၂၀၂၁ ခုနှစ်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် အရှေ့တောင်အာရှဒေသ၌ ပြည်သူ ၄ ဒသမ ၇ သန်း စီးပွားရေးအကျပ်အတည်းနှင့် ရင်ဆိုင်ခဲ့ရ

မနီလာ မတ် ၁၈

 

ကိုဗစ်-၁၉ရောဂါကူးစက်မှုကြောင့် အရှေ့တောင်အာရှဒေသ၌ ပြည်သူ ၄ ဒသမ ၇ သန်းသည် စီးပွားရေး အကျပ်အတည်းများနှင့်ရင်ဆိုင်ခဲ့ရပြီး ပြည်သူ ၉ ဒသမ ၃ သန်း အလုပ်အကိုင် ဆုံးရှုံးခဲ့ကြောင်း မတ် ၁၆ ရက်တွင် ထုတ်ပြန်သည့် အာရှဖွံ့ဖြိုးမှုဘဏ်၏ အစီရင်ခံစာတစ်ရပ်အရ သိရသည်။

 

သို့သော် အရှေ့တောင်အာရှဒေသရှိ ပြည်သူ ၆၀ ရာခိုင်နှုန်းနီးပါးသည် ကာကွယ်ဆေးထိုးနှံမှု ခံယူပြီးဖြစ်သည့်အတွက် စီးပွားရေးလုပ်ငန်းများကို ပြန်လည်စတင်လာသည်ဖြစ်ရာ ကိုဗစ်-၁၉ ကပ်ရောဂါ အကျပ်အတည်းမှ ပြန်လည်ဦးမော့လာပြီဖြစ်ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ်၏ အစီရင်ခံစာတွင်ပါရှိသည်။

 

ယခုနှစ်အတွင်း စီးပွားရေးလုပ်ငန်းအများအပြား ပြန်လည်စတင်လာပြီဖြစ်သော်လည်း ဒေသတွင်းရှိ စီးပွားရေးအခြေအနေသည် ယိုယွင်းလျက်ရှိပြီး အိမ်ထောင်စုအများအပြားသည် အလုပ်အကိုင် ဆုံးရှုံးမှုများကြောင့် ဝင်ငွေဆုံးရှုံးမှုများနှင့် ရင်ဆိုင်နေရဆဲဖြစ်သည်။

 

ဒေသတွင်း၌ ကပ်ရောဂါကြောင့် အမျိုးသမီးများ၊ လူငယ်လုပ်သားများနှင့် သက်ကြီးလုပ်သားများအကြား အလုပ်အကိုင် ဆုံးရှုံးမှုများ မြင့်တက်လျက်ရှိကြောင်း အာရှဖွံ့ဖြိုးရေးဘဏ်ဥက္ကဋ္ဌ မာဆက်ဆူဂူ အာဆာကာဝါက ဆိုသည်။

 

ထို့ပြင် တီထွင်ဆန်းသစ်ပြီး စိမ်းလန်းစိုပြည်မှုရှိသည့် အခြေခံအဆောက်အအုံများနှင့် နည်းပညာ ဆန်းသစ်တီထွင်မှုများတွင် ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်ကာ ဒေသတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆောင်ရွက်ကြရန် ဒေသတွင်းနိုင်ငံများ၏ အစိုးရများအား ၎င်းက တိုက်တွန်းပြောကြားသည်။

 

ထို့ပြင် ကျန်းမာရေးစောင့်ရှောက်မှုများနှင့် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းများအပြင် အနာဂတ် ကပ်ရောဂါ တုံ့ပြန်ရေးအတွက် အရင်းအမြစ်များအား ခွဲဝေသုံးစွဲရန် ဒေသတွင်း အစိုးရများအား အဆိုပါအစီရင်ခံစာတွင် တိုက်တွန်းပြောကြားသည်။ ဒေသတွင်း၌ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ကုန်ကျစရိတ်သည် အသားတင်ကုန်ထုတ်လုပ်မှုတန်ဖိုး (ဂျီဒီပီ) ၏ ငါးရာခိုင်နှုန်းသာ ကုန်ကျမည်ဆိုပါက ဒေသတွင်းစီးပွားရေး တိုးတက်မှုသည် ၁ ဒသမ ၅ ရာခိုင်နှုန်းအထိ မြင့်တက်လာနိုင်ကြောင်း အဆိုပါအစီရင်ခံစာတွင် ဖော်ပြထားသည်။

 

ထို့ပြင် ဒေသတွင်း၌ လက်ရှိရင်ဆိုင်ကြုံတွေ့နေသည့် စိန်ခေါ်မှုများဖြစ်သည့် ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းဗိုင်းရပ်စ်များ ထွက်ပေါ်လာခြင်း၊ ကမ္ဘာလုံးဆိုင်ရာ အတိုးနှုန်းများ တင်းကျပ်ခြင်း၊ ထောက်ပံ့ပေးမှုများ ကွင်းဆက်ပြတ်တောက်ခြင်း၊ ကုန်ဈေးနှုန်းတက်ခြင်းနှင့် ငွေကြေးဖောင်းပွမှုများကိုလည်း ကောင်းမွန်စွာ ကိုင်တွယ်ထိန်းချုပ်ရန် လိုအပ်ကြောင်း ဒေသတွင်း အစိုးရများအား အဆိုပါအစီရင်ခံစာကတိုက်တွန်းထားကြောင်း သိရသည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အောင်ကျော်ကျော်