မိုင်းဖြတ် ၊ သြဂုတ် ၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၌ ဒေသတွင်း စားသုံးဆီဖူလုံစေရန်နှင့် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရေးအတွက် အသိပညာပေးဟောပြောပွဲကို သြဂုတ် ၅ ရက်က ဝမ်နောင်ကျေးရွာ ခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးထွန်းရွှေက မြို့နယ်အတွင်း စားသုံးဆီ ဖူလုံရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးရာတွင် လိုအပ်သော မျိုးစေ့နှင့် မြေယာပြုပြင်ခြင်းလုပ်ငန်းများ ကူညီဆောင်ရွက်ပေးမည့် အစီအစဉ်များ၊ ထွက်ရှိလာမည့် နေကြာသီးနှံများအား ပြန်လည်ဝယ်ယူမည့် အစီအစဉ်များကို ဆွေးနွေးပြောကြားသည်။
ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက မြို့နယ်ဦးစီးမှူး ဦးသန်းထွဋ်လွင်က ဆီထွက်သီးနှံ မျိုးကောင်းမျိုးသန့်များရရှိရေး ဆောင်ရွက်ပေးမည့် အစီအစဉ်များ၊ စိုက်ပျိုးနည်းစနစ်များ၊ ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးခြင်းဖြင့် ရရှိမည့်အကျိုးအမြတ်များကို ပညာပေး ဆွေးနွေး ပြောကြားခဲ့သည်။
မိုင်းဖြတ်မြို့နယ်တွင် ယခုနှစ်၌ မိုးနေကြာစိုက်ပျိုးလျာထားချက် (၅)ဧကလျာထားသော်လည်း နမ့်ကုန်းကျေးရွာအုပ်စု၊ နမ့်လောက်ကျေးရွာအုပ်စု၊ ဝမ်လုံးကျေးရွာအုပ်စု၊ မိုင်းဖြတ်အုပ်စု၊ တောညုအုပ်စုတို့ရှိ တောင်သူ(၁၁)ဦးဖြင့် (၂၇)ဧကအထိ စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက သိရသည်။
သန်းထွန်းအေး