နေပြည်တော် ၅ ဇွန်
၂၀၁၉ - ခုနှစ်၊ မတ်လအတွင်းက ကျင်းပစစ်ဆေးခဲ့သော တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းများကို ဇွန်- ၈ ရက် စနေနေ့ နံနက် ၆ နာရီတွင် ထုတ်ပြန်ကြေညာမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ သိရသည်။
အဆိုပါအောင်စာရင်းများကို သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ သက်ဆိုင်ရာ စာစစ်ဌာနကျောင်းများတွင် တစ်ချိန်တည်းကပ်ထားမည်ဖြစ်သည်။ ထို့အပြင် အင်းစိန်မြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ရန်ကင်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ စမ်းချောင်းမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ လမ်းမတော်မြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ဒဂုံမြို့နယ်အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းနှင့် သင်္ကန်းကျွန်းမြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတို့တွင် လည်းတိုင်းဒေသကြီး/ ပြည်နယ်များ၏ အောင်စာရင်းများကို ကပ်ထားပေးမည်ဖြစ်သည်။
တိုင်းဒေသကြီး/ပြည်နယ်အလိုက် အောင်စာရင်းများအား သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်ပညာရေးမှူးရုံးများတွင်လည်းကောင်း၊ ခရိုင် အလိုက်သိရှိလိုပါက သက်ဆိုင်ရာ ခရိုင်ပညာရေးမှူးရုံးများတွင် လည်းကောင်း၊ မြို့နယ်အလိုက် သိရှိလိုပါက သက်ဆိုင်ရာမြို့နယ်ပညာရေးမှူးရုံးများတွင် လည်းကောင်း ဇွန်-၈ ရက် နံနက် (၆)နာရီ နောက်ပိုင်းတွင် စုံစမ်းမေးမြန်းနိုင်သည်။
အောင်စာရင်းထုတ်ပြန်မည့် ဇွန်-၈ ရက် နံနက် (၆) နာရီတွင် ပညာရေးဝန်ကြီးဌာန Website ဖြစ်သော www.moe.gov.mm နှင့် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန Website ဖြစ်သော www.myanmarexam.org တွင်ဝင်ရောက်ကြည့်ရှုနိုင်ရန် စီစဉ်ထားမည်ဖြစ်ကြောင်းသိရသည်။
(သတင်းစဉ်)