ဇွန်- ၈ ရက် စနေနေ့ တွင် ၂၀၁၉-  ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်မည်

နေပြည်တော် ၅  ဇွန်

၂၀၁၉ -  ခုနှစ်၊ မတ်လအတွင်းက ကျင်းပစစ်ဆေးခဲ့သော တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းများကို    ဇွန်- ၈ ရက်  စနေနေ့ နံနက် ၆ နာရီတွင် ထုတ်ပြန်ကြေညာမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ သိရသည်။

အဆိုပါအောင်စာရင်းများကို သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ သက်ဆိုင်ရာ စာစစ်ဌာနကျောင်းများတွင်  တစ်ချိန်တည်းကပ်ထားမည်ဖြစ်သည်။ ထို့အပြင် အင်းစိန်မြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ရန်ကင်းမြို့နယ်  အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ စမ်းချောင်းမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ လမ်းမတော်မြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ဒဂုံမြို့နယ်အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းနှင့် သင်္ကန်းကျွန်းမြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတို့တွင် လည်းတိုင်းဒေသကြီး/ ပြည်နယ်များ၏ အောင်စာရင်းများကို ကပ်ထားပေးမည်ဖြစ်သည်။

တိုင်းဒေသကြီး/ပြည်နယ်အလိုက် အောင်စာရင်းများအား သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်ပညာရေးမှူးရုံးများတွင်လည်းကောင်း၊ ခရိုင် အလိုက်သိရှိလိုပါက သက်ဆိုင်ရာ ခရိုင်ပညာရေးမှူးရုံးများတွင် လည်းကောင်း၊ မြို့နယ်အလိုက်  သိရှိလိုပါက သက်ဆိုင်ရာမြို့နယ်ပညာရေးမှူးရုံးများတွင် လည်းကောင်း  ဇွန်-၈ ရက် နံနက် (၆)နာရီ နောက်ပိုင်းတွင် စုံစမ်းမေးမြန်းနိုင်သည်။

အောင်စာရင်းထုတ်ပြန်မည့်    ဇွန်-၈  ရက် နံနက်  (၆) နာရီတွင် ပညာရေးဝန်ကြီးဌာန Website ဖြစ်သော www.moe.gov.mm နှင့် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန Website  ဖြစ်သော www.myanmarexam.org တွင်ဝင်ရောက်ကြည့်ရှုနိုင်ရန် စီစဉ်ထားမည်ဖြစ်ကြောင်းသိရသည်။

(သတင်းစဉ်)