၂၀၂၄ ခုနှစ် တောင်ကြီးလူရည်ချွန်စခန်းဖွင့်ပွဲကျင်းပ၊ အထင်ကရဘုရားစေတီပုထိုးများ၊ အထင်ကရနေများသို့ လှည့်လည်လေ့လာ

 

တောင်ကြီး ဧပြီ-၂၈

၂၀၂၄ ခုနှစ် တောင်ကြီးလူရည်ချွန်စခန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက တောင်ကြီးမြို့၊ တောင်ကြီးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပသည်။

ဦးစွာ ၂၀၂၄ ခုနှစ် တောင်ကြီးလူရည်ချွန်စခန်းဆိုင်းဘုတ်ကိုရှမ်းပြည်နယ်ဝန်ကြီးချုပ် ဉီးအောင်အောင်က စက်ခလုပ်နှိပ်ပ်၍ ဖွင့်လှစ်ပေးသည်။ ယင်းနောက် တောင်ကြီးလူရည်ချွန်စခန်းကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဉီးအောင်အောင်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်း၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဉီးမင်းမင်းလွင်၊ အဆင့်မြင့်ပညာဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းထွန်း၊ ပြည်နယ်ပညာရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဉီးမြင့်လွင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ကြသည်။

ဆက်လက်၍ အခမ်းအနားဒုတိယပိုင်းကိုကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ်က ရှမ်းပြည်နယ် အစိုးရအဖွဲ့အနေဖြင့် လူရည်ချွန်မောင်မယ်များ လေ့လာရေးခရီးစဉ်တွင် ဒေသခံပြည်သူများ၏ဘဝ၊ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများနှင့် လက်မှုအနုပညာများ အစရှိသဖြင့် မှတ်သားဖွယ်ရာများကို ထဲထဲဝင်ဝင် သိရှိအောင် လေ့လာကြရန်နှင့် မိမိမှတစ်ဆင့် အခြားသူများကို ပြန်လည်မျှဝေပေးနိုင်ရေး ကြိုးစားလေ့လာရန် မှာကြားလိုကြောင်း၊ ရိုးရာယဥ်ကျေးမှု ဓလေ့ထုံးစံများကို ဆက်လက်ထိန်းသိမ်း စောင့်ရှောက်ကြရန်၊ မတူညီသော ယဥ်ကျေးမှုဓလေ့ထုံးစံများကို အချင်းချင်းဖလှယ်ရယူပြီး တစ်ဦးပေါ် တစ်ဦးနားလည်ကာ ပြည်ထောင်စုစိတ်ဓာတ် ရင့်သန်လာစေရန်၊ တိုင်းရင်းသားညီအစ်ကို မောင်နှမ အချင်းချင်း ချစ်ခင်ရင်းနှီးမှုများ ပိုမိုရရှိကြစေရန် အထူးမျှော်လင့်မိပါကြောင်း၊ နိုင်ငံအကျိုး၊ လူမျိုးအကျိုး၊ ဘာသာသာသနာ ပညာအကျိုးတို့ကို ကိုယ်စွမ်းရှိသမျှ၊ ဥာဏ်စွမ်းရှိသမျှ၊ ဝီရိယစွမ်းအားရှိသမျှ သယ်ပိုးထမ်းဆောင်ကြရန် ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က လူရည်ချွန်မောင်မယ်များနှင့် လူရည်ချွန်ကြီးကြပ်များကို ဂုဏ်ပြုချီးမြှင့်ငွေနှင့် လူရည်ချွန်မောင်မယ်များကိုယ်စား ကျောင်းသားတစ်ဉီးကို ရင်ထိုးတံဆိပ် တပ်ဆင်ပေးပြီး ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး၊ ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယကက လူရည်ချွန် မောင်မယ်များကိုယ်စား ကျောင်းသူတစ်ဉီးကို ရင်ထိုးတံဆိပ်တပ်ဆင်ပေး၍ ပြည်နယ် လူမှုရေးရာဝန်ကြီးက ရင်ထိုးတံဆိပ်များပေးအပ်ရာ လူရည်ချွန်မောင်မယ်များကိုယ်စား လူရည်ချွန်မောင်မယ် နှစ်ဉီးကလက်ခံရယူသည်။

ယင်းနောက် ၂၀၂၄ ခုနှစ်၊ တောင်ကြီးလူရည်ချွန်စခန်းဖွင့်ပွဲ အထိမ်းအမှတ်လက်ဆောင်များကို ဧည့်သည်တော်များအား နေရာအရောက်ပေးအပ်ပြီး လူရည်ချွန် (၁၉၆၄-၁၉၈၈) အဖွဲ့က ပြည်နယ် ဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များအား အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်၍ လူရည်ချွန် မောင်မယ်များနှင့် မှတ်တမ်းတင်ဓါတ်ပုံရိုက်ကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လူရည်ချွန် မောင်မယ်များကို ရင်းရင်းနှီးနှိးနှုတ်ဆက်ကြသည်။

ဆက်လက်၍ တောင်ကြီးလူရည်ချွန်အပန်းဖြေစခန်းမှ လူရည်ချွန်မောင်မယ်များသည် စူဠာမုနိဘုရားအား သွားရောက်ဖူးမျှော်လေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသကြသည်။

ထို့နောက် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် နေ့လယ်စာသုံးဆောင်ကြပြီး တောင်ကြီးမြို့၏ ကျက်သရေဆောင် ရွှေဘုန်းပွင့်ဘုရားအား သွားရောက်ဖူးမျှော်ကာ ဘုရားပေါ်မှ တောင်ကြီးမြို့၏သဘာဝ အလှရှုခင်းများ ကြည့်ရှု၍ အမှတ်တရဓာတ်ပုံများ ရိုက်ကြသည်။ ယင်းနောက် တောင်ကြီးမြို့ မြို့မဈေးသို့သွားရောက်၍ ဒေသထွက်ကုန်များနှင့် စားသောက်ကုန်များ၊ လူသုံးကုန်များ ရောင်းဝယ်နေမှုကို ကြည့်ရှုလေ့လာကြပြီး အမှတ်တရအဖြစ် ဒေသထွက်ကုန်များကို ဝယ်ယူအားပေးကြသည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ ဒသမတန်း လူရည်ချွန် မောင်မယ် (၁၄၀) တို့သည် တောင်ကြီးလူရည်ချွန် အပန်းဖြေစခန်းတွင် အခြေပြု၍ ရှမ်းပြည်နယ် (တောင်ပိုင်း) အတွင်းရှိ အထင်ကရဘုရားစေတီပုထိုးများ၊ အထင်ကရနေများသို့ လှည့်လည်လေ့လာ သွားမည်ဖြစ်ကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)