(၁၀)ကြိမ်မြောက် အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲများ ကျင်းပနိုင်ရေးအတွက် ဖိလစ်ပိုင်နိုင်ငံတွင် အားကစားရုံကြီးများ အသစ်တည်ဆောက်

ရန်ကုန် ၂၉ သြဂုတ် 

 

ဖိလစ်ပိုင်နိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည့် (၁၀) ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲများ ကျင်းပနိုင်ရေးအတွက် Subic ဆိပ်ကမ်းမြို့နှင့် ZewCluck          မြို့တို့မှာ အဆင့်မြင့် ကစားကွင်းကြီးများ တည်ဆောက်နေမှုသည် (၅၀) ရာခိုင်နှုန်းပြီးစီးနေကြောင်း ပြိုင်ပွဲကျင်းပရေး အကြိုညှိနှိုင်းအစည်းအဝေး တက်ရောက်ခဲ့သော မြန်မာနိုင်ငံ မသန်စွမ်း အားကစားအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဗိုလ်မှုးကြီးမျိုးမြင့်( ငြိမ်း ) ထံက သိရသည်။

 

" အခုကတော့ ပြိုင်ပွဲကျင်းပနိုင်ရေးအတွက် အကြို အနေနဲ ့နိုင်ငံအလိုက် အသင်းအုပ်ချုပ်သူတွေ ခေါင်းဆောင်တွေကို အစည်းအဝေးခေါ်တာပါ။ အာဆီယံ (၁၀) နိုင်ငံနဲ့ တီမောနိုင်ငံတို့က ခေါင်းဆောင်တွေ အစည်းအဝေး တက်ရောက်ကြပါတယ်။ အဓိကကတော့ ပြိုင်ပွဲကြီးမှာ ကစားနည်းအလိုက် ဆပ်ကော်မတီတွေဖွဲ့ထားပြီး ပြိုင်ပွဲကြီးမှာ ကစားသမားနေရာချထားရေး၊ ကျန်းမာရေး၊ သွားလာရေးနဲ့ ပြိုင်ပွဲကျင်းပနိုင်ရေးအတွက် လက်ရှိဆောင်ရွက်ထားရှိမှုတွေ၊ လုပ်ငန်းပြီးစီးမှုတွေကိုရှင်းပြတာပါ။" ဟု  မြန်မာနိုင်ငံ မသန်စွမ်း အားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဗိုလ်မှုးကြီးမျိုးမြင့်(ငြိမ်း) ကပြောသည်။

 

အဆိုပါ ဖိလစ်ပိုင်နိုင်ငံမနီလာမြို့၏ ပြိုင်ပွဲကျင်းပရေး အကြိုညှိနှိုင်းအစည်းအဝေးကို သြဂုတ် ၂၅ ရက်မှ ၂၇ ရက်အထိ  မြန်မာနိုင်ငံမသန်စွမ်းအား ကစားအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဗိုလ်မှုးကြီးမျိုးမြင့် (ငြိမ်း)နှင့် အတွင်းရေးမှူး ဦးပီတာတို့က မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် တက်ရောက်နိုင်ခဲ့ကြပြီး သြဂုတ်  ၂၈ ရက် ညပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ ထိုအစည်းအဝေးကို အာဆီယံ (၉) နိုင်ငံနှင့် တီမောနိုင်ငံတို့မှ မသန်စွမ်း အားကစားအဖွဲ့ခေါင်းဆောင်များနှင့် အသင်းအုပ်ချုပ်သူများလည်း တက်ရောက်ကြကြောင်းသိရသည်။

 

လက်ရှိတွင် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲများကျင်းပနိုင်ရေးအတွက် ဖိလစ်ပိုင်နိုင်ငံ subic ဆိပ်ကမ်းမြို့ရှိ ပြုပြင်ဆောင်ရွက်နေသော အားကစားရုံများ နှင့် New Cluck  မြို့တို့တွင် အသစ်တည်ဆောက်နေသော ရေကူးကန်၊ ပြေးခုန်ပစ်အတွက် မီတာ ၄၀ဝ အားကစားကွင်းဆောင်ရွက်နေမှုများကို နိ်ုင်ငံ (၁၁) ခုမှ ခေါင်းဆောင်များ သွား ရောက်လေ့လာ ကြည့်ရှုကြသည်။ တည်ဆောက်ပြုပြင်ရေး လုပ်ငန်းများသည် လက်ရှိတွင် ၅၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

 

၂၀၂၀ ခုနှစ် ဇန်နဝါရီ လ  ၁၈ ရက် မှ ၂၄ ရက်နေ့အထိ  ဖိလစ်ပိုင်နိုင်ငံ၌ (၁၀) ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲကို ကျင်းပသွားမည်ဖြစ်ပြီး အာဆီယံ (၁၀) နိုင်ငံနိုင်ငံ နှင့် တီမောနိုင်ငံအပါဝင် နိုင်ငံပေါင်း (၁၁) နိုင်ငံမှ မသန်စွမ်းကစားသမားများ ဝင်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

 

ပြိုင်ပွဲကြီးတွင်ကစားနည်း (၁၆) နည်းပါဝင်မည်ဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် ကစားနည်း (၁၃) နည်းဖြင့် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။ လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး    မြောက်ဒဂုံ မသန်းစွမ်း အားကစားအဖွဲ့ချုပ် လေ့ကျင့်ရေးစခန်းတွင် ကစားနည်းအလိုက် လေ့ကျင့်မှုများ ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံ မသန်စွမ်း အားကစားအဖွဲ့ချုပ်မှ သိရသည်။

 

သတင်း-မျိုးမင်းသိန်း(မရမ်းကုန်း)
ဓါတ်ပုံ-မျိုးကြီး