၂၀၁၈ ခုနှစ် နှစ်သစ်ကူးညပိုင်းတွင် ထိခိုက်ဒဏ်ရာရသူ (၈၁)ဦးရှိခဲ့ပြီး ဆေးရုံတက်ရောက်သူ (၂၁)ဦးသာရှိခဲ့

မန္တလေး ၁ ဇန်နဝါရီ 

 

မန္တလေးမြို့တွင် ၂၀၁၈ ခုနှစ်မှ ၂၀၁၉ ခုနှစ်သို့ ကူးပြောင်းသည့်  နှစ်သစ်ကူးညပိုင်းတွင် ယာဉ်မတော်တဆဖြစ်မှုနှင့် ခိုက်ရန်ဖြစ်ပွားမှုတို့ကြောင့် ထိခိုက်ဒဏ်ရာရသူ (၈၁)ဦးရှိခဲ့ပြီး ၎င်းတို့အနက် ဆေးရုံတက်ရောက်သူ (၂၁)ဦးသာရှိပြီး လူသေဆုံးမှုမရှိခဲ့ကြောင်း မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးမှ သိရသည်။

 

"ဒီနှစ် နှစ်သစ်ကူးညမှာ ဆေးရုံကြီးကိုရောက်လာတဲ့ လူနာအားလုံးက (၈၁)ဦးရှိ ပါတယ်။ ဒီထဲကအတွင်းလူနာအဖြစ်  ဆေးရုံတက်ရောက်ပြီး ကုသမှုခံယူသူက ၂၁ ဦးပဲ ရှိပါတယ်။ ကျန်တဲ့လူနာတွေက ထိခိုက်ဒဏ်ရာရပေမယ့် ဆေးရုံတက်စရာ မလိုတဲ့အတွက် ပြန်သွားကြတာပါ။ ပြီးခဲ့တဲ့နှစ်ထက် နှိုင်းယှဉ်ရင် ဆေးရုံတက်ရောက်ကုသခံယူသူက ဒီနှစ်မှာ နည်းပါးပါတယ်"ဟု မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီး၊ ဆေးလူမှုဆက်ဆံရေးဌာန ညွှန်ကြားရေးမှူး ဦးမင်းလွင်က ပြောသည်။

 

မန္တလေးမြို့ နှစ်သစ်ကူးည ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် ည ၈ နာရီမှ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီ ၁ ရက် နံနက် ၈ နာရီအထိ မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးသို့ ထိခိုက်ဒဏ်ရာရှိသူ (၈၁)ဦးရောက်ရှိခဲ့သည့်အနက် ပြင်ပလူနာဌာနသို့ ထိခိုက်ဒဏ်ရာဖြင့် ရောက်ရှိလာသူ အမျိုးသား (၅၃)ဦး၊ အမျိုးသမီး (၇)ဦးရှိခဲ့ပြီး အတွင်းလူနာဖြင့် ဆေးရုံတက်ရောက်သူ အမျိုးသား (၁၉)ဦး၊ အမျိုးသမီး (၂)ဦး ဖြစ်ကြောင်း သိရသည်။

 

"ဆေးရုံကြီးကို ရောက်လာတဲ့ လူနာအများစုက ယာဉ်မတော်တဆမှုကြောင့် ၆၀ နီးပါးရှိခဲ့တယ်။ ကျန်တာက ခိုက်ရန်ဖြစ်ပွားမှုနဲ့ ချော်လဲတာတွေကြောင့်ပါ။ ဒီလူနာ တွေကလည်း ၁၂ နာရီကျော်ပြီးမှ ရောက်ရှိလာတဲ့သူတွေပါ"ဟု ဦးမင်းလွင်က ဆက်လက်ပြောကြားခဲ့သည်။

 

ပြီးခဲ့သည့်နှစ် ၂၀၁၇-၂၀၁၈ နှစ်သစ်ကူးပွဲညပိုင်းက ယာဉ်မတော်တဆဖြစ်မှုနှင့် ခိုက်ရန်ဖြစ်ပွားမှုတို့ကြောင့် မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးသို့ ထိခိုက်ဒဏ်ရာကြောင့် အတွင်းလူနာအဖြစ် ဆေးရုံတက်ရောက် ကုသမှုခံယူသူ (၆၁)ဦးနှင့် ယာဉ်တိုက်မှုကြောင့် သေဆုံးသူ (၄)ဦးရှိခဲ့ကြောင်း သိရသည်။

 

ထို့အပြင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် နှစ်သစ်ကူးပြောင်းချိန် ညပိုင်း၌ မှုခင်းဖြစ်ပွားမှု ၃ ခုသာရှိခဲ့ကြောင်း သိရသည်။

 

"ဒီနှစ် နှစ်သစ်ကူးညမှာ ကြီးကြီးမားမား မှုခင်းဖြစ်ပွားတာ မရှိခဲ့ပါဘူး။ ပေါ့ဆမှုကြောင့် မီးလောင်တာရယ်။ စားသောက်ဆိုင်မှာ တစ်ဝိုင်းနဲ့တစ်ဝိုင်း စကားများရာက ခိုက်ရန်ဖြစ်ပွားမှုရယ်။ နေအိမ်ဝင်ရောက်ပြီး ပစ္စည်းခိုးတာရယ် ဒီသုံးခုပဲရှိတယ်။ ဒီဖြစ်စဉ်တွေကလည်း နှစ်သစ်ကူးနဲ့မဆိုင်ပါဘူး။ ဖြစ်ရိုးဖြစ်စဉ်တွေပါပဲ" ဟု မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မျိုးအောင်က ပြောကြားခဲ့သည်။

 

မန္တလေးမြို့တွင် ၂၀၁၈ ခုနှစ် နှစ်သစ်ကူးညပိုင်းအချိန်က မန္တလေးတောင်၊ ကျုံးအရှေ့တောင်ထောင့်ရှိ Hilton ဟိုတယ်၊ မနော်ရမ္မံကွင်း၊ ဦးပိန်တံတား၊ မန္တလေး ကန်တော်ကြီးနှင့်  မန္တလေးမြို့တော် စည်ပင်သာယာ ရေးကော်မတီ ရုံးရှေ့တို့တွင်  ည ၁၂ နာရီ အချိန်အထိ စောင့်ဆိုင်း၍ Count down ရေတွက်ကာ မီးရှူးမီးပန်းများ လွှတ်တင်ခြင်းဖြင့် နှစ်သစ်ကို ကြိုဆိုခဲ့ကြကြောင်း သိရသည်။ 

 

မင်းထက်အောင်(မန်းကိုယ်ပွား)