မိုင်းဖြတ်မြို့နယ်၌  ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးနိုင်​ရေး  အသိပညာ​ပေးဆွေး​နွေး

မိုင်းဖြတ် ၊ သြဂုတ် ၆

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၌ ​​ဒေသတွင်း စားသုံးဆီဖူလုံ​စေရန်နှင့် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရေးအတွက် အသိပညာပေး​ဟော​​ပြောပွဲကို သြဂုတ် ၅ ရက်​က ဝမ်​နောင်​ကျေးရွာ ခန်းမ​ဆောင်၌ ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။

 

​အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးထွန်းရွှေက မြို့နယ်အတွင်း စားသုံးဆီ ဖူလုံရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်​ရေး၊ စိုက်ပျိုးရာတွင် လိုအပ်သော မျိုးစေ့နှင့် မြေယာပြုပြင်ခြင်းလုပ်ငန်းများ ကူညီဆောင်ရွက်ပေးမည့် အစီအစဉ်များ၊ ထွက်ရှိလာမည့် ​နေကြာသီးနှံများအား ပြန်လည်ဝယ်ယူမည့် အစီအစဉ်များကို ဆွေးနွေးပြောကြားသည်။

 

ထို့​နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက မြို့နယ်ဦးစီးမှူး ဦးသန်းထွဋ်လွင်က ဆီထွက်သီးနှံ မျိုးကောင်းမျိုးသန့်များရရှိရေး ဆောင်ရွက်ပေးမည့် အစီအစဉ်များ၊ စိုက်ပျိုးနည်းစနစ်များ၊ ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးခြင်းဖြင့် ရရှိမည့်အကျိုးအမြတ်များကို ပညာပေး ဆွေးနွေး ပြောကြားခဲ့သည်။

 

မိုင်းဖြတ်မြို့နယ်တွင် ယခုနှစ်၌ မိုးနေကြာစိုက်ပျိုးလျာထားချက် (၅)ဧကလျာထားသော်လည်း နမ့်ကုန်းကျေးရွာအုပ်စု၊ နမ့်လောက်ကျေးရွာအုပ်စု၊ ဝမ်လုံးကျေးရွာအုပ်စု၊ မိုင်းဖြတ်အုပ်စု၊ တောညုအုပ်စုတို့ရှိ တောင်သူ(၁၁)ဦးဖြင့် (၂၇)ဧကအထိ စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုး​ရေးဦးစီးဌာနက သိရသည်။

သန်းထွန်း​အေး