၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့်အတူ (၂၃) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်နှင့် လွှတ်တော်မဲဆန္ဒနယ်များ သတ်မှတ်ခြင်း

မောင်စာဂ


၂၀၂၀ ပြည့်နှစ်တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ တွင် ပါဝင်ယှဉ်ပြိုင်ကြမည့်သူများ အထောက်အကူဖြစ်စေ ရေးအတွက် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် နှင့် လွှတ်တော်မဲဆန္ဒနယ်များ သတ်မှတ်ခြင်းခေါင်းစဉ် ဖြင့် ဖော်ပြခဲ့ပြီးဖြစ်သည်။ ယခုထပ်မံ၍ တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်နှင့် လွှတ်တော် မဲဆန္ဒနယ်များသတ်မှတ်ခြင်းကို ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေပြဋ္ဌာန်းချက် များမှ ကောက်နုတ်၍ အနှစ်ချုပ်မျှဝေပါရစေ။

တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ဖွဲ့စည်းခြင်း
တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ် လွှတ်တော်ဖွဲ့စည်းရာတွင်-

ပထမအချက်အနေဖြင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များတွင် မြို့နယ်တစ်မြို့နယ်လျှင် နှစ်ဦးကျစီ ရွေးကောက်တင်မြှောက်သည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်သည်။
ဒုတိယအချက်အနေဖြင့် တိုင်းဒေသကြီးများတွင် ထိုတိုင်းဒေသကြီးရရှိပြီးသော သို့မဟုတ် တိုင်းဒေသကြီး အတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုရရှိပြီးသော တိုင်းရင်းသားလူမျိုးများမှအပ ကျန်တိုင်းရင်းသားလူမျိုး များအနက် လျော်ကန်သင့်မြတ်သော လူဦးရေဖြစ်သည့် နိုင်ငံတော်ရှိ လူဦးရေစုစုပေါင်း၏ သုည ဒသမ ၁
ရာခိုင်နှုန်းနှင့်အထက်ရှိကြောင်း သက်ဆိုင်ရာက သတ် မှတ်ထားသော တိုင်းရင်းသားလူမျိုးအသီးသီးက လူမျိုး တစ်မျိုးလျှင် တစ်ဦးကျစီ ရွေးကောက်တင်မြှောက်သည့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ ပါဝင် သည်။
တတိယအချက်အနေဖြင့် ပြည်နယ်များတွင် ထို ပြည်နယ်ရရှိပြီးသော သို့မဟုတ် ထိုပြည်နယ်အတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုရရှိပြီးသော တိုင်းရင်းသား လူမျိုးများမှအပ ကျန်တိုင်းရင်းသားလူမျိုးများအနက် လျော်ကန်သင့်မြတ်သော လူဦးရေဖြစ်သည့် နိုင်ငံတော် ရှိလူဦးရေစုစုပေါင်း၏ သုည ဒသမ ၁ ရာခိုင်နှုန်းနှင့် အထက်ရှိကြောင်း သက်ဆိုင်ရာက သတ်မှတ်ထားသော တိုင်းရင်းသားလူမျိုးအသီးသီးက လူမျိုးတစ်မျိုးလျှင် တစ်ဦးကျစီ ရွေးကောက်တင်မြှောက်သည့် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်သည်။
စတုတ္ထအချက်အနေဖြင့် ပထမအချက်နှင့် ဒုတိယ အချက် သို့မဟုတ် ပထမအချက်နှင့် တတိယအချက်တို့ အရ ရွေးကောက်တင်မြှောက်သည့် လွှတ်တော် ကိုယ်စားလှယ်စုစုပေါင်း၏ သုံးပုံတစ်ပုံနှင့်ညီမျှသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဥပဒေနှင့်အညီ အမည်စာရင်းတင်သွင်းသည့် တပ်မတော်သား တိုင်း ဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် များ ပါဝင်သည်။ [ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၆၁ ]

 

မဲဆန္ဒနယ်သတ်မှတ်ခြင်း
တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ် လွှတ်တော်မဲဆန္ဒနယ်များ သတ်မှတ်ခြင်းကိုပြည်ထောင်
စုရွေးကောက်ပွဲကော်မရှင်က သတ်မှတ်သည်။ ထိုသို့ သတ်မှတ်ရာ၌ အောက်ပါအချက်များကို လိုက်နာဆောင်
ရွက်သည် -


ပထမအချက်မှာ မြို့နယ်တစ်မြို့နယ်လျှင် မဲဆန္ဒနယ် နှစ်နယ်စီသတ်မှတ်သည်။ ထိုသို့ သတ်မှတ်ရာတွင် မြို့နယ်အတွင်းရှိ မဲဆန္ဒနယ်တစ်နယ်နှင့် တစ်နယ်၏ လူဦးရေကွာခြားမှု မကြီးမားစေရပါ။ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုတစ်ခုကို ပိုင်းခြားစိတ်ဖြာပြီး မဲဆန္ဒနယ် များတွင် ခွဲဝေထည့်သွင်းခြင်းမပြုရပါ။
ဒုတိယအချက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်အရ တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ် ရွေးကောက်တင်မြှောက်ခွင့်ရှိသည့် တိုင်းရင်းသားလူမျိုး တစ်မျိုးစီအတွက် မဲဆန္ဒနယ် သတ်မှတ်ရာတွင် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခု လုံးကို မဲဆန္ဒနယ် တစ်နယ်စီအဖြစ် သတ်မှတ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၉၄ (က)တွင် ပြည်ထောင်စုနယ်မြေ သို့မဟုတ် ပြည်ထောင်စု လွှတ်တော်က ဥပဒေပြဋ္ဌာန်း၍သတ်မှတ်ထားသော ပြည်ထောင်စုနယ်မြေများအတွင်း မှီတင်းနေထိုင်သော မဲဆန္ဒရှင်များသည် ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များကိုသာ ရွေးကောက် တင်မြှောက်ခွင့်ရှိကြောင်း ပြဋ္ဌာန်းထားသည်။ ထို့ကြောင့် ပြည်ထောင်စုနယ်မြေဖြစ်သော နေပြည်တော်တွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် များကိုသာ သတ်မှတ်ပေးသည်။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်အတွက် မဲဆန္ဒနယ်များ သတ်မှတ်ပေးခြင်းမပြုရပါ။

 

တိုင်းရင်းသားလူမျိုးများအတွက်မဲဆန္ဒနယ်
၂၀၁၀ ပြည့်နှစ်နှင့် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲများတွင် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် ၂၉ နယ် သတ်မှတ်ထားရှိသည်။ ယင်းတို့မှာ ကချင် ပြည်နယ်တွင် လေးနယ်၊ ကယားပြည်နယ်တွင် တစ်နယ်၊ ကရင်ပြည်နယ်တွင် သုံးနယ်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် နှစ်နယ်၊ တနင်္သာရီတိုင်းဒေသကြီးတွင် တစ်နယ်၊ ပဲခူးတိုင်း ဒေသကြီးတွင် တစ်နယ်၊ မကွေးတိုင်းဒေသကြီးတွင် တစ်နယ်၊ မန္တလေးတိုင်းဒေသကြီးတွင် တစ်နယ်၊ မွန်ပြည်နယ်တွင် သုံးနယ်၊ ရခိုင်ပြည်နယ်တွင် တစ်နယ်၊ ရန်ကုန်တိုင်း ဒေသကြီးတွင် နှစ်နယ်၊ ရှမ်းပြည်နယ်တွင် ခုနစ်နယ်၊ ဧရာဝတီတိုင်းဒေသကြီးတွင် နှစ်နယ် စသည်ဖြင့် သတ် မှတ်ခဲ့သည်။

ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိသူများ
တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ် လွှတ်တော်အတွက် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် ရှိသူများမှာ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်များအတွက် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိသူများနှင့် အတူတူပင် ဖြစ်သည်။ အသက်ကန့်သတ်ချက်လည်း တူသည်။ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင် သွင်းသည့်အချိန်တွင် အသက် ၂၅နှစ် ပြည့်သူများဖြစ်ကြရသည်။

 

ရွေးကောက်ပွဲကျင်းပခြင်း
ရွေးကောက်ပွဲများကို ဖြစ်နိုင်သရွေ့ တစ်နေ့တည်းတွင် တစ်ပြိုင်နက် ကျင်းပရမည်ဖြစ်ကြောင်း သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေတွင် ပြဋ္ဌာန်းထားသဖြင့် တိုင်းဒေသကြီးလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲများကိုလည်း ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ရွေးကောက်ပွဲများနှင့်အတူ တစ်နေ့ တည်းတွင် တစ်ပြိုင်နက်ကျင်းပသည်။ ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို ယင်းနှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပခဲ့ပြီး ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကို ယင်းနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပခဲ့သည်။

 

ပါဝင်ယှဉ်ပြိုင်မှု
၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် တိုင်းဒေသကြီးလွှတ်တော်အသီးသီးနှင့် ပြည်နယ်လွှတ်တော် အသီးသီးတို့အတွက် မဲဆန္ဒနယ်စုစုပေါင်း ၆၆၁ နယ်တွင် နိုင်ငံရေးပါတီပေါင်း ၃၇ ခုမှ ပါတီကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ်လောင်းပေါင်း ၁၆၀၃ ဦးနှင့် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းများ ၃၅ ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ယင်းတို့အထဲတွင် အမျိုး သမီးလွှတ်တော်ကိုယ်စားလှယ်လောင်း ၅၁ ဦး ပါဝင်ခဲ့ သည်။
၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် တိုင်း ဒေသကြီးလွှတ်တော်အသီးသီးနှင့် ပြည်နယ်လွှတ်တော် အသီးသီးတို့အတွက် မဲဆန္ဒနယ်စုစုပေါင်း ၆၅၉ နယ်တွင် နိုင်ငံရေးပါတီပေါင်း ၉၁ ခုမှ ပါတီကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ်လောင်းပေါင်း ၃၄၁၉ ဦးနှင့် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းများ ၁၇၈ ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ယင်းတို့အထဲတွင် အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ်လောင်း ၄၄၆ ဦး ပါဝင်ခဲ့ သည်။

မဲဆန္ဒနယ်သတ်မှတ်ခြင်း၏အကျိုးသက်ရောက်မှု
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတ်မှတ် သော ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်နှင့် တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်များသည် လွှတ်တော်သက်တမ်းတစ်ခုအတွက်သာ ဖြစ်ပါသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လွှတ်တော် ပုံမှန်သက်တမ်းတစ်ရပ်အတွက် လွှတ်တော်မဲဆန္ဒနယ် များသတ်မှတ်ပြီးမှ မြို့နယ်အသစ်ဖွဲ့စည်းခဲ့လျှင် ယင်း မြို့နယ်သည် ထိုပုံမှန်သက်တမ်းအတွက် သတ်မှတ်ထား သည့် သက်ဆိုင်ရာမဲဆန္ဒနယ်မြေတွင် ပါဝင်သည်ဟု မှတ်ယူရပါသည်။ လွှတ်တော်သက်တမ်းမကုန်ဆုံးမီ နောက်သက်တမ်းတစ်ခုအတွက် လွှတ်တော်အသီးသီး၏ မဲဆန္ဒနယ်များကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် က အနည်းဆုံးရက်ပေါင်း ၆၀ ကြိုတင်၍ သတ်မှတ်ပေးရ သည်။

အသင့်ပြင်ဆင်ပါဝင်ဆောင်ရွက်နိုင်ကြပါစေ
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲသည် နီး၍ နီး၍ လာပါပြီ။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် သည် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် လွှတ်တော်အသီးသီး၏ မဲဆန္ဒနယ်များကို သတ်မှတ် ကြေညာပေးရပါမည်။ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်တွင် ဝင်ရောက် ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်း များသည် ကိုယ်စားလှယ်လောင်းတစ်ဦးစီအတွက် သတ်မှတ်ထားသောအရည်အချင်းနှင့် ပြည့်စုံကြရပါ မည်။ အထူးသဖြင့် မဲစာရင်းတွင်ပါဝင်သူ ဖြစ်ရပါမည်။ မဲစာရင်းတွင်ပါဝင်သူဟုဆိုရာတွင် မိမိရွေးကောက် တင်မြှောက်ခံမည့် မဲဆန္ဒနယ်၏ မဲစာရင်းတွင် ပါဝင်ရန် မလိုပါ။ မဲဆန္ဒနယ်တစ်ခုခု၏ မဲစာရင်းတွင် ပါဝင်နေဖို့ လိုပါသည်။ ဤသည်မှာ အရေးကြီးသည်။
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်များတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေး ပါတီများသည် မိမိတို့၏ပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်းများအား မည်သည့်မဲဆန္ဒနယ်တွင် ပါဝင်ယှဉ်ပြိုင်ကြမည်ကို ကြိုတင်ရွေးချယ်မှုတွေ ပြုကြ ရပါမည်။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများကို ကြိုတင်လေ့လာ ဖတ်ရှုကြရပါမည်။ သို့မှသာ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်က ရွေးကောက်ပွဲကျင်းပမည့်ရက်၊ လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းရမည့် နေ့ရက်နှင့် မဲဆွယ်စည်းရုံးရေးကာလများကို ထုတ်ပြန် ကြေညာသည့်အခါ အဆင်သင့်ရှိနေကြမည်ဖြစ်ကြောင်း ပါဗျာ။


တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ လွတ်လပ်၍တရားမျှတပါစေ၊
လွှတ်တော်ကိုယ်စားလှယ်လောင်းများ ကြိုတင် စီမံဆောင်ရွက်နိုင်ကြပါစေ၊
ဥပဒေနှင့်အညီ တရားမျှတ၊ သန့်ရှင်းစွာဖြင့် ပါဝင်ယှဉ်ပြိုင်နိုင်ကြပါစေ။ ။