၁ဝ၁၄ ရုပ်ရှင်တွင် ရတနာဗိုလ်က ရသလောက်အခန်းကို ကြိုးစားသရုပ်ဆောင်မည်

ကိုလင်း

 

အနုပညာပျိုးခင်းမှတစ်ဆင့် သရုပ်ဆောင်လောကထဲ ရောက်ရှိလာခဲ့ပြီး ဘောစိရုပ်ရှင်တွင် တက္ကသိုလ်ဂွမ်းပုံ၏ တူမအဖြစ်နှင့် ပရိသတ်သတိထားမိလာကာ ကာဗွန်ဒိုင်အောက်ဆိုက် ရုပ်ရှင်တွင် လူသိများလာသည့် ရတနာဗိုလ်က ၁ဝ၁၄ ဟု အမည်ပေးထားသည့် ရုပ်ရှင်ဇာတ်ကားကြီးတွင်လည်း ရသလောက် အခန်းများကို ကြိုးစားသရုပ် ဆောင်သွားမည်ဖြစ်သည်ဟု ဆိုသည်။ 

 

''အခုရိုက်မယ့်ကားကြီးကတော့ ညီမအတွက် တကယ်ကိုကြိုးစားရမယ့် ကားကြီး တစ်ကားပါပဲ၊ ကိုယ့်ထက်ဝါရင့်တဲ့ အနုပညာရှင်ကြီးတွေပါတော့ အထူးသတိထားပြီး ကြိုးစားရမှာပါ၊ ပညာတွေလည်း အများကြီးရမယ့် ကားမျိုးပါ၊ ပြီးတော့ မြန်မာ့သမိုင်းကြောင်းကို အခြေခံပြီး ရိုက်ကူးတဲ့ ကားတစ်ကားဖြစ်တာမို့ ပိုတာဝန်ကြီးတယ်၊ ညီမဒီကားကြီးရဲ့ ဇာတ်ညွှန်းကို ဖတ်ခဲ့တဲ့အချိန်မှာ ဇာတ်ကားထဲမှာပါဝင်မယ့် ခမ်းနားမှုတွေက စိတ်ဝင်စားစရာကောင်းတယ်၊ ညီမ ကာရိုက်တာက မြို့မှာနာမည်ကြီးတဲ့ သူဌေးကြီး တစ်ဦးရဲ့သမီး၊ သရုပ်ဆောင်ဒေါင်းက အရည်းကြီးရဲ့ သားတစ်ယောက်၊ သူနဲ့ ညီမက တားဆီးထားတဲ့ကြားက ချစ်သူတွေဖြစ်ခဲ့ကြတယ်၊ ခေတ်ကအရည်းကြီးသာသနာ ထွန်းကားတဲ့ အချိန်ဖြစ်နေတယ်၊ အဲဒီအချိန်မှာ ဗုဒ္ဓဘာသာကိုပဲ ယုံကြည်သက်ဝင်တဲ့ မိန်းကလေးတစ်ယောက်ရဲ့ ယုံကြည်ချက်တွေ၊ ခိုင်မာမှုတွေကို ပညာပေးအနေနဲ့ရိုက်မယ့် ကားတစ်ကားပါ'' ဟု ရတနာဗိုလ်က ပြောသည်။

 

မြန်မာ့ရုပ်ရှင်လောကတွင် အရည်အသွေး ကောင်းမွန်သော ရုပ်ရှင်ဇာတ်ကားများ ပေါ်ထွန်းလာရေးအတွက် ဝိုင်းဝန်းကြိုးပမ်းကာ ထုတ်လုပ်သူများ အနေဖြင့်လည်း ဇာတ်အိမ်ခိုင်မာသော ဇာတ်လမ်းကောင်းများ၊ ပရိသတ်ပညာရစေမည့် ကားများကို ထုတ်လုပ်ရိုက်ကူးလာခြင်းနှင့် ပတ်သက်၍လည်း ရတနာဗိုလ်က ''အခုနောက်ပိုင်း အလွန်ကောင်းတဲ့ ကားတွေတွေ့လို့ အားကျတာတော့ အမှန်ပဲ၊ နောက်ထပ် ရုံတင်ပြသမယ့် ကားကြီးတွေ အများကြီးရှိတယ်၊ ကြတ်ဂူ၊ မုန်းစွဲ၊ မီ စတဲ့ကားတွေဆို ရိုက်ထားတာ အလွန်ကောင်းတယ်၊ ကားကြီးတွေပါ၊ ကိုယ်တိုင်မပါဝင်ရပေမယ့် သဘောကျပြီး ကြိုက်တဲ့ ကားကောင်းတွေပါ၊ ညီမအနေနဲ့ဆို ဗီဒီယိုဈေးကွက်က ပျက်သွားတဲ့အခါနဲ့လည်း ကြုံနေရတယ်၊ ရုပ်ရှင်ဘက်မှာဆိုလည်း ညီမတို့က အငယ်တွေဖြစ်နေတာမို့  ကိုယ့်ထက် စီနီယာအစ်မတွေထက်တော့ ပိုအခက်အခဲဖြစ်ရတာပေါ့၊ ဒါပေမယ့်လည်း ကိုယ်က အနုပညာရှင်အဖြစ် ခံယူထားတာဆိုတော့ ကိုယ့်အတွက် ရသလောက်အခန်းကို ကြိုးစားရတာပေါ့၊ ညီမအနေနဲ့ ကိုယ်တိုင်ထုတ်လုပ်ပြီး ရိုက်နိုင်တာမျိုးလည်းမရှိတော့ တတ်နိုင်သမျှ ပရိသတ်လက်ခံနိုင်အောင် ကြိုးစားနေပါတယ်'' ဟုလည်း ရတနာဗိုလ်က ဆက်ပြောသည်။ 

 

မြန်မာ့အလင်း