ရန်ကုန် ၁ မတ် 

 


ရန်ကုန်တက္ကသိုလ်ရှိ Research Centre တွင် Workshop on Development of Strategy for Building Research Capacity အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၈ နာရီခွဲက အမျိုးသားပညာရေး မူဝါဒကော်မရှင်နှင့် ပါမောက္ခချုပ်များ ကော်မတီတို့မှကြီးမှူး၍ ကျင်းပသည်။ 

 


အလုပ်ရုံဆွေးနွေးပွဲတွင် အမျိုးသားပညာရေး မူဝါဒကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာ မျိုးကြွယ်၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်း၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းခိုင်မိုးနှင့် ပါမောက္ခချုပ်များကော်မတီဥက္ကဋ္ဌ ဒေါက်တာဇော်ဝေစိုးတို့က အဖွင့်အမှာစကား ပြောကြားသည်။ 

 


ထို့နောက် သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒေါက်တာ ထင်ဇော်စိုး၊ အခြေခံကျန်းမာရေးတက္ကသိုလ် မကွေးမှ ပါမောက္ခချုပ် ဒေါက်တာ ဖြူဖြူဝင်း၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမို့မို့ထွန်း၊ ဆေးသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာ ကျော်ကျော်ဝင်း၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ်နှင့် Professor of Radfort University,US မှ ဒေါက်တာ မောင်မောင်ဌေးတို့က သုတေသနနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြသည်။

 


ဆက်လက်၍ ပညာရပ်လုပ်ငန်းအဖွဲ့များမှ သက်ဆိုင်ရာဘာသာရပ်အလိုက် ပြည်တွင်းပြည်ပသုတေသန အတွေ့အကြုံများကို ရှင်းလင်းတင်ပြကြသည်။

 


ထို့နောက် တက်ရောက်လာသည့် တက္ကသိုလ်၊ ကောလိပ် (၁၆၁)ကျောင်းမှ ဆရာ၊ ဆရာမများမှ ပညာရပ်အဖွဲ့အလိုက် သုတေသနဆိုင်ရာ အရည်အသွေးမြှင့်တင်ရေး မဟာဗျူဟာချမှတ်နိုင်ရေးအတွက် ပညာရပ်ဆိုင်ရာအုပ်စုအလိုက် ဆွေးနွေးပြီး တင်ပြခဲ့ကြောင်း သတင်းရရှိသည်။ 

 


(သတင်းစဉ်)