ချင်းတွင်းမြစ်ကူးတံတား(ဟုမ္မလင်း) ဇန်နဝါရီ ၁၄ ရက်တွင် ဖွင့်လှစ်မည်

ဟုမ္မလင်း ၁ဝ  ဇန်နဝါ ရီ 

 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းသို့ ဖြတ်သန်းစီးဆင်းလျက်ရှိသော ချင်းတွင်းမြစ်ပေါ်တွင် တည်ဆောက် ပြီးစီးသော ချင်းတွင်းမြစ်ကူးတံတား (ဟုမ္မလင်း)အား ဇန်နဝါရီ ၁၄ ရက်တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း အဆိုပါ တံတားကို တာဝန်ယူတည်ဆောက်ခဲ့သော ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားအထူးအဖွဲ့(၂)မှ လက်ထောက် ညွှန်ကြားရေးမှူး (မြို့ပြ)  ဦးဇေယျာစိုး၏ ပြောကြားချက်အရ သိရသည်။

 

5

 

ချင်းတွင်းမြစ်ကူးတံတား (ဟုမ္မလင်း)သည် ဟုမ္မလင်းမြို့နယ်တမူး-အောင်ဇေယျ-ကက်သာ-ဟုမ္မလင်း လမ်းမပေါ်တွင် တည်ရှိပြီး ဟုမ္မလင်းမြို့နှင့် ချင်းတွင်းမြစ်အနောက်ဘက်ခြမ်းရှိ ကက်သာကျေးရွာတို့နှင့် ဆက်သွယ်ထားသည့် အလျား ၁၇၆၂.၆ ပေ၊ တံတားအကျယ် ၂၈ ပေရှိပြီး တစ်ဖက်လျှင် ၃ ပေ အကျယ်ရှိ လူသွားလမ်း(၂)လမ်းပါရှိသည့် သံကူကွန်ကရစ်ဘိုးပိုင်အုတ်မြစ်၊ သံမဏိသံပေါင်တံတားအမျိုး အစားဖြစ်ပြီး ငွေကျပ်(၂၃၃၁၃.၈)သန်းအကုန်အကျခံပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားအထူးအဖွဲ့ (၂)မှတာဝန်ယူကာ (၂၁.၈.၂ဝ၁၆)ရက်နေ့တွင်စတင်တည်ဆောက်ခဲ့ပြီး၊ တည်ဆောက်ရေးလုပ်ငန်းများ (၃၁.၁၂.၂ဝ၁၈)ရက်နေ့တွင် ရာနှုန်းပြည့်ပြီးစီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ချင်းတွင်းမြစ်ကူးတံတား(ဟုမ္မလင်း)အားတည်ဆောက်ဖွင့်လှစ်နိုင်ခဲ့သဖြင့် ချင်းတွင်း အောက်ပိုင်း ဒေသများ ဟုမ္မလင်းမြို့နယ်မှတဆင့် ချင်းတွင်းအနောက်ခြမ်းရှိ အိန္ဒိယနိုင်ငံနှင့်ထိစပ်လျက်ရှိသည့် နယ်စပ်မြို့ ဖြစ်သော တမူးမြို့နယ်တို့နှင့် ကုန်စည်များလျင်မြန်စွာ စီးဆင်းနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)