၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအထောက်အကူပြု စိတ်ကြိုက်မြန်မာဘာသာရပ်ဆိုင်ရာ သိကောင်းစရာများ

ဒေါက်တာအောင်မြင့်ဦး၊ ပါမောက္ခ-ဋ္ဌာနမှူး၊ မြန်မာစာဋ္ဌာန၊ ရန်ကုန်တက္ကသိုလ်

 

ယခု ဆွေးနွေးပို့ချချက်သည် ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကြီးတွင် စိတ်ကြိုက် မြန်မာစာ ဖြေဆိုကြမည့်ကျောင်းသား ကျောင်းသူများအတွက် စိတ်ကြိုက်မြန်မာစာ မေးခွန်းလွှာဆိုင်ရာ သိကောင်းစရာများ ဖြစ်ပါသည်။စိတ်ကြိုက်မြန်မာစာ ဘာသာရပ်သည် မြန်မာစာကို စိတ်ဝင်စားသည့် ကျောင်းသား ကျောင်းသူများအတွက်အထူးသင့်လျော်သည့် ဘာသာရပ်တစ်ခုဖြစ်ပြီး အဆင့်မြင့်မြန်မာစာ လေ့လာနိုင်ရေးအတွက် လမ်းခင်းပေးသည့်ဘာသာရပ်လည်းဖြစ်သည်။ စိတ်ကြိုက်မြန်မာစာဘာသာရပ် ရွေးချယ်သင်ယူသည့် ကျောင်းသား ကျောင်းသူများသည် မြန်မာဝေါဟာရ အသုံးအနှုန်းများ ကြွယ်ဝလာပြီး မြန်မာစာအရေးအသား ပိုမိုကျွမ်းကျင်လာနိုင်ပါသည်။

 

ထို့ပြင် မြန်မာစာပေ၏ အဆီအနှစ်များဖြစ်သည့် စကားပြေ၊ ကဗျာတို့ကို ဝေဖန်အကဲဖြတ်လာနိုင်ပြီး မြန်မာစာပေ၏ဖွံ့ဖြိုးတိုးတက်မှုအစဉ်ကိုလည်း သိရှိလာမည်ဖြစ်သည်။ မြန်မာ့ရသစာပေများကို ခံစားတတ်လာမည် ဖြစ်သကဲ့သို့ရသမြောက် မြန်မာစာ အရေးအသားများကိုလည်း ဖန်တီးရေးသားတတ်လာရန် အထောက်အကူပြုမည် ဖြစ်သည်။

 

စိတ်ကြိုက်မြန်မာစာဘာသာရပ်တွင် မြန်မာဝတ္ထုတိုနှင့် မြန်မာပြဇာတ်လက်ရွေးစင်၊ သံဝရပျို့ မြန်မာကဗျာဖွဲ့နည်းနှင့် မြန်မာစာပေသမိုင်းဟူ၍ စာအုပ်လေးအုပ် ပြဋ္ဌာန်းထားပါသည်။ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုကြမည့်ကျောင်းသား ကျောင်းသူများအတွက် ယင်းပြဋ္ဌာန်းစာများကို လေ့လာကျက်မှတ်ရာတွင် မှတ်သားသိရှိသင့်သည်များကိုဆွေးနွေးပို့ချသွားမည် ဖြစ်သည်။

 

 

စိတ်ကြိုက်မြန်မာစာ မေးခွန်းလွှာတွင် မေးခွန်းကြီးလေးပုဒ် ပါဝင်ပါသည်။ မြန်မာဝတ္ထုတိုနှင့် မြန်မာပြဇာတ်တစ်ပုဒ်၊ သံဝရပျို့တစ်ပုဒ်၊ မြန်မာကဗျာ ဖွဲ့နည်းတစ်ပုဒ်နှင့် မြန်မာစာပေသမိုင်း တစ်ပုဒ်တို့ ဖြစ်သည်။ ၃ နာရီ မေးခွန်းလွှာဖြစ်ပြီး မေးခွန်းအပုဒ်တိုင်းတွင် ပုဒ်ခွဲများ ပါဝင်ပါသည်။

 

 

မေးခွန်း(၁)သည် မြန်မာဝတ္ထုတိုနှင့် မြန်မာပြဇာတ်မေးခွန်း ဖြစ်ပါသည်။ မြန်မာဝတ္ထုတိုတွင် ကိုလိုနီခေတ်မှမျက်မှောက်ခေတ်အထိ ဆရာ ၁၁ ဦး၏ ဝတ္ထုတို ၁၁ ပုဒ် နှင့် ပြဇာတ် ၃ ပုဒ် ကို ရွေးချယ်ထားပါသည်။ ဝတ္ထုတိုဆိုသည်မှာ လူအကြောင်း၊ လောကအကြောင်းကို စာရေးသူ၏ စိတ်ကူးဉာဏ်နှင့် ဖန်တီးရေးဖွဲ့ထားသည့် ရသစာပေတစ်မျိုးဖြစ်ပါသည်။ စာရေးသူတို့သည် ဝတ္ထုတိုကို စာဖတ်သူ တစ်ထိုင်တည်းဖြင့် ဖတ်နိုင်လောက်အောင် တိုတိုရေးဖွဲ့လေ့ရှိပါသည်။ စာရေးသူသည် စာဖတ်သူ အာရုံကျက်စားစေလိုသည့် သဘောတစ်ရပ်၊ အချက်တစ်ချက်ကိုတစ်ကွက်ကောင်း၊ တစ်ချက်ကောင်းဖြင့် ဖန်တီးရေးဖွဲ့ထားခြင်း ဖြစ်သည်။

 

ဝတ္ထုတိုများကို လေ့လာသည့်အခါ ဝတ္ထုအာဘော်၊ ဇာတ်လမ်းဖန်တီးပုံ၊ ဇာတ်ဆောင်ဖန်တီးပုံ၊ နောက်ခံဖန်တီးပုံ၊အရေးအဖွဲ့၊ ရသနှင့် အသိအမြင်ဟူသည့် အစီအစဉ်များဖြင့် လေ့လာသင့်ပါသည်။ ဝတ္ထုအာဘော်ဟူသည် ဝတ္ထုတိုရေးသူ၏ ဆိုလိုချက်ပင် ဖြစ်ပါသည်။ ဝတ္ထုတိုရေးသူသည် ဝတ္ထုတိုတွင် မိမိ၏ဆိုလိုချက် (အာဘော်) ကိုပေါ်လွင်အောင်ဖော်ပြရသည်။ စာဖတ်သူအနေဖြင့်လည်း ဝတ္ထုတိုတစ်ပုဒ် ဖတ်ပြီးသွားသည့်အခါ ဝတ္ထုတိုရေးဆရာ မည်သည်ကိုဆိုလိုသည်၊ သူ့ဝတ္ထုသည် မည်သည်ကိုပြောလိုသည်ဆိုသည့် ဆိုလိုချက် (အာဘော်) ကို နားလည်သဘောပေါက်သွားရစမြဲ ဖြစ်ပါသည်။

 

ဇာတ်လမ်းဖန်တီးပုံဆိုသည်မှာ ဇာတ်လမ်းဖြစ်ရပ်များကို ဖန်တီးမှုအတတ်ပညာများဖြင့် ဖန်တီးထားခြင်းဖြစ်သည်။ ဇာတ်လမ်းကို သူ့ဘက် ကိုယ့်ဘက် အားပြိုင်မှုများ ဖန်တီးခြင်း၊ ဖြစ်ရပ်ကို ကြောင်းကျိုးဆက်စပ်ပြခြင်း၊မြှုပ်ကွက်များကို ပြန်ဖော်ခြင်း၊ နောက်ပိုင်းဖြစ်ရပ်ကို ရှေ့ပိုင်း၌ ကြိုတင် အရိပ်နိမိတ်ပြခြင်းစသည့် ဖန်တီးမှု အတတ်ပညာများဖြင့် ဇာတ်လမ်းကို ဖန်တီးထားခြင်းဖြစ်သည်။

 

ဇာတ်ဆောင်ဖန်တီးပုံဟူသည် ဇာတ်လမ်းတွင်ပါဝင်သည့် ဇာတ်ဆောင်များကို အသက်ဝင်လာအောင်၊ စရိုက်သဘာဝထင်ရှားလာအောင် ဖန်တီးရေးဖွဲ့ထားသည်ကို ဆိုလိုခြင်းဖြစ်သည်။ ဇာတ်ဆောင်ဖန်တီးရာတွင် ဇာတ်ဆောင်တွေ၏ ပုံပန်းသွင်ပြင်၊ အပြုအမူ၊ အပြောအဆို၊ ဇာတ်ဆောင်အချင်းချင်း ပြောဆိုပြုမူပုံများဖြင့် ဖန်တီးလေ့ရှိကြသည်။ ဇာတ်ဆောင်တို့၏ ကံသုံးပါးအမူအရာဟု ဆိုအပ်သော ကိုယ်နှုတ်နှလုံးသုံးပါး အမူအရာတို့ဖြင့်ဇာတ်ဆောင်တို့၏ စိတ်နေသဘောထား၊ စရိုက်သဘာဝကို ပေါ်လွင်အောင် ရေးဖွဲ့ထားခြင်းသည် ဇာတ်ဆောင်ဖန်တီးပုံပင် ဖြစ်ပါသည်။

 

နောက်ခံဖန်တီးပုံမှာမူ ဇာတ်လမ်းဖြစ်ပျက်ရာနောက်ခံအကြောင်းအရာများကို ဖန်တီးရေးဖွဲ့ထားခြင်းဖြစ်သည်။ဇာတ်လမ်းအဖြစ်အပျက်၏ နောက်ခံအကြောင်းအရာများမှာ ခေတ်နောက်ခံ သို့မဟုတ် အချိန်ကာလနောက်ခံ၊ဒေသနောက်ခံတို့ဖြစ်ပြီး ယင်းနောက်ခံ အကြောင်းအချက်များကို စာရေးသူက ဝတ္ထုတို၏ ခေတ်အခြေအနေ၊လူမှုဝန်းကျင်အခြေအနေတို့ဖြင့် ထင်ဟပ်ကာ ဖန်တီးရေးဖွဲ့လေ့ရှိပါသည်။

 

 

ဝတ္ထုတို၏ အရေးအဖွဲ့ပိုင်းကိုလေ့လာရာတွင်မူ စာရေးသူ၏ ဇာတ်လမ်း၊ ဇာတ်ဆောင်၊ နောက်ခံတို့ ပေါ်အောင်စကားသုံးနှုန်းပုံ၊ ဝါကျဖွဲ့ပုံ၊ အလင်္ကာ၊ အဆင်တန်ဆာသုံးပုံတို့ကို လေ့လာသင့်ပါသည်။ ဝတ္ထုတိုကပေးသည့် ရသနှင့်အသိအမြင်ဆိုသည်မှာ ဝတ္ထုတိုတစ်ပုဒ်ကို ဖတ်ပြီးသည့်နောက် စာဖတ်သူ၏ စိတ်ထဲတွင် မည်သို့သော နှစ်သက်ခံစားမှုမျိုးဖြစ်ပေါ်လာပြီး မည်သို့သော အသိအမြင်များ ရရှိလာသည်၊ မည်သို့သော သင်ခန်းစာများရရှိသည် စသည်တို့ကို ဆိုလိုခြင်းဖြစ်ပါသည်။

 

သာဓကအနေဖြင့် အမျိုးသား ပညာဝန်ဦးဖိုးကျား၏ ကိုယ်တွေ့ ဝတ္ထုတိုတစ်ပုဒ်ဖြစ်သည့် မောင်ဘစီ ဝတ္ထုတိုကိုလေ့လာမည် ဆိုပါလျှင် ဤဝတ္ထုတိုသည် အပြစ်ကင်းသည့် အလုပ်ဟူသမျှ ဂုဏ်ရှိကြောင်း၊ ကိုယ့်အားကိုယ်ကိုးအလုပ်လုပ်ရင်း ပညာကြိုးစားသင်ယူလျှင် ဘဝအခြေအနေတိုးတက်ကြီးပွားနိုင်ကြောင်း ဟူသည့် စာရေးသူ၏အာဘော်ကို တွေ့မြင်နိုင်မည်ဖြစ်သည်။

 

ယင်းအာဘော်ကို ပေါ်လွင်စေရန်အတွက် လူငယ်တစ်ယောက်၏ ခံယူချက်နှင့် ကြိုးစားအားထုတ်မှုကို ဇာတ်လမ်းဆင်ဖန်တီးထားပုံ၊ ဇာတ်လမ်းပါ အဓိက ဇာတ်ဆောင်ဖြစ်သည့် မောင်ဘစီ၏ ရိုးသားသည့်စိတ်ထား၊ကြိုးစားသည့်စရိုက်ကိုပေါ်လွင်အောင် သရုပ်ဖော်ရေးထားပုံတို့ကို လေ့လာထားရမည် ဖြစ်သည်။

 

ဇာတ်လမ်းနောက်ခံကို ဖော်ထုတ်ရာတွင် ဇာတ်လမ်းအရ ပုသိမ်တလိုင်းချောင်းအရပ်နှင့် ပုသိမ်မြို့ အမျိုးသားကျောင်းသည် ဇာတ်လမ်း၏ နောက်ခံဒေသဖြစ်ပုံ၊ စာရေးသူ ဦးဖိုးကျား အမျိုးသားပညာဝန်အဖြစ် အမှုထမ်းဆောင်နေစဉ် ခရစ်နှစ် ၁၉၂၀ ဝန်းကျင်ကာလတွင်ရေးဖွဲ့သည့် ဝတ္ထုဖြစ်သည့်အတွက် ၁၉၂၀ ဝန်းကျင်ကို ဝတ္ထု၏ကာလနောက်ခံ အဖြစ် သတ်မှတ်နိုင်ပုံတို့ကို ဖော်ထုတ်လေ့လာရမည် ဖြစ်ပါသည်။

 

ဤဝတ္ထုတို၏ အရေးအဖွဲ့ပိုင်းကို လေ့လာရာတွင် ဇာတ်ဆောင်တစ်ဦးချင်း၏ ပြောစကားများ၊ ဇာတ်ဆောင်အချင်းချင်း အပြန်အလှန်ပြောစကားများ၊ ထိုပြောစကားများတွင် လွယ်ကူရှင်းလင်းသည့် စကားအသုံးအနှုန်းများသုံးနှုန်းထားပုံ၊ ဖျတ်လတ်သွက်လက်သည့်ရေးဟန်၊ ထိမိကျစ်လျစ်သည့် ဝါကျအဖွဲ့ စသည်တို့ကို လေ့လာထားရမည်ဖြစ်ပါသည်။ ရသနှင့်အသိအမြင်ပိုင်းတွင်မူ ရိုးသားကြိုးစားသည့် လူငယ်တစ်ဦး၏ ခံယူချက်နှင့် စိတ်ဓာတ်ကိုနှစ်သက်ကျေနပ်စေသည့် သန္တရသ ခံစားစေနိုင်ပြီး ရိုးသားသည့်အလုပ်ဟူသမျှ ဂုဏ်ရှိကြောင်း၊ ကြိုးစားလုပ်ကိုင်လျှင်အောင်မြင်နိုင်ကြောင်းဟူသည့် အသိအမြင်များရရှိပုံကို လေ့လာထားသင့်ပါသည်။

 

စိတ်ကြိုက်မြန်မာစာ ဘာသာရပ် မေးခွန်း ၁(ခ) သည် မြန်မာပြဇာတ်မေးခွန်း ဖြစ်သည်။ ပြဇာတ် (၃) ပုဒ်သာပြဋ္ဌာန်းထားသည့်အတွက် ယင်းပြဇာတ်(၃)ပုဒ်ကို ရှုထောင့်အမျိုးမျိုးမှ မေးမြန်းမည် ဖြစ်ပါသည်။ ပြဇာတ်ဆိုသည်မှာ ကပြသရုပ်ဆောင်နိုင်ရန် ရေးဖွဲ့ထားသည့် စာပေမျိုးဖြစ်ပြီး ပြဇာတ်လေ့လာရာတွင် ဝတ္ထုတိုကဲ့သို့ပင် ပြဇာတ်၏အာဘော်၊ ဇာတ်လမ်းဖန်တီးပုံ၊ ဇာတ်ဆောင်ဖန်တီးပုံ၊ နောက်ခံနှင့်ပြဇာတ်အရေးအဖွဲ့တို့ကို လေ့လာရမည်ဖြစ်သည်။

 

ပြဇာတ်အာဘော်ဟူသည် ပြဇာတ်ဆရာ၏ ဆိုလိုချက်ပင် ဖြစ်သည်။ ပြဇာတ်ဇာတ်လမ်းကို ဇာတ်ဆောင်ပြောစကားများဖြင့် ဖန်တီးရသည်။ သာဓကအနေဖြင့် အာဇာနည်မိခင်ပြဇာတ်ကို လေ့လာမည်ဆိုလျှင် ပြဇာတ်အာဘော်သည် နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲတွင် အသက်ပေးသွားသည့် အာဇာနည် သားကောင်း၏ မိခင်ဖြစ်ရခြင်းကို ဂုဏ်ယူသည့် အာဇာနည်မိခင်တစ်ဦး၏ စိတ်ဓာတ်ကို ဖော်ကျူးလိုသည့် စာရေးသူ၏ အာဘော်ကို တွေ့ရမည်ဖြစ်သည်။

 

ဂျပန်ခေတ်တွင် ဖက်ဆစ်တော်လှန်ရေးအတွက် အရှိန်ယူနေခိုက် တော်လှန်ရေးကို လမ်းခင်းပေးသည့် အကြောင်းအရာကို ဇာတ်လမ်းအဖြစ် ဖန်တီးထားသည်။ ဇာတ်ဆောင်များကို လေ့လာရာတွင် ဇာတ်ဆောင်များ၏ ပြောစကားများအရ ဇာတ်ဆောင်တို့၏ စရိုက်သဘာဝ မည်သို့ပေါ်လွင်ထင်ရှားမှုရှိသည်ကို လေ့လာရမည်ဖြစ်သည်။

 

ပြဇာတ်၏ နောက်ခံကာလဒေသကိုမူ ပြဇာတ်ဆရာ၏ ဇာတ်ညွှန်းစကားများမှတစ်ဆင့် သိရှိနိုင်ပေသည်။ အရေးအဖွဲ့ပိုင်းတွင် ပြဇာတ်ဆရာ၏ အမြင်မတော်၊ အကြားမတော်သည့် ကိစ္စရပ်များကို ထေ့သံ၊ သရော်သံများဖြင့်ဟာသ မြောက်အောင် ရေးဖွဲ့ထားသည်ကို လေ့လာတွေ့ရှိရမည် ဖြစ်ပါသည်။

 

မေးခွန်း(၂)သည် သံဝရပျို့မေးခွန်းဖြစ်သည်။ သံဝရပျို့ကို အင်းဝခေတ်မှာ စာဆိုရှင်မဟာရဋ္ဌသာရ က ဖွဲ့ဆိုခဲ့သည်။ ၅၅၀ နိပါတ်တော်တွင် ပါရှိသော သံဝရဇာတ်တော်ကို ရေးဖွဲ့ထားခြင်းဖြစ်ပါသည်။ မူရင်းပျို့တွင် စာကိုယ် ပိုဒ်ရေ ၁၈၉ ပိုဒ်၊ နိဂုံးပိုဒ်ရေ ၄ ပိုဒ် စုစုပေါင်း ၁၉၃ ပိုဒ်ပါရှိသော်လည်း ကျောင်းသားများအတွက် အပိုဒ် ၁ မှ ၇၁ ထိကိုသာ ပြဋ္ဌာန်းထားခြင်း ဖြစ်ပါသည်။

 

ဤပျို့ကိုရေးချိန်တွင် ဆရာတော်သည် အသက်(၆၀)ဝန်းကျင်သို့ ရောက်နေပြီဖြစ်သည်။ စာပေအသိအမြင်နှင့်ဘဝအတွေ့အကြုံစုံလင်နေပြီလည်း ဖြစ်သည်။ ထို့ကြောင့် ဤပျို့ကို ရေးသောအချိန်တွင် စာဖတ်သူ အလိမ္မာတိုးစရာအကြောင်းအရာများ များစွာပါဝင်လာပါသည်။ အကြောင်းအရာ အနှစ်သာရ အလွန်ထူးခြားသော ပျို့တစ်စောင်ဖြစ်ပါသည်။

 

သံဝရပျို့ကိုလေ့လာသည့်အခါတွင် သံဝရပျို့ ဖတ်စာအုပ်နိဒါန်းတွင်ပါရှိသော ပျို့လေ့လာနည်းများကို အသေအချာ ဖတ်ရှုလက်စွဲပြု၍ လေ့လာရမည်ဖြစ်ပါသည်။ ပျို့ကိုလေ့လာရာတွင် အကြောင်းအရာ၊အရေးအဖွဲ့၊ အသုံးအနှုန်းဟူ၍ ကဏ္ဍသုံးခုခွဲကာ လေ့လာသင့်ပါသည်။

 

သံဝရပျို့လာအကြောင်းအရာများကို ဖတ်စာအုပ်နိဒါန်းတွင် အကျဉ်းမျှ ခွဲပြထားပါသည်။ အကြောင်းအရာလေ့လာရာတွင် အခန်းအလိုက်ပါဝင်သော အကြောင်းအရာများကို ကဏ္ဍခွဲ၍ လေ့လာသင့်ပါသည်။ အကြောင်းအရာများကို ကဏ္ဍခွဲကြည့်မည်ဆိုလျှင်-(၁) မြတ်စွာဘုရားဟောရခြင်းအကြောင်း၊ (၂) ခမည်းတော်နှင့် သံဝရမင်းသားပြောဆိုခန်း၊ (၃) အမတ်ကြီးနှင့် တိုင်ပင်ခန်းများ (ဤနေရာတွင် အမတ်ကြီးနှင့် တိုင်ပင်ခန်း ပထမအကြိမ်၊ ဒုတိယအကြိမ်၊ တတိယအကြိမ်ဟူ၍ သုံးကြိမ်ရှိပါသည်။သုံးကြိမ်လုံးကိုလေ့လာရမည် ဖြစ်ပါသည်။)၊ (၄)အမတ်များကနန်းလျာထားရန် တောင်းပန်ခန်း၊ (၅) သံဝရမင်းသား ထီးနန်းရခန်းဟူ၍ခွဲခြားနိုင်မည် ဖြစ်ပါသည်။

 

သံဝရပျို့ကို အခန်းလိုက်သာမက ဇာတ်ဆောင်တစ်ဦးချင်းအလိုက်လည်း လေ့လာရပါမည်။ ဇာတ်ဆောင်များ၏ စရိုက်ကိုလေ့လာသောအခါတွင် သူတို့၏ စိတ်နေသဘောထား၊ ပြုမူပြောဆိုပုံ၊ အရည်အသွေးများကို လေ့လာရန် လိုပါသည်။ ဤပျို့တွင် အဓိကဇာတ်ဆောင် သုံးဦးကိုတွေ့ရပါမည်။ ဗြဟ္မဒတ်မင်းကြီး၊ အမတ်ကြီးနှင့်သံဝရမင်းသားတို့ ဖြစ်ပါသည်။ ဤဇာတ်ဆောင် သုံးဦး၏ စိတ်နေသဘောထား၊ ပြုမူပြောဆိုပုံနှင့်အရည်အသွေးများကို မိမိ၏ အရေးအသားနှင့် ပြန်ရေးနိုင်အောင် လေ့ကျင့်ထားရမည် ဖြစ်ပါသည်။

 

ထို့အပြင် ပျို့တွင်ပါရှိသော ဥပမာအလင်္ကာအဖွဲ့များ၊ ရူပကအလင်္ကာအဖွဲ့များ၊ အနက်အဓိပ္ပာယ်ပြည့်ဝပြီး အဖွဲ့အစပ်ပြေပြစ်လှပသောအဖွဲ့ကောင်းများ၊ စကားပုံများ၊ ဆိုရိုးစကားများ စသည်များ၏ အဓိပ္ပာယ်များကိုလည်းအသေးစိတ် ရှင်းပြတတ်ရပါမည်။ ပြေပြေပြစ်ပြစ် ပြန်ရေးပြတတ်ရပါမည်။

 

သာဓကပြရမည်ဆိုလျှင်-

“ရွှေစက်နှစ်ပါး၊ ဖဝါးတော်အောက်၊ ကြာပင်ပေါက်သို့၊ လက်မြှောက်ဦးတင်၊ မြဲလှချင်” ဟူသော ဥပမာအလင်္ကာကို ဖြေကြည့်ပါမည်။ သံဝရမင်းသား၏ ခမည်းတော်မင်းကြီးသည် သားတော်ကြီးများနည်းတူ ဇနပုဒ်ပေးရန် သံဝရမင်းသားအား ပြောကြားသောအခါတွင် သံဝရမင်းသားက “ခမည်းတော်မင်းကြီး၏ ရွှေစက်ဖဝါးစုံအောက်၌ မိမိ၏လက်ကို ကြာဖူး ကြာငုံသဖွယ် လက်အုပ်ချီကာ နဖူးပေါ်လက်တင်ရှိခိုးဦးတင်လျက် ဖခင်အပါးမှာ အမြဲထာဝရ ပြုစုခွင့်ပြုပါရန် နားတော်လျှောက်ကြောင်း ဖော်ပြရန် ဖြစ်ပါသည်။

 

“ထုတ်ချင်းယဉ်ကြား၊ လွန်းလျှင်သွားသို့” ဟူသော ဥပမာအလင်္ကာဆိုလျှင်လည်း ယဉ်ကြားဆိုသည်မှာ ရက်ကန်းစင်က ယဉ်သွားများကို ဆိုလိုကြောင်း ပေါ်လွင်အောင် ရေးရပါမည်။ ယဉ်သွားများမှာ လွန်းသည် ထုတ်ချင်းပေါက်ပြီး အလွယ်တကူ သွားသကဲ့သို့ ဟူသော အဓိပ္ပာယ်ကိုပေါ်အောင် ဖြေရပါမည်။

 

ဆက်လက်၍ သံဝရပျို့စာသားများမှ ဆိုရိုးစကား ဖြစ်လာသည့် အဖွဲ့အနွဲ့များအကြောင်းကို ရှင်းလင်းဆွေးနွေး ပါမည်။ ရှင်မဟာရဋ္ဌသာရ၏ ပျို့များတွင် ဆိုရိုးစကားများ၊ စကားပုံများ လွန်စွာကြွယ်ဝပါသည်။ ပျို့စာသားများ သည်ပင်လျှင် နောင်အခါ ဆိုရိုးများ၊ စကားပုံများဖြစ်သွားသည်ကို တွေ့ရပါသည်။ သံဝရပျို့တွင်ပါသည့် “တစ်ယောက်ချမ်းသာ၊ ကိုယ့်ဖို့ရှာ၍၊ သတ္တဝါအပေါင်း ဆင်းရဲကြောင်း”ဟူသော ဆိုရိုးစကားသည် ယနေ့ခေတ်တွင်အလွန်သုံးလေ့ရှိသော ဆိုရိုးစကား ဖြစ်လာပါသည်။ ကိုယ်တစ်ယောက် ချမ်းသာရန်အတွက် လူအများဆင်းရဲသည်ဟူသော အဓိပ္ပာယ်ဖြစ်ပါသည်။

 

အလားတူပင် “အငယ်ကတည်းက၊ မဆုံးမသော်၊ မိဘတလည်၊ ရန်သူမည်” ဟူသော အဖွဲ့သည်လည်း ဆိုရိုး စကားအဖြစ်ဖြင့် မြန်မာ့လူမှုနယ်ပယ်တွင် တွင်ကျယ်နေပါသည်။ မိဘဟူသည် သားသမီးကို ငယ်စဉ်ကတည်းက ဆုံးမပဲ့ပြင်ခဲ့ရပါမည်၊ ငယ်ငယ်ကတည်းက မဆုံးမ မသွန်သင်ခဲ့လျှင် ထိုမိဘသည် ရန်သူနှင့်တူသော မိဘဖြစ်သည်ဟုဆိုလိုခြင်း ဖြစ်ပါသည်။

 

ထိုသံဝရပျို့တွင် အလင်္ကာများ၊ ဆိုရိုးများသာမက အလွန်နှစ်သက် စွဲမက်ဖွယ်ကောင်းသည့် အဖွဲ့ကောင်းများကို တွေ့ရမည် ဖြစ်သည်။ “ငါးတို့ဘာသာ၊ တံငါ ကွန်စွန့်၊ ပစ်ကြဲဖြန့်မှ၊ ဝင်လာကြ၏၊ ကွန်ကို တံငါ၊ ကိုင်ဆုပ်ငှာလျှင်၊ တီမှာ ငါးများ၊ ဝင်လာငြားအံ့”၊ “သစ်သီးသစ်ပွင့်၊ လက်ဆောင်ဖြစ်လျှင်၊ ချစ်ခွင့် လွယ်ကူ၊ မြို့လုံးချူ” စသည့်ပြောင်မြောက်သော အဖွဲ့ကောင်းများကို ထုတ်နုတ်လေ့လာရမည် ဖြစ်သည်။

 

ပျို့လေ့လာရာတွင် နောက်ထပ် လေ့လာရမည့် အချက်တစ်ချက်မှာ ပျို့လာအသုံးအနှုန်း စကားလုံးများ ဖြစ်သည်။ သံဝရပျို့သည် အင်းဝခေတ်မှာပေါ်သော ပျို့တစ်စောင် ဖြစ်သည့်အလျောက် အင်းဝခေတ်သုံး စကားအသုံးအနှုန်းများကို တွေ့ရမည် ဖြစ်သည်။”မျက်ချစ်”၊ “ဆိတ်ညံ” ၊ “ပြယာယ်” ၊ “ခိုင်းပယ်” စသည့် စိတ်ဝင်စားဖွယ် ရှေးသုံးစကားလုံးများကို တွေ့ရှိရမည် ဖြစ်သည်။ ထိုစကားအသုံးအနှုန်းများ၏ အဓိပ္ပာယ်ကို သိရှိထားရန် လိုအပ်ပေသည်။ “မျက်ချစ်” သည် နှစ်သက်မြတ်နိုးသည်၊ မေတ္တာရှိသည်၊ “ဆိတ်ည” သည် တိတ်ဆိတ်သည်၊ “ပြယာယ်” သည် သွယ်ဝိုက်ပြောဆိုသည်၊ “ခိုင်းပယ” သည် စေခိုင်းသည်ဆိုသော အနက်အဓိပ္ပာယ်ရှိကြောင်း သိရှိရမည် ဖြစ်သည်။

 

ဆက်လက်၍ သံဝရပျို့၏ မေးခွန်းပုံစံကို ရှင်းလင်းတင်ပြရမည်ဆိုလျှင် သံဝရပျို့မေးခွန်းဖြစ်သည့် မေးခွန်း(၂) တွင် ပုဒ်ခွဲ(၂)ခု ပါဝင်ပါသည်။၂ (က)သည် ပျို့စာကိုယ်လာ စာပိုဒ်များကို ရှင်းပြရန် ဖြစ်ပြီး ၂(ခ) သည် ပျို့ အကြောင်းအရာ၊ အရေးအဖွဲ့နှင့် သုတရသ သင်ခန်းစာများကို မေးခြင်းဖြစ်သည်။ ဗြဟ္မဒတ်မင်းကြီး၏ဂုဏ်ရည်၊ အနှစ်သက်ဆုံးအခန်း၊ ရသမြောက်အဖွဲ့များ၊ ဖခင်နှင့်သားတို့၏နှစ်လိုဖွယ် ဆက်ဆံရေး၊ ဆရာကောင်းတပည့်ပန်းကောင်းပန်သောသဘောစသည်ဖြင့် မေးနိုင်ပါသည်။

 

မေးခွန်း(၃)သည် မြန်မာကဗျာဖွဲ့နည်းမေးခွန်း ဖြစ်ပါသည်။ ကဗျာဖွဲ့နည်းများတွင် ဒွေးချိုး၊ တြိချိုး၊ လေးချိုး၊ သံချို၊ တျာချင်း၊ အိုင်ချင်း၊ လွမ်းချင်း၊ တေးထပ် ဟူသော ကဗျာအမျိုးအစား (၈) မျိုးကို ဖော်ပြထားသည်။ ကျောင်းသင်ခန်းစာ ( ၁၆ ) သို့ “ထိုကဗျာ(၈)မျိုး၏ ဖွဲ့နည်းများကို ဖော်ပြရာတွင် သက်ဆိုင်ရာ ကဗျာအမျိုးအစား၏ အခေါ်အဝေါ် အဓိပ္ပာယ်များ၊ စပ်နည်းများ၊ သာဓကပုံစံများ၊ လေ့ကျင့်ခန်းများ ပြည့်စုံစွာ ဖော်ပြထားသည်။ ကဗျာစပ်နည်းအမျိုးမျိုးအနက်ထူးခြားသည့် ကာရန်ယူစနစ်များဖြစ်သည့် ပြန်ဂဟပ်ကာရန်၊ ခြင်္သေ့လည်ပြန် ကာရန်၊ အခံကာရန်၊ အအုပ်ကာရန်အကြောင်း၊ ကဗျာဉာဏ် ကွန့်မြူးနိုင်ရန်အတွက် ဇဝနဉာဏ်၊ လက်တန်းဉာဏ်စသည့် မြန်မာကဗျာဆိုင်ရာ သိမှတ်စရာများကိုလည်း လေ့လာမှတ်သားရမည် ဖြစ်သည်။

 

မေးခွန်း(၃) ပုဒ်ခွဲ(က)သည် ဖော်ပြခဲ့သည့် ကဗျာဖွဲ့နည်းဆိုင်ရာများကို မှတ်စုရေးသား ဖြေဆိုရန် ဖြစ်သည်။ (၄)ခုပေးထားပြီး (၂)ခုဖြေရပါမည်။ မေးခွန်း(၃) ပုဒ်ခွဲ(ခ)သည် လက်တွေ့ကဗျာကာရန်ယူပုံကို လက်တွေ့ပုံစံပြ ဖြေဆိုရသည့် မေးခွန်းဖြစ်သည်။ ကဗျာတစ်ပုဒ် ပေးထားပြီး ယင်းကဗျာ၏အမျိုးအမည်ကို ဖြေရမည်ဖြစ်ပြီး ကာရန်စနစ်ကို သင်္ကေတဖြင့် ပြရမည် ဖြစ်သည်။

 

ကာရန်ယူပုံစနစ်ကို သင်္ကေတနဲ့ ရှင်းပြရာတွင် စာသားကို မျဉ်းတို၊ ပိုဒ်တွင်းကာရန်ကို ခရေပွင့်၊ အခံပိုဒ်ဆုံးအချိုးသတ်ကာရန်ကို အပေါင်းလက္ခဏာတို့ဖြင့် သင်္ကေတပြုဖော်ပြမည် ဖြစ်သည်။

 

# စာသား - -
# ပိုဒ်တွင်းကာရန် - *
# အချိုးသတ်ကာရန် - +
သာဓကအားဖြင့် ဒွေးချိုးကဗျာတစ်ပုဒ်၏ ကာရန်ယူပုံကို လေ့လာတင်ပြပါမည်။
“ချိုးနှစ်ကောင်
ထနောင်းပင်ညီနောင်က
လွမ်းအောင်ကူချွဲ။
ပန်တော်ဖြူ
ပင်မြက်နေစာထူလှ
ဘိုးတောင်သူတဲ။
ဟူသည့် ကဗျာကိုပေးထားလျှင် ဒွေးချိုးကဗျာဖြစ်ကြောင်း ဦးစွာဖြေရပါမည်။

 

“ကောင်” နှင့် “နောင်”၊ “နောင်” နှင့် “အောင်” တို့သည် ပထမပိုဒ်၏ ပိုဒ်တွင်းကာရန်များ ဖြစ်၍ ခရေပွင့်ပြရမည် ဖြစ်သည်။ “ချွဲ” သည် ပထမပိုဒ်၏ အခံပိုဒ်ဆုံးကာရန်(အချိုးသတ်ကာရန်) ဖြစ်သည့်အတွက် အပေါင်း လက္ခဏာ သင်္ကေတဖြင့် ပြရမည် ဖြစ်သည်။

 

“ဖြူ” နှင့်”ထူ”၊ “ထူ” နှင့် “သူ” တို့မှာ ဒုတိယပိုဒ်၏ ပိုဒ်တွင်းကာရန်များဖြစ်၍ ခရေပွင့်ပြရပါမည်။ “တဲ” သည် အခံပိုဒ်ဆုံးကာရန် (အချိုးသတ်ကာရန်) ဖြစ်၍ အပေါင်းလက္ခဏာ သင်္ကေတဖြင့် ပြရမည် ဖြစ်သည်။

 

မေးခွန်း(၄) သည် မြန်မာစာပေသမိုင်း ပြဋ္ဌာန်းစာများကိုမေးသည့် မေးခွန်းဖြစ်သည်။ တက္ကသိုလ်ဝင်တန်းတွင် ကုန်းဘောင်ခေတ်နှင့်ကိုလိုနီခေတ်စာပေသမိုင်းတို့ကို ပြဋ္ဌာန်းထားသည်။ မေးခွန်း(၄)(က) သည် မြန်မာစာပေသမိုင်း ဓမ္မဓိဋ္ဌာန်မေးခွန်းများဖြစ်ပြီး (၄) (ခ)မှာမူ ဆွေးနွေးရှင်းလင်းတင်ပြဖြေဆိုရသည့် မေးခွန်းဖြစ်သည်။ မေးခွန်း (၄) (က) မြန်မာစာပေသမိုင်း ဓမ္မဓိဋ္ဌာန်မေးခွန်းတွင် (၈)ခု မေးထားပြီး (၅)ခုဖြေရပါသည်။ ခေတ်နှစ်ခေတ်၏ စာပေဆိုင်ရာ အချက်အလက်များကို မေးပါသည်။ ကုန်းဘောင်ခေတ်သည် မည်မျှကြာမြင့်သနည်း။ ဗုဒ္ဓဝင်ဝတ္ထုဟူသည် အဘယ်နည်း။ ဦးပုည၏ဝတ္ထုများကို နှစ်သက်ရခြင်းအကြောင်းရင်းကိုဖော်ပြပါ။ လောကဗျူဟာကျမ်းရေးသူ၏ အမည်ကိုဖော်ပြပါ အစရှိသည့် မေးခွန်းမျိုးဖြစ်ပါသည်။ ဓမ္မဓိဋ္ဌာန်မေးခွန်းများဖြေဆိုရာတွင် တိတိကျကျ ဖြေဆိုရမည်ဖြစ်သည်။ မေးခွန်း(၄)(ခ) သည် မြန်မာစာပေသမိုင်းနှင့် ပတ်သက်ပြီး ခြုံငုံဆွေးနွေးရသည့် မေးခွန်းဖြစ်သည်။ ဤမေးခွန်းတွင်လည်း ကုန်းဘောင်ခေတ်နှင့် ကိုလိုနီခေတ် နှစ်ခေတ်မှ စာပေအခြေအနေများကိုမေးမြန်းခြင်း ဖြစ်သည်။ သာဓကအားဖြင့် “ကုန်းဘောင်ခေတ် မဟာဂီတသီချင်းများအကြောင်းကို လေ့လာတင်ပြပါ။ (သို့မဟုတ်) ကိုလိုနီခေတ် သမိုင်းနောက်ခံဝတ္ထုများ အကြောင်းကို ဆွေးနွေးပါ။” ဟူသည့် မေးခွန်းမျိုးဖြစ်ပါသည်။

 

စိတ်ကြိုက်မြန်မာစာသည် မေးခွန်း(၄)ပုဒ်သာ မေးမြန်းခြင်းဖြစ်ပြီး ပြဋ္ဌာန်းစာအုပ် (၄) အုပ်တွင် (၁)အုပ်လျှင် (၁)ပုဒ်မေးပါသည်။ မေးခွန်းများကို ခြွင်းချန်ဖြေဆိုမည်ဆိုလျှင် အောင်မှတ်ရနိုင်မည် မဟုတ်သဖြင့် ပြဋ္ဌာန်းစာ (၄)အုပ်ကိုခြင်းချန် ကျက်မှတ်၍မရနိုင်ပေ။ ပြဋ္ဌာန်းစာအုပ်(၄)အုပ်လုံး ကိုကျေကျေညက်ညက် လေ့လာကျက်မှတ်ထားရမည် ဖြစ်ပါသည်။ ထိုသို့ ပြဋ္ဌာန်းစာအုပ် (၄)အုပ်လုံးကို လေ့လာထားပါက စိတ်ကြိုက်မြန်မာစာမေးခွန်းလွှာကို ပိုင်ပိုင်နိုင်နိုင် ဖြေဆိုနိုင်မည် ဖြစ်သည်။ စိတ်ကြိုက်မြန်မာစာ ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများအားလုံးတက္ကသိုလ်ဝင် စာမေးပွဲကြီးကို ပျော်ရွှင်အောင်မြင်စွာဖြေဆိုနိုင်ကြပါစေဟု ဆန္ဒပြုရင်း ယခုပို့ချချက်ကို ရပ်နားလိုက်ပါသည်။