ဝါရှင်တန်အိုးပင်းအမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ဇူလိုင် ၂၇ ရက်က ဗြိတိန်တင်းနစ်မယ် အမ်မာရာ ဒူကာနူနှင့် ရုရှားတင်းနစ်မယ် အန်နာကာလင်စကာယာတို့ ယှဉ်ပြိုင်ကစားခဲ့ရာ အမ်မာရာဒူကာနူက ၆-၄၊ ၆-၃ ရလဒ်ဖြင့် ရှုံးနိမ့်ခဲ့သည့်အတွက် နောက်ဆုံးဗိုလ်လုပွဲသို့ တက်လှမ်းခွင့် လွဲချော်ခဲ့သည်။ 

ရာဒူကာနူသည် ဝါရှင်တန်အိုးပင်းပြိုင်ပွဲတစ်လျှောက်  ၃၂ ဦးအဆင့်တွင် ကော့စ်တက်ခ်၊ ၁၆ ဦး အဆင့်တွင် အိုဆာကာ၊ ကွာတားဖိုင်နယ်တွင် ဆက္ကရီတို့ကို အဆင့်ဆင့်ကျော်ဖြတ်နိုင်ခဲ့သော်လည်း ဆီမီးဖိုင်နယ်တွင် ရှုံးနိမ့်ခဲ့သည့်အတွက် နောက်တစ်ဆင့်တက်လှမ်းခွင့် လွဲချော်ခဲ့ခြင်းဖြစ်သည်။

ရာဒူကာနူကို အနိုင်ယူကျော်ဖြတ်ကာ ကာလင်စကာယာသည် ဝါရှင်တန်အိုးပင်း အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲနောက်ဆုံးဗိုလ်လုပွဲတွင် ကနေဒါနာမည်ကြီး တင်းနစ်မယ် လေလာဖာနန်ဒက်စ်နှင့် ယှဉ်ပြိုင်ကစားသွားရမည်ဖြစ်သည်။ ၎င်းသည် ဆီမီးဖိုင်နယ်တွင် ကာဇက်စတန်တင်းနစ်မယ်  အီလန်နာရွိုင် ဘာကီနာကို အကြိတ်အနယ်ကစားပြီး ၆-၇ (၂-၇)၊ ၇-၆ (၇-၃)၊ ၇-၆ (၇-၃) ရလဒ်ဖြင့် နိုင်ပွဲရရှိကာ ဗိုလ်လုပွဲသို့ တက်လှမ်းလာသူဖြစ်သည်။ ဖာနန်ဒက်စ်သည် ရွိုင်ဘာကီနာကို အနိုင်ယူရရှိရန် ၃ နာရီနှင့် ၁၂ မိနစ်ကြာ ယှဉ်ပြိုင်ကစားခဲ့ရကြောင်း သိရသည်။

ကာလင်စကာယာနှင့် ဖာနန်ဒက်စ်တို့၏ ဝါရှင်တန်အိုးပင်း နောက်ဆုံးဗိုလ်လုပွဲကို ဇူလိုင် ၂၈ ရက် တွင် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။

မိုးဇက် - စုစည်းရေးသားသည်