ရန်ကုန် မေ ၃၁
အားကစားရေးရာဝန်ကြီးဌာနက ကြီးမှူးပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကို ယနေ့မွန်းလွဲ ၃ နာရီမှစတင်၍ ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ် ပဒုမ္မာအားကစားကွင်းနှင့် တောင်ဥက္ကလာပမြို့နယ် ပဒေသာအားကစားကွင်းတို့၌ ကျင်းပသည်။
ယနေ့ ဆီမီးဖိုင်နယ်ပွဲစဉ်များအဖြစ် ပဒုမ္မာအားကစားကွင်း၌ ကရင်ပြည်နယ်အသင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားရာ ကရင်ပြည်နယ်အသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းကို လေးဂိုး-နှစ်ဂိုးဖြင့်လည်းကောင်း၊ ပဒေသာအားကစားကွင်း၌ ရှမ်းပြည်နယ် အသင်းနှင့် ကချင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားရာ ရှမ်းပြည်နယ်အသင်းက ကချင်ပြည်နယ်အသင်းကို လေးဂိုး-တစ်ဂိုးဖြင့်လည်းကောင်း အနိုင်ရရှိသည်။
၂၀၂၆ ခုနှစ် ဇွန် ၁ ရက်တွင် ပြိုင်ပွဲတစ်ရက်နားမည်ဖြစ်ပြီး ဇွန် ၂ ရက် မွန်းလွဲ ၃ နာရီတွင် အမျိုးသားဘောလုံးပြိုင်ပွဲ တတိယလုပွဲ ပွဲစဉ်ကို သင်္ဃန်းကျွန်းမြို့နယ် လူငယ်အားကစားလေ့ကျင့်ရေးစခန်း သုဝဏ္ဏဘောလုံးလေ့ကျင့်ရေးကွင်း(၁) (စက်ဘီးကွင်း)၌ ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် ကချင်ပြည်နယ်အသင်း၊ ဗိုလ်လုပွဲ ပွဲစဉ်ကို ညနေ ၄ နာရီတွင် လူငယ်အားကစားလေ့ကျင့်ရေးစခန်း သုဝဏ္ဏဘောလုံးကွင်း၌ ကရင်ပြည်နယ်အသင်းနှင့် ရှမ်းပြည်နယ်အသင်းတို့ ဆက်လက်ယှဉ်ပြိုင်သွားကြမည်ဖြစ်ရာ ဘောလုံးအားကစားဝါသနာရှင် မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။
သတင်းစဉ်


