ရှေ့သွားနောက်လိုက်ရုပ်ရှင်ကို စက်တင်ဘာ ၂၆ ရက်တွင် ရုံတင်ပြသမည်

ရန်ကုန်  ၂၂  စက်တင်ဘာ

 

မိသားစုပညာပေးရုပ်ရှင် “ရှေ့သွားနောက်လိုက်”ဇာတ်ကားကြီးကို စက်တင်ဘာ ၂၆ရက်တွင် တစ်နိုင်ငံလုံးရှိ အဆင့်မြင့်ရုံများတွင် ရုံတင်ပြသမည် ဖြစ်ကြောင်း ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့၊ သမ္မတအဆင့်မြင့်ရုပ်ရှင်ရုံတွင် ပြသသည့် ရုပ်ရှင်အထူးပြပွဲမှ သိရသည်။


“ကျွန်တော်တို့ နိုင်ငံမှာ မိဘနဲ့ သားသမီးကြားမှာ ရှိသင့်ရှိထိုက်တဲ့ သဘောကို တင်ပြတာပါ၊ မိဘဆိုတာကတော့ ကိုယ်တတ်နိုင်သရွေ့ သားသမီးအပေါ်မှာ လူတစ်လုံး သူတစ်လုံး ဖြစ်အောင် ကျွေးမွေးပြုစုစောင့်ရှောက်ကြတာပါ၊ မိဘတွေ အိုမင်းမစွမ်းရှိသွားတဲ့အခါကျတော့ သားသမီးတွေဘက်က ဘာတွေ ပြန်ပြီးပြုစုမှာလဲဆို တာကို ဒါရိုက်တာ ကိုစတီးက ရိုက်ထားတာပါ၊ သူများနိုင်ငံမှာတော့ မိဘတွေ အသက်ကြီးပြီဆိုရင် သက်ကြီးရွယ်အိုစောင့်ရှောက်ရေးစင်တာတွေကို သားသမီးတွေက ပို့လိုက်ရင် တာဝန်ကျေတယ်လို့ ယူဆတယ်၊ ကျွန်တော်တို့ လူမှုအသိုင်းအဝိုင်းမှာက အဲဒီလိုမဟုတ်ဘူး၊ နွေးထွေးတဲ့ မေတ္တာတရားပဲ၊ နဂိုကတည်းက လည်းရှိပြီးသားပဲ၊ ဆက်လက်ထိန်းသိမ်းစောင့်ရှောက်စေချင်တယ်၊ ပရိသတ်ကြီးလည်း လာရောက် ကြည့်ရှုပါလို့ လေးလေးစားစားဖိတ်ခေါ်ပါတယ်၊ ဒီကားကြည့်ပြီးရင်တော့ မိဘနဲ့ သားသမီးတွေကြားမှာ တစ်စုံတစ်ရာသော ကျင့်ဝတ်လေးတွေ ရသွားလိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟု အကယ်ဒမီဇင်ဝိုင်း က ပြောသည်။


ဤဇာတ်ကားတွင် ဇာတ်ညွှန်း နေစိုးသော်၊ ဇာတ်လမ်း ဟန်းကော့၊ စကားလုံး ဈာန်သခင်သွေး၊ ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ)၊ အကယ်ဒမီ ဇင်ဝိုင်း၊ အကယ်ဒမီ ထွန်းအိန္ဒြာဗို၊ အကယ်ဒမီ မင်းမော်ကွန်း၊ အကယ်ဒမီ ခင်ဇာခြည်ကျော်၊ အကယ်ဒမီ ထွန်းထွန်း၊ နေမင်း၊ အလင်းရောင်၊ မိုးပြည့်ပြည့်မောင်၊ ရွှေသမီး၊ သွန်းဆက်၊ ရတနာဗိုလ်၊ မှူးသခင်ကို၊ ကြည်ဖြူရှင်းသန့်၊ ညီဂျော်နှင့် အနုပညာရှင်များစွာ ပါဝင် သရုပ်ဆောင်ထားပြီး၊ မိုးရုပ်ရှင်ထုတ်လုပ်ရေးမှဒေါ်နုနုစိန်ကစီစဉ်ထုတ်လုပ်ထားသည်။

 

“ဒီဇာတ်ကားမှာ သားအကြီးဆုံးဖြစ်တဲ့ ကိုမင်းမော်ကွန်းရဲ့ အမျိုးသမီးနေရာက ပါဝင်ထားတာပါ၊ အပြင်မှာရှိတဲ့ တကယ့်မိသားစုတွေရဲ့ဖြစ်ပျက်တဲ့ဘဝကို အခြေခံပြီး ရိုက်ကူးထား တာဆိုတော့ သရုပ်ဆောင်လို့လည်း ကောင်းတယ်၊ မခိုင်နဲ့ ဦးဇင်ရဲ့ သားတွေနဲ့ ချွေးမတွေအနေနဲ့ ပါဝင်ထားကြတယ်၊ ဒါရိုက်တာ၊ စီနီယာတွေ သင်ပေးတဲ့ အတိုင်း ကြိုးစားပြီး သရုပ်ဆောင် ထားပါတယ်၊ အပြင်မှာ မိသားစုတွေဖြစ်ပျက်တတ်တဲ့ အတိုင်းရိုက်ကူးထားတာမို့ မိသားစုတိုင်း မိသားစုတိုင်း ကြည့်သင့်ပါတယ်”ဟု သရုပ်ဆောင် သွန်းဆက်က ပြောသည်။


အဆိုပါ ဇာတ်ကားသည် မိဘတိုင်းက သားသမီးတွေကို ရတနာလို သဘောထားနိုင်ပြီး သားသမီးတွေ ကလည်း မိဘများကို ရတနာသိုက်လို သဘောထားနိုင်ကြပါစေဆိုသည့် မိဘမေတ္တာကို ပုံဖော်ကာ ပညာပေးရိုက်ကူး ထားသည့် ဇာတ်ကားဖြစ်သည်။

သန့်ဇင်ဝင်း