နေပြည်တော် ဖေဖော်ဝါရီ ၉
၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်အပြည်ဆိုင်ရာကွန်းဗင်းရှင်း ဗဟိုဌာန -၁ ၌ ခမ်းနားထည်ဝါစွာ ကျင်းပသွားမည်ဖြစ်သည်။
အဆိုပါ အခမ်းအနားတက်ရောက်ရန် သက်ကြီးအနုပညာရှင် ၂၇ ဦးတို့သည် ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်၏စီစဉ်ပေးမှုဖြင့် ရန်ကုန်မြို့မှ တပ်မတော်လေယာဉ်ဖြင့် ထွက်ခွာလာကြပြီး နေပြည်တော်သို့ ရောက်ရှိကြရာ တာဝန်ရှိသူများက နေပြည်တော် လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြပြီး ခေတ္တတည်းခိုနေထိုင်ကြမည့် နေရာများသို့ လိုက်လံပို့ဆောင်ပေးကြသည်။
ယခုကဲ့သို့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားသို့ စိတ်အေးချမ်းသာစွာဖြင့် အဆင်ပြေ ချောမွေ့စွာ တက်ရောက်နိုင်ရန် စီစဉ်ပေးမှုအပေါ် ဒါရိုက်တာ ဦးအောင်မြင့်မြတ် က “နိုင်ငံတော်အနေနဲ့ ကျွန်တော်တို့လို အနုပညာရှင်တွေကို မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲ တက်ရောက်ဖို့ သေချာလေးစီစဉ်ပေးတဲ့အတွက် ဝမ်းသာမိပါတယ်။ အကယ်ဒမီပွဲဆိုတာ တစ်နှစ်မှာ တစ်ခါပဲ ကျင်းပတဲ့ပွဲ ဖြစ်တဲ့အတွက် အနုညာရှင်တိုင်းတက်ရောက်ချင်ကြပါတယ်။ အထူးသဖြင့် ကျွန်တော်တို့လို အသက်ကြီးတဲ့သူတွေက ကျန်းမာမှပဲ တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ အခုလိုတက်ရောက်ခွင့်ရတဲ့အတွက်လည်း ပျော်ရွင်မိသလို ထူးချွန်ဆုတွေ ရရှိကြမယ့် အနုပညာရှင်တွေကိုလည်း အားပေးသွားမှာဖြစ်ပါတယ်။ အခုလို အကယ်ဒမီ ပေးပွဲကြီးကို အဆင်ပြေစွာ တက်ရောက်နိုင်ဖို့စီစဉ်ပေးတဲ့ တာဝန်ရှိသူတွေကိုလည်း ကျေးဇူးတင်ရှိပါတယ်” ဟုပြောသည်။
မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲသို့ တက်ရောက်လာသည့် ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီဒေစီကျော်ဝင်းကလည်း “ ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို တက်ရောက်ခွင့်ရတဲ့အတွက် အတိုင်းမသိဝမ်းသာမိပါတယ်။ ဒီအကယ်ဒမီဆုပေးပွဲကို စိတ်အေးချမ်းသာစွာနဲ့ အဆင်ပြေပြေတက်ရောက်နိုင်ဖို့ လေယာဉ်နဲ့စီစဉ်ပေးတဲ့အတွက် နိုင်ငံတော်ကို ကျေးဇူးတင်ပါတယ်။ ဆုပေးပွဲကြီးကလည်း အလွန်ကိုခမ်းနားထည်ဝါစွာ စီစဉ်ဆောင်ရွက်ထားတယ်လို့လည်း သိရှိရပါတယ်။ နိုင်ငံတော်အနေနဲ့ အနုပညာရှင်တွေအပေါ် ဂရုတစိုက် ဝိုင်းဝန်းပံ့ပိုးပေးတဲ့အတွက် ပိုပြီးဝမ်းသာပီတိဖြစ်မိ ပါတယ်” ဟုပြောသည်။
ဒါရိုက်တာ မောင်နှင်းမိုးကလည်း “ အခုကျင်းပတဲ့ အကယ်ဒမီပေးပွဲကို တက်ရောက်ခွင့် ရဖို့အတွက် နိုင်ငံတော် အစိုးရကနေ လိုအပ်သမျှ အကုန်စီစဉ်ဆောင်ရွက်ပေးပါတယ်။ အခု အကယ်ဒမီပေးပွဲ အခမ်းအနားကို တက်ရောက်မယ့် သက်ကြီးအနုပညာရှင်တွေကို စုစည်းပြီးတော့ ရန်ကုန်ကနေ လေယာဉ်နဲ့ ရောက်ရှိလာတာဖြစ်ပါတယ်။ ဒီကို ရောက်တော့လည်း အကျွေးအမွေးကအစ အားလုံးစီစဉ်ဆောင်ရွက်ပေးကြ ပါတယ်။ အကယ်ဒမီပေးပွဲဆိုတာ ကျွန်တော်တို့ ရုပ်ရှင်လောကသားတွေ တက်ရောက်ချင်ကြတဲ့ ပွဲကြီးလည်း ဖြစ်တဲ့အတွက် ရုပ်ရှင်သမားတိုင်း တက်ရောက်ချင်ကြသလို အကယ်ဒမီဆုကိုလည်း အလွန်ကို လိုချင်ကြပါတယ်။ ဒီနှစ်မှာလည်း အကယ်ဒမီ ဆုတွေရရှိကြမယ့် သရုပ်ဆောင်တွေကိုအားပေးရင်း တက်ရောက်ခွင့်ရအောင် စီစဉ်ဆောင်ရွက်ပေးကြသူတွေ အားလုံးကို ကျေးဇူးတင်ရှိ ပါတယ်” ဟုပြောသည်။
သတင်းစဉ်