ရန်ကုန် ၃၀ ဧပြီ
မြန်မာနိုင်ငံလေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ အပြည်ပြည်ဆိုင်ရာ မြို့ပြလေကြောင်းအဖွဲ့ချုပ် (“International Civil Aviation Organization - ICAO”) ၏ အဖွဲ့ဝင်နိုင်ငံများအတွက် သတ်မှတ်ထားသော စံချိန် စံညွှန်းများနှင့် နိုင်ငံတွင်းလိုအပ်ချက်များနှင့်အညီ လေယာဉ်ကွင်းအသိအမှတ်ပြုလက်မှတ် (Aerodrome Certification) ကို ပေးအပ်ရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်လုပ်ငန်းများကို တာဝန်ယူဆောင်ရွက်နေသော Yangon Aerodrome Company Limited (“YACL”) ယနေ့ နံနက်ပိုင်းက အဆိုပါဦးစီးဌာနတွင် လက်ခံရယူခဲ့ကြောင်းသိရသည်။
အဆိုပါအသိအမှတ်ပြုလက်မှတ်သည် မြန်မာနိုင်ငံ၏ အဓိက နိုင်ငံတကာလေကြောင်းဝင်ပေါက်ဖြစ်သော ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်လုပ်ငန်းများကို တာဝန်ယူဆောင်ရွက်နေသော YACL အနေဖြင့် လေဆိပ်လုပ်ငန်းများကို စီမံခန့်ခွဲရာတွင် နိုင်ငံတကာစံချိန်စံညွှန်းများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လုပ်ငန်း ဆောင်ရွက်နေမှု၊ ဘေးကင်းလုံခြုံစိတ်ချရမှုနှင့် လုပ်ငန်းမြန်ဆန်ထိရောက်မှုဆိုင်ရာ လုပ်ငန်းကျွမ်းကျင်မှုများကြောင့် ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
သတင်း-မျိုးမင်းသိန်း(မရမ်းကုန်း)
ဓါတ်ပုံ-မျိုးကြီး


