ဟားခါး ၄ မေ

အမျိုးသားယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ကြီးကြပ်မှုကော်မတီ၏ လမ်းညွှန်မှုဖြင့် ဟားခါးမြို့၊ အမှတ်(၁၆) ယာဉ်ထိန်းရဲတပ်ဖွဲ့က ချင်းပြည်နယ်၊ ဟားခါးမြို့အတွင်း မောင်းနှင်သွားလာလျက်ရှိသည့် မော်တော်ယာဉ်များ၊ ဆိုင်ကယ်များနှင့် ခရီးသွားပြည်သူများ ယာဉ်အန္တရာယ် ကင်းဝေးစေရေး၊ လုံခြုံစိတ်ချမှုရရှိစေရေးနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာမှု ရှိစေရေးအတွက် ဗိုလ်ချုပ်လမ်းမကြီးတစ်လျှောက် လမ်းဆုံနေရာများတွင် စောင့်ကြည့်ကင်မရာများနှင့် မှန်ခုံးများ တပ်ဆင်လျက်ရှိကြောင်း သိရသည်။

 

mdn

 

“မော်တော်ဆိုင်ကယ်နဲ့ မော်တော်ယာဉ် အသုံးပြုနေတဲ့သူတွေအတွက် လုံခြုံစိတ်ချရဖို့၊ ယာဉ်မတော်တဆဖြစ်ပြီး ထွက်ပြေးသွားတာတွေ မရှိစေဖို့နဲ့ ခရီးသွားပြည်သူတွေအတွက် လုံခြုံစိတ်ချရဖို့ စောင့်ကြည့်ကင်မရာများနဲ့ မှန်ခုံးတွေကို တပ်ဆင်အသုံးပြုရခြင်း ဖြစ်ပါတယ်။ ဒီနေ့ဆိုရင်ဟားခါးမြို့ ဗိုလ်ချုပ်လမ်းမကြီး တစ်လျှောက်လမ်းဆုံ (၂)နေရာမှာ စောင့်ကြည့်ကင်မရာ တပ်ဆင်ထားရှိပြီး ကျန်တဲ့လမ်းဆုံတွေမှာလည်း ဆက်လက်တပ်ဆင်သွားပါမယ်။ မှန်ခုံးကတော့ လက်ရှိ(၃)နေရာ တပ်ဆင်ထားပြီးပါပြီ”ဟု စောင့်ကြည့်ကင်မရာများ တပ်ဆင်ခြင်းနှင့် ပတ်သက်ပြီး ယာဉ်ထိန်းရဲတပ်ဖွဲ့၊ ဒုတပ်ဖွဲ့ခွဲ ရဲအုပ်ကိုကိုမောင်က ပြောသည်။

“အခုလိုလမ်းဆုံတွေ၊ မျက်ကွယ်တွေနေရာမှာ စောင့်ကြည့်ကင်မရာတွေနဲ့ မှန်ခုံးတွေ တပ်ဆင်ထားတာကို သဘောကျပါတယ်။ ဟားခါးမြို့၊ ဗိုလ်ချုပ်လမ်းမကြီး တစ်လျှောက်မှာ ကားတွေဆိုင်ကယ်တွေ သွားလာတာ များလာပါပြီ။ အကွေ့တွေကလည်း များတယ်။ မျက်ကွယ်တွေလည်း များတယ်။ အဲ့လိုနေရာတွေမှာ မှန်ခုံးတွေ တပ်ဆင်ပေးထားတော့ ယာဉ်စီးရတာပိုပြီး အဆင်ပြေသွားတယ်” ဟု ဟားခါးမြို့ ဈေးသစ်ရပ်ကွက်မှ ဦးမြင့်သူက ပြောပြပါတယ်။

 

mdn

 

ဟားခါးမြို့အတွင်း ခရီးသွားပြည်သူများ ဘေးကင်းလုံခြုံစွာ သွားလာနိုင်ရေး ခရီးသည်ပို့ဆောင်သည့် မော်တော်ယာဉ်များ အန္တရာယ် ကင်းရှင်းစေရေးအတွက် ချင်းပြည်နယ် ယာဉ်စည်းကမ်း လမ်းစည်းကမ်း ကြီးကြပ်မှုကော်မတီမှ ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးလုပ်ငန်းများ၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်လျက်ရှိသကဲ့သို့ မြို့တွင်းမောင်းနှင် သွားလာလျက်ရှိသော မော်တော်ယာဉ်များအား ရောင်ပြန်စတေကာ ကပ်ပေးခြင်း၊ ယာဉ်များစနစ်တကျ မောင်းနှင်ရေး ပညာပေးလုပ်ငန်းများလည်း ဆောင်ရွက်လျက်ရှိကြောင်း ချင်းပြည်နယ် လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေး ကြီးကြပ်ညှိနှိုင်းရေးဌာန ပြည်နယ်ဦးစီးမှူး ဦးစောမြင့်လွင်ထံမှ သိရှိရသည်။

မြင့်နိုင်စိုး(ထီးလှိုင်မြေ)