နေပြည်တော် ဇူလိုင် ၁၁

 

မြန်မာနိုင်ငံတွင် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များ၊ မိုးခေါင်ရေရှားမှုနှင့်ပြင်းထန်သည့် အပူချိန်မြင့်တက်မှုများကို အဓိကရင်ဆိုင်ကြုံတွေ့နေရသည့် မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသများဖြစ်သော စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးတို့သည် မိုးနည်းသည့်ဒေသများဖြစ်ပြီး အပူဒဏ်ကို အများဆုံး ထိတွေ့ခံစားရသည့် ဒေသများဖြစ်သည်။ သို့ဖြစ်ပါ၍ ရာသီဥတု ပြောင်းလဲမှုနှင့် မိုးခေါင်ရေရှားမှုတို့ကို သဘာဝအခြေပြု ဖြေရှင်းနည်းဖြစ်သည့် သစ်တောစိုက်ခင်းများ တည်ထောင်ခြင်း၊ သဘာဝတောများထိန်းသိမ်းခြင်း၊ လေကာတန်းများစိုက်ပျိုးခြင်း၊ ရေရှည်တည်တံ့သော စိုက်ပျိုးနည်းစနစ်များ ကျင့်သုံးခြင်း၊ ရေအရင်းအမြစ်များ စနစ်တကျစီမံခြင်းစသည့် နည်းလမ်းများဖြင့် ဖြေရှင်းဆောင်ရွက်သွားကြရမည် ဖြစ်သည်။

 

ထိုသို့ဆောင်ရွက်သည့်အနေဖြင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အပူပိုင်းဒေသ (၁၃) ခရိုင်အတွင်းရှိ မြို့နယ် (၂၉) မြို့နယ်၌ ၂၀၂၅ ခုနှစ် မိုးရာသီ လူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲတော်များကို ယနေ့ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့ရှိ သတ်မှတ်နေရာများ အသီးသီး၌ တစ်ချိန်တည်း တစ်ပြိုင်တည်း ကျင်းပ =ပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် လိန်တောကြိုးပြင်ကာကွယ်တောနေရာ၌ ကျင်းပပြုလုပ်သည့် သစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်၍ တမာပျိုးပင်ကို ဦးဆောင်စိုက်ပျိုးပေးသည်။

 

အဆိုပါ မိတ္ထီလာခရိုင် လိန်တောကြိုးပြင်ကာကွယ်တောနေရာ၌ ပြုလုပ်သည့် သစ်ပင်စိုက်ပျိုး ပွဲတော်သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး ညိုစော၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမင်းနောင်၊ ဦးလှမိုး၊ ဦးခင်မောင်ရီ၊ ဒေါက်တာ ညွန့်ဖေ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ မိတ္ထီလာခရိုင် အတွင်းရှိ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အပူပိုင်းဒေသ (၁၃) ခရိုင် အတွင်း ၂၀၂၅ ခုနှစ် မိုးရာသီလူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲတော်များ ကျင်းပရခြင်းနှင့် ပတ်သက်၍ အမှာစကားပြောကြားရာတွင် ယခုကဲ့သို့ အညာဒေသ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး သစ်ပင်စိုက်ပျိုးပွဲကိုနိုင်ငံတော်အဆင့် ဆောင်ရွက်သည်မှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း၊ ယခုကဲ့သို့ သစ်ပင်စိုက်ပျိုးခြင်းသည် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးအတွက် ကောင်းမွန်သည့် ဆောင်ရွက်ချက်ပင်ဖြစ်ပြီး ပတ်ဝန်းကျင်ကောင်းအောင် ဆောင်ရွက်ပေးခြင်းပင်ဖြစ်ကြောင်း၊ အထူးသဖြင့် မိတ္ထီလာဒေသ အပါအဝင် အညာဒေသ (၁၃) ခရိုင်သည် ပူပြင်းသည့် ရာသီဥတုရှိသည့် ဒေသများဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း ရာသီဥတုပူပြင်းသည့် ဒဏ်ကိုခံစားကြရကြောင်း၊ ၂၀၂၄ ခုနှစ်တွင် ပုဂံ၊ ချောက်၊ ရေနံချောင်း၊ မင်းဘူးစသည့် ဒေသများသည် ကမ္ဘာတွင်အပူဆုံးဒေသအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း။

 

မိမိကိုယ်တိုင် ချောက်ဒေသသို့သွားရောက်စဉ်ကလည်း ရာသီဥတုပူပြင်းမှုကို ခံစားခဲ့ရကြောင်း၊ ရာသီဥတုပူပြင်းချိန်တွင် လူများ၏ နေထိုင်မှုဒုက္ခရောက်ကြရကြောင်း၊ ထို့ကြောင့် ရာသီဥတုပူပြင်း မှုကို တစ်ဖက်တစ်လမ်းမှ လျှော့ချနိုင်ရန်အတွက် သစ်ပင်စိုက်ပျိုးခြင်းသည် နည်းလမ်းတစ်ခုအနေဖြင့် ဖြေရှင်းဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း၊ ကမ္ဘာကြီးတွင် ရာသီဥတုများ ဖောက်ပြန်ပြောင်းလဲနေပြီး သဘာဝဘေးအန္တရာယ်မျိုးစုံကို ကြုံတွေ့နေရကြောင်း၊ သဘာဝဘေးအန္တရာယ်ဆိုသည်မှာ တားဆီး၍ မရသော်လည်း လူများ၏ ကြိုတင်ကာကွယ်ဖန်တီးမှုများဖြင့် သက်သာလျော့ပါးအောင် ဆောင်ရွက်၍ရကြောင်း၊ ယခုမိမိတို့ သစ်ပင်စိုက်ပျိုးခြင်းကြောင့် အပူချိန်မှာ ချက်ချင်းလက်ငင်းလျော့ပါး သွားမည်မဟုတ်လည်း သစ်ရိပ်ဝါးရိပ်များ၏ အရိပ် အာဝါသရှိမည်ဆိုပါက အပူဒဏ်ကို တတ်နိုင်သမျှ လျော့ပါးစေမည်ဖြစ်ကြောင်း၊ စိမ်းလန်းစိုပြည်သည့် မြင်ကွင်းများကို မြင်တွေ့ရခြင်းဖြင့် မျက်စိပသာဒကို ဖြစ်ပေါ်စေပြီး လူများ၏ စိတ်နှလုံးကိုလည်း အေးမြစေသည့် အကျိုးကျေးဇူးကို ရရှိစေကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် နိုင်ငံတော်တာဝန် ထမ်းဆောင်ချိန်မှစ၍ နိုင်ငံတစ်ဝန်းသစ်ပင်စိုက်ပျိုးပွဲတော်များကို စဉ်ဆက်မပြတ်ဆောင်ရွက်ပြီး သစ်ပင်များ စိုက်ပျိုးလျက်ရှိသကဲ့သို့ တပ်မတော်အနေဖြင့်လည်း စဉ်ဆက်မပြတ် စိုက်ပျိုးဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်ခြင်းသည် နိုင်ငံအတွက် အကျိုးရှိသည့် လုပ်ငန်းတစ်ရပ်ပင်ဖြစ်ကြောင်း။

 

ယနေ့တွင် အပူပိုင်းဒေသ (၁၃) ခရိုင်၌ ပျိုးပင်ပေါင်း ၃၄၉၅၀ အား စိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ ယခု နေရာများသည် ယခင်တည်းက စိုက်ပျိုးခဲ့သည့်နေရာများဖြစ်ကြောင်း၊ သို့သော်ရှင်သန်မှုများ အားနည်းခြင်း၊ ဒေသလိုအပ်ချက်အရ သစ်ပင်များ တရားမဝင် ခုတ်ထွင်ခြင်းများကြောင့် ထိုက်သင့်သလောက် အကျိုးမရရှိခဲ့ကြောင်း၊ ယခုကဲ့သို့ သစ်ပင်စိုက်ပျိုးပွဲများ ကျင်းပခြင်းကြောင့် အချိန်၊ လူအင်အားနှင့် ငွေကြေးကုန်ကျမှုများရှိကြောင်း၊ ထို့ကြောင့် မိမိတို့ စိုက်ပျိုးသည့်အပင်များ “တစ်ပင်စိုက်၊ တစ်ပင်ရှင် ဖြစ်အောင် စနစ်တကျ စိုက်ပျိုးထိန်းသိမ်းသွားကြရန်လိုကြောင်း၊ မိမိတို့စိုက်ပျိုးသည့် အပင်များအားလုံးရှင်သန်စေရန်အတွက် တာဝန်ရှိသူများက စနစ်တကျ ဆက်လက်ထိန်းသိမ်းခြင်းလုပ်ငန်းများကို စေတနာထား၍ ဆောင်ရွက်သွားကြရန်လိုကြောင်း။

 

မိမိတို့နိုင်ငံတွင် သစ်တောဖုံးလွှမ်းမှုများ ကျဆင်းလာကြောင်း၊ ယခုအခါ ၄၂ ဒသမ ၁၉ ရာခိုင်နှုန်းခန့်သာ ကျန်ရှိတော့ကြောင်း၊ တစ်နိုင်ငံလုံး သစ်တောဖုံးလွှမ်းမှု ဧရိယာ ၅၀ ရာခိုင်နှုန်း ပြန်လည်ရရှိစေရေး သစ်ပင်စိုက်ပျိုးမှုများကို ကျင်းပပြုလုပ်၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါသစ်ပင်စိုက်ပျိုး ခြင်း၏ အကျိုးကျေးဇူးများကို လက်ငင်းခံစား၍ မရနိုင်သော်လည်း နောင်ခုနစ်နှစ် ရှစ်နှစ်ခန့်တွင် ခံစားရမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့်လည်း ယခင်က စိုက်ပျိုးထိန်းသိမ်းခဲ့မှုများကြောင့် သစ်ကြီး ဝါးကြီးများ၏ အရိပ်အာဝါသကို ခံစားရခြင်းဖြစ်ကြောင်း၊ မိမိတို့၏ လာမည့် သားစဉ်မြေးဆက်ကိုလည်း ထိုသို့ခံစားရစေလိုသည့်စိတ်ဖြင့် ဆောင်ရွက်သွားကြရန်လိုကြောင်း။

 

သစ်တောသစ်ပင်များ ထိန်းသိမ်းဆောင်ရွက်ခြင်းသည် ကောင်းမွန်သည့် ဆောင်ရွက်ချက်ပင်ဖြစ် ကြောင်း၊ လမ်းဘေးဝဲယာတွင်လည်း သစ်ပင်များ စိုက်ပျိုးရန်လိုပြီး ခရီးသွားပြည်သူများအနေဖြင့် သစ်ပင်များ စိမ်းစိုနေမှုကိုကြည့်၍ မျက်စိပသာဒကို ရရှိပြီး စိတ်ချမ်းသာမှုကို ရရှိနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပတ်ဝန်းကျင်ကို စိမ်းလန်းစိုပြည်အောင် ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ ယနေ့သစ်ပင် စိုက်ပျိုးမှုများ ဆောင်ရွက်ခြင်းသည် နောင်လာနောက်သားများအတွက် ကောင်းမွန်သည့် ပတ်ဝန်းကျင်ခံစားနိုင်ရန်အတွက် အမွေခံကောင်းကို ဆောင်ရွက်ပေးခြင်းပင်ဖြစ်ကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့ အချိန်နှင့် ငွေကြေးအင်အား၊ လူအင်အားများကို အသုံးပြု၍ဆောင်ရွက်ချိန်တွင် နိုင်ငံအတွက် အကျိုးရှိအောင် ဆောင်ရွက်ခြင်းအားဖြင့် ကုသိုလ်ကောင်းမှုများဖြစ်အောင် ဆောင်ရွက်ပေးကြစေလိုကြောင်း၊ ယနေ့ကဲ့သို့ နိုင်ငံတော်အဆင့် သစ်ပင်စိုက်ပျိုးပွဲ ဆောင်ရွက်သကဲ့သို့ ဆက်လက်၍လည်း တိုင်းဒေသကြီးအလိုက်၊ ပြည်နယ်အလိုက်၊ ရပ်ကွက် ကျေးရွာများအလိုက် တစ်အိမ်လျှင်တစ်ပင် စိုက်မည်ဆိုပါက သစ်ပင်များ ရှင်သန်ဖြစ်ထွန်းပြီး သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးအတွက် များစွာအထောက်အကူပြုစေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ယနေ့ ပြုလုပ်သည့်အခမ်းအနားသည် မင်္ဂလာရှိသည့် အခမ်းအနားဖြစ်ပြီး အများကောင်းကျိုးအတွက် ဆောင်ရွက်ကြသူများဖြစ်သဖြင့် တူညီသောအကျိုးကို ခံစားကြရပါစေကြောင်း ဆုမွန်ကောင်းတောင်းပါကြောင်း ပြောကြားသည်။

 

တမာပျိုးပင်အား ဦးဆောင်စိုက်ပျိုး

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က တမာပျိုးပင်အား သတ်မှတ်နေရာတွင် ဦးဆောင် စိုက်ပျိုးပေးသည်။

ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး ညိုစော၊ ပြည်ထောင်စု ဝန်ကြီးများနှင့် ကာကွယ်ရေးဦးစီးချုပ် ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ မိတ္ထီလာခရိုင်အတွင်းရှိ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်ရှိသူများသည် ပျိုးပင်များကို တစ်ပြိုင်တည်း စိုက်ပျိုးပေးကြသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ၂၀၂၅ ခုနှစ် မိုးရာသီလူထုလှုပ်ရှားမှုအသွင်ဖြင့် ပြုလုပ်သည့် သစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်လာကြသူများက ပျိုးပင်များအား တပျော်တပါး စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။

 

ယနေ့ မိတ္ထီလာခရိုင် လိန်တောကြိုးပြင်ကာကွယ် တောနေရာ၌ပြုလုပ်သည့် ၂၀၂၅ ခုနှစ် မိုးရာသီ လူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲတော်တွင် တမာ၊ စိန်ပန်း၊ ကုက္ကို၊ မယ်ဇယ်၊ ဒဟတ်၊ ရင်းမာ စသည့် သစ်မျိုး ခြောက်မျိုး၊ ပျိုးပင်ပေါင်း ၃၂၀၀ ကို လူထုလှုပ်ရှားမှုအသွင်ဖြင့် စိုက်ပျိုးခဲ့သည်။

 

ယနေ့တွင် အပူပိုင်းဒေသ (၁၃) ခရိုင်၊ မြို့နယ် (၂၉) မြို့နယ်အတွင်း ၂၀၂၅ ခုနှစ် မိုးရာသီလူထုလှုပ်ရှားမှု အသွင်ဖြင့် စုစုပေါင်းသစ်ပင် ၃၄၉၅၀ ကို စုပေါင်း စိုက်ပျိုးပေးနိုင်ခဲ့

 

အလားတူ ကျန်ရှိသည့် အပူပိုင်းဒေသ(၁၃)ခရိုင် အတွင်းရှိ မြို့နယ်များ၌လည်း ၂၀၂၅ ခုနှစ် မိုးရာသီလူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲတော်များ ကျင်းပပြုလုပ်၍ ရတနာတန်းဝင်ပင်၊ စက်မှုကုန်ကြမ်းသီးနှံပင်၊ နှစ်ရှည်စားသုံးသီးနှံပင်၊ အရိပ်ရလေကာပင်များကို စုပေါင်းစိုက်ပျိုးကြရာတွင် စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းခရိုင် စစ်ကိုင်းမြို့နယ် စစ်ကိုင်းပညာရေးတက္ကသိုလ်၌ ပင် ၇၅၀၊ မြင်းမူမြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ပင် ၆၀၀၊ မုံရွာခရိုင် မုံရွာမြို့နယ် မြို့သစ်ရပ်ကွက် အားသစ်လမ်းနေရာ၌ ပင် ၁၀၅၀၊ ရွှေဘို ခရိုင် ရွှေဘိုမြို့နယ် ရွှေဘိုတက္ကသိုလ်၌ ပင် ၃၀၀၀၊ ယင်းမာပင်ခရိုင် ယင်းမာပင်မြို့နယ် ကွန်ပျူတာတက္ကသိုလ်၌ ပင် ၆၀၀ တို့ကိုလည်းကောင်း။

 

မကွေးတိုင်းဒေသကြီး မကွေးခရိုင် မကွေး-ကံပြားသွားလမ်းဘေးနေရာ၌ ပင် ၂၇၀၀၊ ရေနံချောင်း မြို့နယ် မကွေး-ရေနံချောင်းလမ်းမိုင်တိုင် (၃၅၇/၅) အထူးစိမ်းလန်းစိုပြည်ရေးဇုန်၌ ပင် ၄၀၀၀၊ ချောက်မြို့နယ် ဂွေးချို-ချောက်လမ်းဘေး၊ ဆင်ကကြိုးပြင် ကာကွယ်တောနေရာ၌ ပင် ၄၀၀၀၊ မြို့သစ်မြို့နယ် မကွေး-ကံပြားလမ်း မိုင်တိုင် (၃၆/၅) နေရာ၌ ပင် ၆၀၀၊ တောင်တွင်းကြီးမြို့နယ် ဆတ်သွား-ဆင်ပေါင်ဝဲ ခရိုင်ချင်းဆက်လမ်းဘေး၌ ပင် ၆၀၀၊ မင်းဘူးခရိုင် မင်းဘူးမြို့နယ် လေးပင်အိုင်မကြိုးပြင်ကာကွယ်တောအတွင်း၌ ပင် ၁၀၅၀၊ ပွင့်ဖြူမြို့နယ် ကျောင်းတော် ရာကျေးရွာပိုင်မြေနေရာ၌ ပင် ၃၀၀၊ ငဖဲမြို့နယ် အခြေခံပညာအထက်တန်းကျောင်းခွဲ (မင်းလွင်) ၌ ပင် ၃၀၀၊ စလင်းမြို့နယ် တည်ဘိုကန်ကြိုးပြင် ကာကွယ်တော၌ ပင် ၃၀၀၊ ပခုက္ကူခရိုင် ပခုက္ကူမြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ပင် ၆၀၀ ၊ ဆိပ်ဖြူမြို့နယ် ရွှေဟင်္သာဘုရားသွားလမ်းဘေး၌ ပင် ၃၀၀၊ သရက်ခရိုင် မင်းလှမြို့နယ် သရက်-မင်းလှ မိုင်တိုင် (၄၄/၃) နေရာ၌ ပင် ၆၀၀ ၊ အောင်လံမြို့နယ် ဘွက်ကြီးရေပေါ်ကြိုးဝိုင်းအကွက်အမှတ် (၆၁) ၌ ပင် ၉၀၀ ၊ ဆင်ပေါင်ဝဲမြို့နယ် အောင်လံ-တောင်တွင်းကြီး မိုင်တိုင် (၂၅၅/၂) တောပုန်းကြိုးပြင်ကာကွယ်တော၌ ပင် ၆၀၀ ၊ ကံမမြို့နယ်၊ ပုသိမ်- မုံရွာ လမ်းဘေး မိုင်တိုင် (၁၅၁/၂ နှင့် ၁၅၁/၃) အကြားစီကျေးရွာနေရာ၌ ပင် ၆၀၀ တို့ကိုလည်း ကောင်း။

 

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ် အစိုးရနည်းပညာအထက် တန်းကျောင်း၌ ပင် ၁၂၀၀ ၊ စဉ့်ကိုင်မြို့နယ် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဆရာအတတ် သင်ကောလိပ် (ဘယ်လင်း) ၌ ပင် ၆၀၀ ၊ မြင်းခြံခရိုင် မြင်းခြံမြို့နယ် အမှတ် (၃) အခြေခံပညာအထက်တန်း ကျောင်း၌ ပင် ၆၀၀ ၊ ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်၌ ပင် ၃၀၀၀ ၊ ကျောက်ပန်းတောင်းမြို့နယ် ကျောက်ပန်းတောင်း - ညောင်ဦးကားလမ်း မိုင်တိုင် အမှတ် (၄/၀) ၌ ပင် ၆၀၀၊ မိတ္ထီလာခရိုင် သာစည် မြို့နယ် မိတ္ထီလာ-တောင်ကြီးလမ်း မိုင်တိုင် (၁၈/၀) ၌ ပင် ၆၀၀ ၊ ရမည်းသင်းခရိုင် ပျော်ဘွယ်မြို့နယ် ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင် (၃၁၄/၀) အနီး၌ ပင် ၁၂၀၀ ၊ ရမည်းသင်းမြို့နယ် ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင် (၂၈၀/၀) အနီး၌ ပင် ၅၀၀ တို့ကိုလည်းကောင်း သက်ဆိုင်ရာတိုင်းဒေသကြီး ဝန်ကြီးချုပ်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက စုပေါင်းစိုက်ပျိုးခဲ့ကြပြီး ယနေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ကိုယ်တိုင် တက်ရောက်စိုက်ပျိုးပေးသည့် မိတ္ထီလာခရိုင် လိန်တောကြိုးပြင်ကာကွယ်တောနေရာ၌ ကျင်းပပြုလုပ်သည့် သစ်ပင်စိုက်ပျိုးပွဲတော်အပါအဝင် အပူပိုင်းဒေသ (၁၃) ခရိုင်၊ မြို့နယ် (၂၉) မြို့နယ်အတွင်း ၂၀၂၅ ခုနှစ် မိုးရာသီလူထုလှုပ်ရှားမှုအသွင်ဖြင့် စုစုပေါင်းသစ်ပင် ၃၄၉၅၀ကို စုပေါင်းစိုက်ပျိုးပေးနိုင်ခဲ့သည်။

 

မိတ္ထီလာစီးပွားရေးတက္ကသိုလ်

 

သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် အဖွဲ့ဝင်များလိုက်ပါ၍ မိတ္ထီလာစီးပွားရေးတက္ကသိုလ်သို့ ရောက်ရှိကြရာ တက္ကသိုလ်ပါမောက္ခချုပ်က မန္တလေးငလျင်ကြီးဖြစ်ပေါ်ခဲ့စဉ် တက္ကသိုလ်ခြံစည်းရိုးအုတ်တံတိုင်းများ ပြိုကျပျက်စီးခဲ့မှု၊ ပင်မစာသင်ဆောင်ကြီးနှင့် တက္ကသိုလ်စာကြည့်တိုက်တို့တွင် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

 

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရမှုများအား ပြန်လည်ပြုပြင်နိုင်ရေး ခွင့်ပြုဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း၊ တက္ကသိုလ်အဝင်လမ်း တစ်လျှောက်လမ်းအင်္ဂါရပ်နှင့် ပြည့်စုံမှုရှိစေရေး ဆောင်ရွက်ပေးသွားရန်၊ သန့်ရှင်းသာယာလှပမှုရှိစေရေးနှင့် မျက်စိပသာဒဖြစ်စေရေးအတွက် သစ်ပင်သစ်ကိုင်းများအား အောက်ခြေရှင်းခြင်း၊ အလင်းဖွင့်ခြင်းများကို ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ တက္ကသိုလ်အနေဖြင့် ဒေသ၏အကျိုးစီးပွားဖော်ဆောင်နိုင်ရေး လိုအပ်သည့်သုတေသနလုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ်ဆောင်ရွက်ပေးသွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားပြီး တက္ကသိုလ်အတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်