၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့်အတူ (၁၈) မဲစာရင်းပြုစုခြင်းနှင့် ဆန္ဒမဲပေးခြင်း

မောင်စာဂ

ရွေးကောက်ပွဲတစ်ခုတွင် မဲစာရင်းပြုစုခြင်းနည်းလမ်း၊ ဆန္ဒမဲပေးခြင်းနည်းလမ်းများ သတ်မှတ်ထားရှိသည်။ အဓိကအချက်မှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း မဲစာရင်း တွင်ပါရှိရေးနှင့် မဲစာရင်းတွင်ပါဝင်သူတိုင်း ဆန္ဒမဲပေး နိုင်ရေး ဖြစ်သည်။ မျှဝေပါရစေ။

မဲစာရင်းပြုစုခြင်းနည်းလမ်း
ရွေးကောက်ပွဲစတင်ကျင်းပသည့်နေ့တွင် ဆန္ဒမဲပေး ပိုင်ခွင့်ရှိသည့် အသက် ၁၈ နှစ်ပြည့်သော နိုင်ငံသား၊ ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူများသည် သက် ဆိုင်ရာမဲဆန္ဒနယ်တစ်နယ်တွင် နေထိုင်သူဖြစ်လျှင် ယင်း မဲဆန္ဒနယ်မဲစာရင်း၌ ထည့်သွင်းဖော်ပြရန် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ၌ ဥပဒေပုဒ်မ ၁၄ (က) တွင် ပြဋ္ဌာန်းထားသည်။ ထိုပြဋ္ဌာန်းချက်အရ နေထိုင်သူဖြစ် လျှင် ထည့်သွင်းရသည်။ နှစ်ကာလသတ်မှတ်ချက် မရှိပါ။ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီး ဌာန၏ အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ ၆၆/၆ ပုံစံ (သန်းခေါင်စာရင်း) ရှိရမည်ဟုလည်း ပြဋ္ဌာန်းမထားပါ။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃ တွင် နိုင်ငံတော်သည် တိုင်းရင်းသားလူမျိုးပေါင်းစုံတို့ စုပေါင်း နေထိုင်ကြသော နိုင်ငံဖြစ်သည်ဟူ၍ နိုင်ငံတော်၏ အခြေခံမူတစ်ရပ်အဖြစ် လည်းကောင်း၊ ပုဒ်မ ၃၅၅ တွင် နိုင်ငံသားတိုင်းသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း မည်သည့်အရပ်ဒေသ၌မဆို ဥပဒေနှင့်အညီ အခြေစိုက်နေထိုင်ခွင့်ရှိသည်ဟူ၍ နိုင်ငံသားများ၏ မူလအခွင့်အရေးအဖြစ်လည်းကောင်း ပြဋ္ဌာန်းထားသည်။
ယင်းပြဋ္ဌာန်းချက်များအရ မဲစာရင်းပြုစုသည့်အခါ သက်ဆိုင်ရာမဲဆန္ဒနယ်၌ အခြေစိုက်နေထိုင်သူဖြစ်လျှင် ယင်းမဲဆန္ဒနယ်၏မဲစာရင်းတွင် ထည့်သွင်းပြုစုရသည်။ ကျူးကျော်နေထိုင်သူများ၊ ရွှေ့ပြောင်းလုပ်သားများဟုအဆိုရှိသူများကိုလည်း ၎င်းတို့သည် မူရင်းအရပ်ဒေသမှ အပြီးအပိုင်ပြောင်းရွှေ့ရောက်ရှိလာပြီး အဆိုပါဒေသ၌ အခြေစိုက်နေထိုင်လျက်ရှိသူဖြစ်လျှင် ယင်းမဲဆန္ဒနယ်၌ ထည့်သွင်းပြုစုရသည်။

မြန်မာနိုင်ငံအတွင်း တိုင်းဒေသကြီး၊ ပြည်နယ် အသီးသီးတို့၌ရောက်ရှိ၍ အသက်မွေးဝမ်းကျောင်းပြု
နေကြသော ရွှေ့ပြောင်းလုပ်သားအများစုသည် မွေးဖွား ရာဇာတိ မူရင်းဒေသများမှ အပြီးအပိုင်ရွှေ့ပြောင်းလာကြ ပြီး ၎င်းတို့ရောက်ရှိနေသော အရပ်ဒေသ၌ပင် အခြေစိုက် နေထိုင်လုပ်ကိုင် စားသောက်ကြသူများဖြစ်သည်။ ထို့ကြောင့် ၎င်းတို့လက်ရှိအခြေစိုက်နေထိုင်လျက်ရှိသော မဲစာရင်း၌သာ ထည့်သွင်းပြုစုရသည်။ ထိုသူများသည် မူရင်းအရပ်ဒေသတွင် အခြေစိုက်နေထိုင်သူများ မဟုတ် ကြတော့သဖြင့် မူရင်းအရပ်ဒေသရှိ မဲစာရင်းတွင်လည်း ထည့်သွင်းပြုစု၍မရပါ။ မူရင်းဒေသသို့ပြန်လည်ဆန္ဒမဲ ပေးခြင်းမပြုနိုင်ပါ။


ဆန္ဒမဲပေးခြင်းနည်းလမ်းများ
ပထမနည်းလမ်းမှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသော နိုင်ငံ သားများသည် မိမိ၏မဲစာရင်းပါရှိရာ မဲဆန္ဒနယ်အတွင်း မှာပင် သက်ဆိုင်ရာမဲရုံသို့ ဆန္ဒမဲပေးသည့်နေ့ရက်တွင် ကိုယ်တိုင် သွားရောက်ဆန္ဒမဲပေးရသည်။
ဒုတိယနည်းလမ်းမှာ ရွေးကောက်ပွဲကျင်းပသည့်နေ့ရက်တွင် မဲဆန္ဒနယ်အတွင်းတွင်ရှိသော်လည်း မဲရုံသို့ ကိုယ်တိုင် လာရောက်ဆန္ဒမဲမပေးနိုင်သော အသက် အရွယ်ကြီးရင့်သူ၊ အနာကြီးရောဂါ စွဲကပ်နေသူ၊ ရောဂါ ဝေဒနာပြင်းထန်စွာခံစားနေရသူ၊ မီးဖွားနေသူများ၊ ရဲအချုပ်ခန်းနှင့် အကျဉ်းစခန်းတွင် အချုပ်ခံနေရသူများ၊ ဆေးရုံတက်ရောက်နေရသော အတွင်းလူနာများအတွက် ရပ်/ကျေး ကော်မရှင်အဖွဲ့ခွဲဝင်နှစ်ဦးက ၎င်းတို့ထံသွား ရောက်ကာ သတ်မှတ်ထားသည့်အတိုင်း ကြိုတင်ဆန္ဒမဲ ပေးခြင်းနည်းစနစ်ဖြင့် ဆန္ဒမဲပေးခြင်း ဖြစ်သည်။
တတိယနည်းလမ်းမှာ ရွေးကောက်ပွဲကျင်းပသည့် နေ့၌ မဲစာရင်းပါရှိရာဒေသမှ ကျော်လွန်၍ သွားရောက် တာဝန်ထမ်းဆောင်ရသော ဝန်ထမ်း သို့မဟုတ် တပ်မတော်သား သို့မဟုတ် ရဲတပ်ဖွဲ့ဝင်များနှင့် ရွေးကောက်ပွဲကျင်းပသည့်နေ့ရက်၌ မိမိနှင့်သက်ဆိုင်သည့်မဲဆန္ဒနယ်၏ပြင်ပသို့ ခရီးဝေးသွားရန် ခိုင်လုံသော အထောက်အထား တင်ပြနိုင်သူများက ကြိုတင်မဲပေး လိုပါလျှင် သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးသို့ ကိုယ်တိုင်သွားရောက်၍ သတ်မှတ်ထားချက်နှင့်အညီ ကြိုတင်မဲပေးခြင်း နည်း စနစ်ဖြင့် ဆန္ဒမဲပေးခြင်း ဖြစ်သည်။

စတုတ္ထနည်းလမ်းမှာ ရွေးကောက်ပွဲကျင်းပသည့် နေ့ရက်၌ သက်ဆိုင်ရာမဲဆန္ဒနယ်၏ ပြင်ပတွင်ရောက်ရှိ နေသော တပ်မတော်သားများနှင့်အတူနေ အိမ်ထောင်စု ဝင်များ၊ မဲဆန္ဒနယ်ပြင်ပရောက် ကျောင်းသားများ၊ သင်တန်းသားများ၊ အချုပ်ခံနေရသူများ၊ ဆေးရုံသို့ တက်ရောက်နေသော အတွင်းလူနာများ၊ အစိုးရ၏ ခွင့်ပြု ချက်ဖြင့် နိုင်ငံပြင်ပတွင် ရောက်ရှိနေသူများအတွက် ၎င်းတို့သည် မဲဆန္ဒနယ်ပြင်ပသို့ရောက်ရှိနေ၍ ကြိုတင် ဆန္ဒမဲပေးရန်တောင်းဆိုသည့် ပုံစံ (၁၅) ကို ဖြည့်စွက်ကာ သတ်မှတ်ထားသည့်အတိုင်း ကြိုတင်ဆန္ဒမဲပေးခြင်း
နည်းစနစ်ဖြင့် ဆန္ဒမဲပေးခြင်း ဖြစ်သည်။ သို့ရာတွင်
၎င်းမဲဆန္ဒရှင်များသည် ကြိုတင်မဲပေးရခြင်း မရှိခဲ့ကြောင်း ခိုင်လုံသော အထောက်အထားရယူပြီး ရွေးကောက်ပွဲကျင်းပသည့်နေ့ရက်တွင် သက်ဆိုင်ရာ မိမိ၏မဲဆန္ဒနယ်ရှိ မဲရုံများသို့ သွားရောက်၍ ကိုယ်တိုင်ဆန္ဒမဲပေးခြင်းလည်း ပြုနိုင်သည်။

ပဉ္စမနည်းလမ်းမှာ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေများ၏ နည်းဥပဒေ ၁၀ တွင် ပြဋ္ဌာန်းထားသော အနည်းဆုံးရက်ပေါင်း ၁၈၀ ထက်မနည်း မဲဆန္ဒနယ် ပြင်ပရောက် အခြားမဲဆန္ဒရှင်များအတွက် ဆန္ဒမဲပေး နည်းဖြစ်သည်။ ဤနည်းလမ်းမှာထူးခြားသည်။ ဆိုခဲ့ သည့် ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထနည်းလမ်းများနှင့်သက်ဆိုင်သော မဲဆန္ဒရှင်များသည် မိမိတို့၏ အမြဲတမ်းနေရပ်ရှိ မဲဆန္ဒနယ်များတွင် ရွေးကောက်တင် မြှောက်ခံမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများကို ဆန္ဒမဲပေးခြင်းဖြစ်သည်။ ပဉ္စမနည်းလမ်းနှင့် သက်ဆိုင် သော မဲဆန္ဒရှင်များသည်ကား မိမိတို့၏အမြဲတမ်းနေရပ်ရှိ မဲဆန္ဒနယ်များမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများ ကိုဖြစ်စေ၊ မိမိလက်ရှိ ရက်ပေါင်း ၁၈၀ ထက်မနည်း ရောက်ရှိနေသော မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ်လောင်းများကိုဖြစ်စေ မိမိအဆင်ပြေမှုအရ ရွေးချယ်၍ ဆန္ဒမဲပေးခွင့်ရှိကြသည်။


မဲဆန္ဒနယ်ပြင်ပရောက် အခြားမဲဆန္ဒရှင်များဟူသည်
မဲဆန္ဒနယ်ပြင်ပရောက် အခြားမဲဆန္ဒရှင်များဆိုသည် မှာ အခြားဒေသရှိ စီမံကိန်း၊ စက်မှုလက်မှုလုပ်ငန်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် အခြားစီးပွားရေး တစ်ခုခုတွင် သွားရောက်အလုပ်လုပ်ကိုင်လျက်ရှိကြသော မဲဆန္ဒနယ်ပြင်ပရောက် နိုင်ငံ့ဝန်ထမ်းများအပါအဝင် အခြားမဲဆန္ဒရှင်များနှင့် အကြောင်းအမျိုးမျိုးကြောင့် မဲဆန္ဒနယ်ပြင်ပသို့ ရောက်ရှိနေကြသော မဲဆန္ဒရှင်များကို ဆိုလိုကြောင်း သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေများ၏ နည်းဥပဒေ ၂ (ဆ) တွင် အဓိပ္ပာယ် ဖွင့်ဆိုထားသည်။ ယင်းတွင် မိမိတို့အခြေစိုက်နေထိုင် လျက်ရှိသော မူလအရပ်ဒေသမှ ပြောင်းရွှေ့သွားခြင်း
မရှိဘဲ သွားရောက်လုပ်ကိုင်နေသည့် ယာယီရွှေ့ပြောင်း လုပ်သားများလည်း ပါဝင်သည်။
ယင်းအဓိပ္ပာယ်ဖွင့်ဆိုချက်တွင် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေများ၏ ပုဒ်မ ၄၅ (ခ) တွင် ပြဋ္ဌာန်းထားသည့် ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် မိမိအမည်စာရင်းပါရှိသော မဲဆန္ဒနယ်မှကျော်လွန်၍ ခရီးဝေးသွားလာရန်ရှိသော ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ နှင့် ပုဒ်မ ၄၅ (ဂ) (ရ) တွင် ပြဋ္ဌာန်းထားသည့် မဲစာရင်း ပါရှိရာဒေသမှ ကျော်လွန်၍ ယာယီတာဝန်သွားရောက် ထမ်းဆောင်ရသောနိုင်ငံ့ဝန်ထမ်း သို့မဟုတ် တပ်မတော် သား သို့မဟုတ် ရဲတပ်ဖွဲ့ဝင်များမပါရှိကြောင်း၊ အဆိုပါ မဲဆန္ဒရှင်များမှအပဟူ၍ ဖော်ပြထားသည်။

ပြင်ပရောက်မဲဆန္ဒရှင်များမဲပေးခွင့်မဆုံးရှုံးစေဖို့
ပဉ္စမနည်းလမ်းဖြင့် ဆန္ဒမဲပေးခြင်းနည်းလမ်းကို ပြဋ္ဌာန်းရခြင်းမှာ အခြားဒေသရှိ စီမံကိန်းများ၊ စက်မှု လက်မှုလုပ်ငန်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ နှင့် အခြားစီးပွားရေးလုပ်ငန်းတစ်ခုခုတွင် သွားရောက် အလုပ်လုပ်ကိုင်လျက်ရှိကြသော မဲဆန္ဒနယ်ပြင်ပရောက် နိုင်ငံ့ဝန်ထမ်းများအပါအဝင် အခြားမဲဆန္ဒရှင်များနှင့် အကြောင်းအမျိုးမျိုးကြောင့် မဲဆန္ဒနယ်ပြင်ပသို့ ရောက်ရှိ နေကြသော မဲဆန္ဒရှင်များသည် ဆန္ဒမဲပေးမည့်နေ့ရက် တွင် မိမိတို့၏ အမြဲတမ်းနေရပ်ရှိ မဲဆန္ဒနယ်သို့ပြန်လည် သွားရောက်ပြီး ဆန္ဒမဲပေးရန် အခက်အခဲများ ကြုံတွေ့ရ တတ်သည်။ ထိုအခါများတွင် ၎င်းတို့၏ဆန္ဒမဲပေးပိုင်ခွင့် အခွင့်အရေး မဆုံးရှုံးစေရေးအတွက် ဖြစ်သည်။

ရက်ပေါင်း ၁၈၀ နှင့် သက်ဆိုင်သူများ
ရက်ပေါင်း ၁၈၀ သတ်မှတ်ထားခြင်းနှင့်စပ်လျဉ်း၍ မည်သို့သောမဲဆန္ဒရှင်များနှင့် သက်ဆိုင်ပါသနည်း ဆိုသည့် အခြေခံအချက်ကို ဆန်းစစ်ကြည့်ရှုရန် လိုအပ် သည်။ ရွှေ့ပြောင်းလုပ်သားများအပါအဝင် မည်သည့် မဲဆန္ဒရှင်မဆို ၎င်းရောက်ရှိနေထိုင်လုပ်ကိုင်စားသောက် လျက်ရှိသော အရပ်ဒေသ၌ အခြေတကျနေထိုင်လျက်ရှိ လျှင် ယင်းမဲဆန္ဒနယ်ရှိမဲစာရင်း၌ မဲစာရင်းပြုစုစဉ်က ပါရှိပြီးဖြစ်သဖြင့် ရက်ပေါင်း ၁၈၀ သတ်မှတ်ခြင်းကိစ္စနှင့် မသက်ဆိုင်ပါ။

ရွှေ့ပြောင်းလုပ်သားများအပါအဝင် မည်သည့် မဲဆန္ဒရှင်မဆို ၎င်းရောက်ရှိနေထိုင်လုပ်ကိုင်စားသောက် လျက်ရှိသော အရပ်ဒေသ၌ အခြေတကျနေထိုင်လျက် မရှိလျှင်၊ ထို့ပြင် ၎င်း၏အခြေစိုက်နေထိုင်ရာ မူလအရပ် ဒေသသည် အခြားမဲဆန္ဒနယ်တစ်နယ်အတွင်းဖြစ်နေလျှင် အခြေစိုက်နေထိုင်လျက်ရှိသော မဲဆန္ဒနယ်ရှိ မဲစာရင်းတွင် ၎င်း၏အမည်ပါရှိမည်ဖြစ်သဖြင့် ရက်ပေါင်း ၁၈၀ သတ်မှတ်ခြင်းကိစ္စနှင့် သက်ဆိုင်လာပါတော့သည်။
ဤအချက်နှစ်ချက်ကို ဥပဒေပြဋ္ဌာန်းချက်နှင့်အညီ တိတိကျကျ လိုက်နာဆောင်ရွက်မည်ဆိုပါက ရက်ပေါင်း ၁၈၀ သတ်မှတ်ခြင်းကိစ္စသည် မဲစာရင်းပြုစုပြီးသည့် အချိန်၏ နောက်ပိုင်းကာလများတွင်သာ သက်ဆိုင်မှုပေါ် ပေါက်လာနိုင်ပါသည်။ ရက်ပေါင်း ၁၈၀ နှင့် သက်ဆိုင်သူ မဲဆန္ဒရှင်များသည် အနည်းစုသာ တွေ့ရှိရပါမည်။ ယင်း အနည်းစုများထဲမှာပင် ရက်ပေါင်း ၁၈၀ မပြည့်မီသဖြင့် မဲပေးခြင်းမပြုနိုင်သူများလည်း တွေ့ရှိနေရသည်။

ပြင်ပရောက်နေသူတိုင်းဆန္ဒမဲပေးနိုင်ရေး
မဲဆန္ဒနယ်ပြင်ပရောက်နေသူတိုင်း ဆန္ဒမဲပေးနိုင်ရေး အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် အဆိုပါ ရက်ပေါင်း ၁၈၀ သတ်မှတ်ထားခြင်းကို သင့် တော်မျှတသည့် ရက်ပေါင်း ၉၀ သို့ ပြင်ဆင်ခဲ့သည်။ ထိုသို့ပြင်ဆင်ခြင်းကြောင့် အောက်ဖော်ပြပါ ဆန္ဒမဲပေး ရန် အခက်အခဲဖြစ်နေသူများအတွက် ကုစားနိုင်မည်ဟု ယုံကြည်သည်။


ပထမအချက်မှာ အဆိုပါ ရက်ပေါင်း ၁၈၀ နှင့် သက်ဆိုင်သော မဲဆန္ဒရှင်များသည် ရက်ပေါင်း ၁၈၀ မပြည့်ဘဲ ရက်ပေါင်း ၁၀၀၊ ၁၂၀၊ ၁၄၀၊ ၁၆၀၊ ၁၇၀ စသည်ဖြင့်သာ မဲဆန္ဒနယ်ပြင်ပသို့ ရောက်နေပြီး မိမိတို့ ၏ အမြဲတမ်းနေရပ်သို့သွားရောက်ကာ ဆန္ဒမဲပေးရန် ခရီးလမ်းပန်း၊ ငွေကြေး စသည့် အခက်အခဲများကြုံရ၍ ဆန္ဒမဲပေးရန် အခက်အခဲရှိသူများ အဆင်ပြေသွားနိုင်ပါမည်။


ဒုတိယအချက်မှာ မဲဆန္ဒနယ်ပြင်ပသို့ သွားရောက် အလုပ်လုပ်ကိုင်ကြရသော နိုင်ငံ့ဝန်ထမ်းများအနက် အချို့သောနိုင်ငံ့ဝန်ထမ်းများသည် တာဝန်အရ ထိုသို့ ပြောင်းရွှေ့အလုပ်လုပ်ကိုင်ကြရသော်လည်း မိမိတို့၏ အမြဲတမ်းနေရပ် ပြောင်းရွှေ့ခြင်းမဟုတ်ကြသဖြင့် ၎င်းတို့၏မဲစာရင်းမှာလည်း အမြဲတမ်းနေရပ်ရှိ မဲစာရင်း မှာပင် ပါဝင်နေမည်။ ထိုအခါမျိုးတွင် ၎င်းနှင့်တကွ အတူ လိုက်ပါနေထိုင်သော မိသားစုများသည် မိမိတို့၏ အမြဲတမ်းနေရပ်သို့လည်း ပြန်လည်ဆန္ဒမဲပေးနိုင်ခြင်း မရှိ။ ရောက်ရှိတာဝန်ထမ်းနေရသော အရပ်ဒေသတွင် လည်း ရက်ပေါင်း ၁၈၀ မပြည့်မီသေးသဖြင့် ဆန္ဒမဲပေးခွင့် မရရှိ။ ယင်းအခြေအနေမျိုးတွင် ရက်ပေါင်း ၁၈၀ မှ
ရက်ပေါင်း ၉၀ သို့ ဖြေလျှော့ပေးခြင်းဖြင့် ၎င်းတို့၏ ဆန္ဒမဲ ပေးခွင့် ဆုံးရှုံးရသည်များ လျော့နည်းသွားနိုင်ပါမည်။
တတိယအချက်မှာ အချို့သောမဲဆန္ဒနယ်ပြင်ပရောက် ကျောင်းသားများနှင့် မဲဆန္ဒနယ် ပြင်ပရောက် သင်တန်းသားများသည် မိမိတို့၏မိသားစုများပါ လိုက်ပါ၍ အတူနေထိုင်ကြသည်များ ရှိသည်။ ထိုအခါ မျိုးတွင် အဆိုပါကျောင်းသား၊ သင်တန်းသားများအတွက် သတ်မှတ်ထားသည့်အတိုင်း ကြိုတင်ဆန္ဒမဲပေးခြင်း ဖြင့် မဲပေးပိုင်ခွင့်ရရှိနိုင်သော်လည်း ၎င်းနှင့်အတူ လိုက်ပါနေထိုင်သည့် မိသားစုများသည် မူလနေထိုင် သော မဲဆန္ဒနယ်သို့ပြန်လည်သွားရောက်၍ ဆန္ဒမဲပေး ရန် အခက်အခဲရှိနိုင်ပါသည်။ ထို့ကြောင့် လက်ရှိရောက် ရှိနေထိုင်သော အရပ်ဒေသ၌လည်း ရက်ပေါင်း ၁၈၀ မပြည့်သဖြင့် ဆန္ဒမဲပေးခွင့်မရရှိ။ ယင်းအခြေနေမျိုးတွင် ရက်ပေါင်း ၁၈၀ မှ ရက်ပေါင်း ၉၀ သို့ ဖြေလျှော့ပေးခြင်း ဖြင့် ၎င်းတို့၏ဆန္ဒမဲပေးပိုင်ခွင့် ဆုံးရှုံးရသည်များ လျော့နည်းသွားနိုင်ပါမည်။

မဲဆန္ဒရှင်ပြည်သူအားလုံးဥပဒေနှင့်အညီ အခွင့်အရေးရရှိစေရပါမည်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့် ရှိသူအားလုံး ဆန္ဒမဲပေးနိုင်စေရေး၊ ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေး၊ မဲစာရင်းပြုစုခြင်း၊ ဆန္ဒမဲပေးခြင်း နည်းလမ်းများ အဆင်ပြေချောမွေ့စေရေး ဦးတည်လျက် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေများ ၏ နည်းဥပဒေ ၁၀ ပါ ပြဋ္ဌာန်းချက်တွင်ပါရှိသည့် ရက် ပေါင်း ၁၈၀ သတ်မှတ်ထားချက်ဖြစ်သည့် ဆန္ဒမဲပေးခြင်း နည်းလမ်းကို ရက်ပေါင်း ၉၀ ဟု ပြင်ဆင်သတ်မှတ်ပေးခဲ့ခြင်းဖြစ်သည်။ မဲဆန္ဒရှင်ပြည်သူတို့ အခွင့်အရေး မဆုံးရှုံးစေဖို့ ဥပဒေနှင့်အညီ တရားသဖြင့် မှန်ကန် မျှတမှုရှိစေရေး စီမံဆောင်ရွက်ခြင်း ဖြစ်သည်ဟု ယုံကြည်မိကြောင်းပါဗျာ။
ပြည့်စုံမှန်ကန်သောမဲစာရင်းမျိုး ပေါ်ထွက်လာ နိုင်ပါစေ၊ ဆန္ဒမဲပေးခွင့်ရှိသူတိုင်း နည်းလမ်းတကျ ဆန္ဒ မဲပေးနိုင်ကြပါစေ၊
ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လိုက်နာကျင့်သုံး ဆောင်ရွက်နိုင်ကြပါစေ။ ။