၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့်အတူ (၂၀)ရွေးကောက်ပွဲနှင့်လွှတ်တော်များ၊ အစိုးရအဖွဲ့များ၏ သက်တမ်းများ

မောင်စာဂ

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းလုံးတွင် ကိုဗစ်- ၁၉ရောဂါကပ်ဆိုးကြီး ကူးစက်ခံနေရသော အချိန်အခါ ဖြစ်သည်။ ၂၀၂၀ ပြည့်နှစ်တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲကြီးကလည်း ရှိနေသည်။ ဤကိုဗစ် - ၁၉ ရောဂါ ကပ်ဆိုးကြီးကြောင့် ပုံမှန်အနေအထားအတိုင်း နိုဝင်ဘာလထဲတွင် ရွေးကောက်ပွဲကြီး ကျင်းပနိုင်ပါမည် လား။ လွှတ်တော်များ၏သက်တမ်း၊ အစိုးရအဖွဲ့များ၏ သက်တမ်း မည်သို့သတ်မှတ်ထားသနည်း။ သိလိုကြ သည်။ မေးမြန်းလာကြသည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကိုကိုးကား၍ အနှစ်ချုပ် မျှဝေပါရစေ။

 

လွှတ်တော်များ၏ သက်တမ်း

လွှတ်တော်များဟုဆိုရာတွင် ပြည်ထောင်စု လွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များကို ဆိုလိုပါ သည်။ ပြည်သူ့လွှတ်တော် သက်တမ်းသည် ယင်း လွှတ်တော်၏ ပထမအကြိမ် အစည်းအဝေးစတင်ကျင်းပ သည့် နေ့ရက်မှစ၍ ငါးနှစ်ဖြစ်သည်။ အမျိုးသား လွှတ်တော်၏ သက်တမ်းသည် ပြည်သူ့လွှတ်တော်၏ သက်တမ်းနှင့် အညီဖြစ်သည်။ ပြည်သူ့လွှတ်တော်၏သက်တမ်းကုန်ဆုံးသောနေ့တွင် အမျိုးသားလွှတ်တော် ၏ သက်တမ်းသည်လည်း ကုန်ဆုံးသည်။ ပြည်ထောင်စု လွှတ်တော်သည်လည်း ရှိမည်မဟုတ်တော့ပါ။ [ပုဒ်မ ၁၁၉/၁၅၁]

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်များ၏သက်တမ်းသည်လည်း ပြည်သူ့လွှတ်တော်၏ သက်တမ်းနှင့်အညီဖြစ်သည်။ ပြည်သူ့လွှတ်တော် သက်တမ်း ကုန်ဆုံးသည့်နေ့တွင် ယင်းတို့၏ သက်တမ်း သည်လည်း ကုန်ဆုံးသည်။ [ပုဒ်မ ၁၆၈]

 

ပြည်သူ့လွှတ်တော်အစည်းအဝေး စတင်ကျင်းပခြင်း

ပထမအကြိမ် လွှတ်တော်သက်တမ်းကာလတွင် ပြည်သူ့လွှတ်တော်၏ ပထမအကြိမ် အစည်းအဝေးကို ၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် စတင်ကျင်းပခဲ့ သည်။ ယင်းနေ့ရက်မှစ၍ ငါးနှစ်ပြည့်သည့်နေ့တွင် ပြည်သူ့လွှတ်တော်သက်တမ်းကုန်ဆုံးပြီး ကျန်ရှိသော လွှတ်တော်များ၏ သက်တမ်းသည်လည်း ကုန်ဆုံးသည်။ ဒုတိယအကြိမ် လွှတ်တော်သက်တမ်းကာလတွင် ပြည်သူ့လွှတ်တော်ပထမအကြိမ် ပုံမှန်အစည်းအဝေးကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စတင်ကျင်းပ ခဲ့သည်ဖြစ်၍ ယင်းနေ့ရက်မှစ၍ ငါးနှစ်ပြည့်သည့် နေ့ရက်တွင် ပြည်သူ့လွှတ်တော်၏သက်တမ်း ကုန်ဆုံး မည်ဖြစ်သည်။ ပြည်သူ့လွှတ်တော်၏သက်တမ်းကုန်ဆုံးလျှင် ကျန်ရှိသော လွှတ်တော်များ၏သက်တမ်းသည် လည်း ကုန်ဆုံးပါမည်။

 

လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ၏ တာဝန်ထမ်းဆောင်မှု

လွှတ်တော်များ၏သက်တမ်း ကုန်ဆုံးသွားသော် လည်း လွှတ်တော်အသီးသီး၏ ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ များ၏ တာဝန်ထမ်းဆောင်မှုမှာ ရပ်စဲသွားခြင်းမရှိပါ။ လွှတ်တော်အသီးသီး၏ ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့သည် နောက်တစ်ကြိမ်လွှတ်တော်သက်တမ်း ပထမအစည်း အဝေး စတင်မကျင်းပမီအချိန်အထိ ဥက္ကဋ္ဌနှင့် ဒုတိယ ဥက္ကဋ္ဌတို့၏ တာဝန်ကို ဆက်လက်ထမ်းဆောင်ကြရသည်။ လွှတ်တော်တစ်ခုနှင့်တစ်ခု ချိတ်ဆက်မိစေရန်ဖြစ်သည်။ [ပုဒ်မ ၁၁၃ (က)၊ ၁၄၅၊ ၁၆၅]

 

အစိုးရအဖွဲ့များ၏ သက်တမ်း

အစိုးရအဖွဲ့များဆိုသည်မှာ ပြည်ထောင်စုအစိုးရ အဖွဲ့နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ပြည်နယ်အစိုးရအဖွဲ့ များကိုဆိုလိုပါသည်။ ပြည်ထောင်စုအစိုးရအဖွဲ့ကို နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများ၊ ပြည်ထောင်စုဝန်ကြီး များနှင့် ပြည်ထောင်စုရှေ့နေချုပ်တို့ပါဝင်၍ ဖွဲ့စည်းသည်။ တိုင်းဒေသကြီးအစိုးရအဖွဲ့ သို့မဟုတ် ပြည်နယ်အစိုးရ အဖွဲ့ကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးများနှင့် တိုင်း ဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်တို့ဖြင့် ဖွဲ့စည်း သည်။ [ပုဒ်မ ၂၀၀၊ ၂၄၈ (ခ) ]

နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတတို့၏ ရာထူးသက်တမ်းသည် ငါးနှစ်ဖြစ်သည်။ ယင်းရာထူး သက်တမ်းကုန်ဆုံးသည့်အခါ နိုင်ငံတော်သမ္မတအသစ် ရွေးချယ်တင်မြှောက်ပြီးသည့် အချိန်အထိ နိုင်ငံတော်သမ္မတ နှင့် ဒုတိယသမ္မတများသည် မိမိတို့၏လုပ်ငန်းတာဝန်များ ကို ဆက်လက်ထမ်းဆောင်ရသည်။ [ ပုဒ်မ ၆၁(က)၊ (ခ)]
ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုရှေ့နေချုပ် တို့၏ ရာထူးသက်တမ်းများသည် လည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန် ကြီးများ၏ ရာထူးသက်တမ်းသည်လည်းကောင်း သာမန် အားဖြင့် နိုင်ငံတော်သမ္မတ၏ ရာထူးသက်တမ်းအတိုင်း ပင်ဖြစ်သည်။ [ပုဒ်မ ၂၃၅ (က) ၊ ၂၄၀ (က)၊ ၂၆၂ (ဍ)]

 

ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၏ ရာထူးသက်တမ်း

ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဖော်ပြပါရှိသည့် ပြည်ထောင်စုအဖွဲ့အစည်းများနှင့်စပ်လျဉ်း၍ -

ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ၏ ရာထူး သက်တမ်းသတ်မှတ်ချက်များကို အသက်ဖြင့် သတ်မှတ် သည်။ အသက် ၇၀ နှစ်ပြည့်သည်အထိ တာဝန်ထမ်း ဆောင်ခွင့်ရှိသည်။ [ ပုဒ်မ ၃၀၃ ]

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ သက်တမ်းသည် ပြည်ထောင်စုလွှတ်တော်၏ သက်တမ်း နှင့်အညီ ငါးနှစ်ဖြစ်သည်။ သို့ရာတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ နိုင်ငံတော်သမ္မတက နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး အသစ်ဖွဲ့စည်းပြီးသည့်အချိန် အထိ မိမိ၏လုပ်ငန်းတာဝန်များကို ဆက်လက်တာဝန် ထမ်းဆောင်ရသည်။ [ ပုဒ်မ ၃၃၅ ]

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ ရာထူးသက်တမ်းကို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ပေးထားခြင်း မရှိပါ။ သို့ရာတွင် ၂၀၁၂ ခုနှစ် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ဥပဒေပုဒ်မ ၆ အရ နိုင်ငံတော်သမ္မတ၏ ရာထူးသက်တမ်းအတိုင်း ဖြစ်သည်။ သို့ရာတွင် သက်တမ်း ကုန်ဆုံးပြီးဖြစ်သော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်သမ္မတက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အသစ်တစ်ရပ်ဖွဲ့စည်းပြီးသည့်အချိန်အထိ မိမိ၏ လုပ်ငန်းတာဝန်များကို ဆက်လက်ထမ်းဆောင်ရသည်။

ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန် အဖွဲ့နှင့် နေပြည်တော်ကောင်စီတို့၏ သက်တမ်း သည်လည်း သာမန်အားဖြင့် နိုင်ငံတော်သမ္မတ၏ ရာထူး သက်တမ်းအတိုင်းဖြစ်သော်လည်း ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ နိုင်ငံတော်သမ္မတက ပြန်လည်၍အသစ်ဖွဲ့ စည်းပြီးသည့်အချိန်အထိ မိမိတို့၏ လုပ်ငန်းတာဝန် များကို ဆက်လက်ထမ်းဆောင်ကြရသည်။ [ပုဒ်မ ၂၄၅ (က)၊ ၂၄၆ (င) ၊ ၂၈၆ (က) (၁) ]

 

နှိုင်းယှဉ်လေ့လာချက်

လွှတ်တော်များ၏သက်တမ်းကိုလည်း ငါးနှစ် သတ်မှတ်ထားသည်။ အစိုးရအဖွဲ့များနှင့် ပြည်ထောင်စု အဆင့်အဖွဲ့အစည်းများ၏ သက်တမ်းကိုလည်း ငါးနှစ် သတ်မှတ်ထားသည်။ ငါးနှစ် သက်တမ်းသတ်မှတ်ထား ခြင်း တူညီသော်လည်း သက်တမ်းကုန်ဆုံးမှုပုံစံများ တူညီခြင်းမရှိပါ။ လွှတ်တော်များသည် သက်တမ်း ငါးနှစ်ပြည့်သည်နှင့် ကုန်ဆုံးသွားသည်။ သို့သော် လွှတ်တော်များ၏ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများ၏ တာဝန်ထမ်းဆောင်မှု ရပ်စဲမသွားပါ။

အစိုးရအဖွဲ့အစည်းများကမူ သက်တမ်းငါးနှစ်ပြည့် သော်လည်း ကုန်ဆုံးခြင်းမရှိပါ။ ပြည်ထောင်စုအစိုးရ အဖွဲ့အကြီးအကဲ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ သည် နိုင်ငံတော်သမ္မတအသစ် နှင့် ဒုတိယသမ္မတအသစ် များ ရွေးချယ်ပြီးသည့်အချိန်ကာလအထိ ၎င်းတို့၏ တာဝန်များကို ဆက်လက်ထမ်းဆောင်ကြရမည်။ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များသည်လည်း နိုင်ငံတော် သမ္မတ၏ သက်တမ်းအတိုင်းဖြစ်ပြီး နောက်ထပ် ပြည်ထောင်စုဝန်ကြီးအသစ်များ၊ ပြည်ထောင်စုရှေ့နေချုပ် အသစ်တို့ကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ရွေးချယ် ခန့်အပ်ပြီးသည်အထိ ၎င်းတို့၏တာဝန်များကို ဆက်လက်ထမ်းဆောင်ကြရမည်။
ထိုနည်းတူစွာ တိုင်းဒေသကြီးအစိုးရ သို့မဟုတ် ပြည်နယ်အစိုးရများ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်း များဖြစ်သော နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့် နေပြည်တော်ကောင်စီတို့သည်လည်း နိုင်ငံတော်သမ္မတ က ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ပြန်လည်ဖွဲ့စည်း ပြီးသည့်အချိန်အထိ ၎င်းတို့၏လုပ်ငန်းတာဝန်များကို ဆက်လက်ဆောင်ရွက်နေကြရပါမည်။

 

အကြားအလပ်မရှိရဟူသောမူ

နိုင်ငံတော်၏အစိုးရတစ်ရပ်နှင့်တစ်ရပ် တစ်ဆက် တစ်စပ်တည်း အကြားအလပ်မရှိ ဖြစ်တည်နေရမည် ဆိုသည်မှာ နိုင်ငံတကာအခြေခံကျင့်စဉ်မူတစ်ရပ်ဖြစ်သည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင်လည်း နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ၊ ပြည်ထောင်စု အစိုးရအဖွဲ့ဝင်များနှင့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်း များ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရများ၏ သက်တမ်းသတ်မှတ်ချက်နှင့် သက်တမ်းကုန်ဆုံးခြင်း တို့ကို နိုင်ငံတကာအခြေခံကျင့်စဉ်မူနှင့်အညီ သတ်မှတ် ပြဋ္ဌာန်းပေးထားခြင်းဖြစ်သည်။ ဤအခြေခံကျင့်စဉ်မူနှင့်အညီဖြစ်စေရေးအတွက် ရွေးကောက်ပွဲများကျင်းပခြင်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ကြသည်။

 

အဓိကပင်မတာဝန်

ရွေးကောက်ပွဲကျင်းပခြင်းသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အဓိကပင်မတာဝန်ကြီးတစ်ရပ် ဖြစ်သည်။ သဘာဝဘေးအန္တရာယ်ကြောင့်၊ နယ်မြေလုံခြုံ ရေးအခြေအနေကြောင့် လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲများကျင်းပနိုင်ခြင်းမရှိသည့် မဲဆန္ဒနယ် အားလုံး၏ ရွေးကောက်ပွဲကိုဖြစ်စေ၊ အချို့ကိုဖြစ်စေ ရွှေ့ဆိုင်းခြင်းပြုနိုင်သည်။ [ပုဒ်မ ၃၉၉ (င)]

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို ပုံမှန် အနေအထားအရဆိုလျှင် ပုံမှန်ကျင်းပလေ့ရှိခဲ့သည့် နိုဝင်ဘာလအတွင်း ကျင်းပပေးရမည်ဖြစ်သည်။ သို့ရာ တွင် ယခုလက်ရှိအနေအထားသည် ပုံမှန်အနေအထားမျိုး တွင်မရှိ။ ကိုဗစ်-၁၉ ဘေးအန္တရာယ်ရောဂါကပ်ဆိုးနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်။ မည်သည့်အချိန် မည်သည့် ကာလတွင် ပြီးဆုံးသွားမည်ဟု တပ်အပ်သေချာ ခန့်မှန်း တွက်ချက်နိုင်ခြင်းပြုနိုင်မည်မဟုတ်ပါ။
အကယ်၍များ ကိုဗစ်-၁၉ ရောဂါအန္တရာယ်ကြောင့် အထွေထွေရွေးကောက်ပွဲကြီးကို ပုံမှန်ကျင်းပနေကျ အတိုင်း မကျင်းပနိုင်ခဲ့သော်၊ ကိုဗစ်-၁၉ ကာလရှည်ကြာ ခဲ့သော် မည်သို့ပင်ဖြစ်စေ လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲကြီး ကျင်းပပြုလုပ်ပေးနိုင်သည့် အချိန် ကာလသို့ ရောက်ရှိသည်နှင့်တစ်ပြိုင်နက် ဥပဒေနှင့်အညီ ရွေးကောက်ပွဲကြီးကျင်းပနိုင်ရေးအတွက် အစဉ်သတိ ချပ်လျက် ပြည့်စုံခိုင်မာသည့် ရွေးကောက်ပွဲလုပ်ငန်းစဉ် များကို ကြိုတင်ပြင်ဆင် ဆောင်ရွက်နေကြရမည်သာ ဖြစ်ကြောင်းပါဗျာ။

ကိုဗစ် -၁၉ ဘေးအန္တရာယ်ကပ်ဆိုးရောဂါ အလျင် အမြန်အဆုံးသတ်နိုင်ပါစေ၊

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ပုံမှန် ကျင်းပနိုင်ပါစေ၊ လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲ ဖြစ်ပါစေ။ ။