ဟုမ္မလင်း ၁ဝ ဇန်နဝါ ရီ
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းသို့ ဖြတ်သန်းစီးဆင်းလျက်ရှိသော ချင်းတွင်းမြစ်ပေါ်တွင် တည်ဆောက် ပြီးစီးသော ချင်းတွင်းမြစ်ကူးတံတား (ဟုမ္မလင်း)အား ဇန်နဝါရီ ၁၄ ရက်တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း အဆိုပါ တံတားကို တာဝန်ယူတည်ဆောက်ခဲ့သော ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားအထူးအဖွဲ့(၂)မှ လက်ထောက် ညွှန်ကြားရေးမှူး (မြို့ပြ) ဦးဇေယျာစိုး၏ ပြောကြားချက်အရ သိရသည်။
![5](https://mdn.gov.mm/sites/default/files/inline-images/image-0-02-08-ea9875622b6cb706a6b10fde1692922ccf641fb34621ac37b9222d5583fc33d8-V-2-picsay.jpg)
ချင်းတွင်းမြစ်ကူးတံတား (ဟုမ္မလင်း)သည် ဟုမ္မလင်းမြို့နယ်တမူး-အောင်ဇေယျ-ကက်သာ-ဟုမ္မလင်း လမ်းမပေါ်တွင် တည်ရှိပြီး ဟုမ္မလင်းမြို့နှင့် ချင်းတွင်းမြစ်အနောက်ဘက်ခြမ်းရှိ ကက်သာကျေးရွာတို့နှင့် ဆက်သွယ်ထားသည့် အလျား ၁၇၆၂.၆ ပေ၊ တံတားအကျယ် ၂၈ ပေရှိပြီး တစ်ဖက်လျှင် ၃ ပေ အကျယ်ရှိ လူသွားလမ်း(၂)လမ်းပါရှိသည့် သံကူကွန်ကရစ်ဘိုးပိုင်အုတ်မြစ်၊ သံမဏိသံပေါင်တံတားအမျိုး အစားဖြစ်ပြီး ငွေကျပ်(၂၃၃၁၃.၈)သန်းအကုန်အကျခံပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားအထူးအဖွဲ့ (၂)မှတာဝန်ယူကာ (၂၁.၈.၂ဝ၁၆)ရက်နေ့တွင်စတင်တည်ဆောက်ခဲ့ပြီး၊ တည်ဆောက်ရေးလုပ်ငန်းများ (၃၁.၁၂.၂ဝ၁၈)ရက်နေ့တွင် ရာနှုန်းပြည့်ပြီးစီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ချင်းတွင်းမြစ်ကူးတံတား(ဟုမ္မလင်း)အားတည်ဆောက်ဖွင့်လှစ်နိုင်ခဲ့သဖြင့် ချင်းတွင်း အောက်ပိုင်း ဒေသများ ဟုမ္မလင်းမြို့နယ်မှတဆင့် ချင်းတွင်းအနောက်ခြမ်းရှိ အိန္ဒိယနိုင်ငံနှင့်ထိစပ်လျက်ရှိသည့် နယ်စပ်မြို့ ဖြစ်သော တမူးမြို့နယ်တို့နှင့် ကုန်စည်များလျင်မြန်စွာ စီးဆင်းနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)