ဩဂုတ် ၄

ယုဂန္ဓာနိုင်ငံအလယ်ပိုင်း ဗစ်တိုးရီးယားရေကန်အတွင်း လှေတိမ်းမှောက်မှုကြောင့် လူ ၂၀ ထက်မနည်း သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ဩဂုတ် ၂ ရက်ကပြောကြားသည်။

အဆိုပါလှေပေါ်တွင် လူ ၃၄ ဦး တရားမဝင်တင်ဆောင်လာခြင်းဖြစ်ကြောင်းနှင့် မနက် ၅ နာရီတွင် လှေတိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း ကမ်ပါလာရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ပတ်ရစ်အွန်ရန်ဂိုက ပြောကြားသည်။

ထိုလှေသည် မီးသွေး၊ လတ်ဆတ်မှုရှိသောအစားအစာများနှင့်ငွေရောင်ငါးများကိုတင်ဆောင်ထားပြီး ကာလန်ဂါလာခရိုင် အလယ်ပိုင်းရှိကျွန်းများမှဝါကီဆိုခရိုင်သို့ ရွက်လွှင့်လာခြင်းဖြစ်ကြောင်း ၎င်းကထပ်လောင်းပြောသည်။

ရာသီဉတုဆိုးရွားခြင်းနှင့် ဝန်ပိုတင်ဆောင်ခြင်းတို့သည် မတော်တဆမှုဖြစ်ပွားရသည့်အကြောင်းရင်းဖြစ်သည်။ ကယ်ဆယ်ရေးအဖွဲ့များက ယင်းရေပြင်တွင် ပျောက်ဆုံးနေသူများအား ကြိုးစားရှာဖွေနေကြသည်ဟု သိရသည်။

လွန်ခဲ့သောလက ဗစ်တိုးရီးယားရေကန်အတွင်း လှေတိမ်းမှောက်မှုနှစ်ကြိမ်ဖြစ်ပွားခဲ့ရာ လူခြောက်ဦးထက်မနည်း သေဆုံးခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို