မကွေး ၂ မတ်
ဆိုင်ကယ်စီးလျှင် ဦးထုပ်ဆောင်းရန်နှင့် ယာဉ်မောင်းလိုင်စင်များပြုလုပ်ကြရန် ၂၀၁၇ ခုနှစ်ကတည်းက ပညာပေးမှုများ အချိန်ကြာမြင့်စွာလုပ်ဆောင်ခဲ့ပြီးနောက်ပိုင်း မကွေးမြို့၌ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီ ၉ ရက်နေ့မှစ၍ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် စည်းကမ်းမလိုက်နာသူများကို စစ်ဆေးအရေးယူမှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း သိရသည်။
၂၀၁၅ ခုနှစ် မော်တော်ယာဉ်ဥပဒေအရ ဒဏ်ငွေကျပ်သုံးသောင်းချမှတ်နိုင်သော ပြစ်မှုများထဲမှ မော်တော်ယာဉ်လိုင်စင်လက်ဝယ်မရှိဘဲ ယာဉ်မောင်းနှင်ခြင်း၊ ဆိုင်ကယ်စီး ဦးထုပ်မဆောင်းခြင်း၊ မေးသိုင်းကြိုးမတပ်ခြင်း၊ ဆိုင်ကယ်နောက်ကြည့်မှန်မပါခြင်း၊ အိတ်ဇောစက်သံ ဆူညံစွာမောင်းနှင်ခြင်းနှင့် ဒဏ်ငွေကျပ်ငါးသောင်းချမှတ်နိုင်သော ပြစ်ဒဏ်များထဲမှ ယာဉ်မောင်းလိုင်စင်မရှိခြင်း၊ လိုင်စင်သက်တမ်းကုန်ဆုံးခြင်း ပြစ်မှုများကို လတ်တလော အရေးယူဆောင်ရွက်လျက်ရှိသည်။
“ စစ်ဆေးလို့ သတ်မှတ်စည်းကမ်းလိုက်နာခြင်းမရှိတာကိုတွေ့ရင် ပထမဆုံးရဲစခန်းကို ပို့ပါတယ်။ စခန်းက တစ်ဆင့် တရားရုံးကိုပို့ပါတယ်။ တရားရုံးမှာ ဒဏ်ငွေဆောင်ပြီးရင်တော့ ထိန်းသိမ်းထားတဲ့ ဆိုင်ကယ်တွေကို ပြန်ပေးပါတယ်။ နတ်မောက်ပွိုင့်၊ ပြည်တော်သာပွိုင့်၊ လမ်းငါးသွယ် နေရာတွေမှာ ပုံမှန်စစ်ဆေးနေပြီးတော့ တစ်ရက်ကို အနည်းဆုံး ဦးရေ (၃၀) လောက် အရေးယူနိုင်ခဲ့ပါတယ်။ တရားရုံးရောက်လို့ လိုင်စင်လုံးလုံးမရှိတာဆိုရင် ဒဏ်ငွေငါးသောင်း၊ လိုင်စင်ရှိပြီး အိမ်မှာ မေ့ကျန်နေခဲ့တာကို ပြနိုင်ရင် ဒဏ်ငွေသုံးသောင်း ဒဏ်ရိုက်ပါတယ် ” ဟု အမှတ်(၁၅)ယာဉ်ထိန်းရဲတပ်ဖွဲ့စု၊ တပ်ဖွဲ့စုမှူး၊ ဒုတိယရဲမှူး ထွန်းလှအောင်က ပြောသည်။
စက်၏သဘောအရ အခြားသူမှလာတိုက်သည်ဖြစ်စေ၊ ကိုယ်တိုင်က အခြားသူကို သွားတိုက်မိ၍ဖြစ်စေ ဒဏ်ရာရ သေဆုံးမှုများဖြစ်ပေါ်က လိုင်စင်လုပ်စဉ်က ဆောင်ထားသော အာမခံ ပရီမီယံ အကျိုးခံစားခွင့်ရရှိမည်ဖြစ်ပြီး လူဦးရေ(၃၀)ခန့် စုစည်းပေးနိုင်ပါက နေထိုင်ရာမြို့နယ်ဒေသအရောက် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန မှ ယာဉ်မောင်းလိုင်စင်များ လုပ်ဆောင်ပေးနေကြောင်း သက်ဆိုင်ရာဌာနများမှ သိရှိရသည်။
ဇေယျတု(မကွေး)


