပါ ဟုမ္မလင်းမြို့နယ်၊ အောင်သာငြိမ်းကျေးရွာ ငါးသားပေါက်စခန်းသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ၂ လက်မနှင့်အထက် ငါးသားပေါက်ကောင်ရေ လေးသိန်း မွေးထုတ်သွားမည်ဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


