၂၁၁၃ ခုနှစ် ရှမ်းရိုးရာ ကောက်သစ်စားပွဲနှင့် ရှမ်းနှစ်သစ်ကူးပွဲတော် အခမ်းအနား မူဆယ်မြို့တွင် ကျင်းပ

မူဆယ်  ၉  ဒီဇင်ဘာ 

 

မူဆယ်မြို့နယ် ရှမ်းစာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ကြီးမှူးကျင်းပသည့် ၂၁၁၃ ခုနှစ် ရှမ်းရိုးရာ ကောက်သစ်စားပွဲနှင့် ရှမ်းနှစ်သစ်ကူးပွဲတော် အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

 

အခမ်းအနားတွင် ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်း ရှမ်းမောင်မယ်များမှ ရှမ်းရိုးရာအကဖြင့် အခမ်းအနားကို စတင်ဖွင့်ခဲ့ပြီး တောင်ကြီး ရှမ်းစာပေနှင့် ယဉ်ကျေးမှုဗဟိုဥက္ကဋ္ဌ ဦးစိုင်းမောင်တင်ထံမှ ပေးပို့သည့် နှစ်သစ်မင်္ဂလာ သဝဏ်လွှာကို ရှမ်းစာနှင့် ယဉ်ကျေးမှုနာယက ဦးစိုင်းစောဝ့်က ဖတ်ကြားခဲ့သည်။

 

 

ထို့နောက် ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းဖိုးမြတ်က အမှာစကားပြောကြားပြီး ခရိုင်အုပ်ချုပ်ရေးမှူးက နှုတ်ခွန်းဆက်စကားနှင့် မူဆယ်မြို့ ရှမ်းစာပေနှင့် ယဉ်ကျေးမှု ကော်မတီဥက္ကဋ္ဌ ဦးစိုင်းစောညွှန့်က နှစ်သစ်မင်္ဂလာ ဆုတောင်းစကား ပြောကြားခဲ့သည်။

 

အခမ်းအနားတွင် ရှမ်းစာပေ ထူးချွန်ဆုရရှိသည့် ရှမ်းလူငယ် မောင်မယ်များနှင့် (၂၀၁၇-၂၀၁၈)ခုနှစ် တက္ကသိုလ်ဝင်တန်းအောင် ရှမ်းလူငယ် မောင်မယ်များကို သက်ဆိုင်ရာ တာဝန်ရှိသူများက အသီးသီး ဆုချီးမြှင့်ခဲ့ကြသည်။

 

အခမ်းအနားသို့ ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဖိုးမြတ်၊ ဦးစိုင်းကျော်သိန်း၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးလှိုင်စိုးသန့်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးမျိုးညွှန့်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူရိန်၊ ဌာဆိုင်ရာ အကြီးအကဲများ၊ ရှမ်းစာပေယဉ်ကျေးမှု အသင်းအဖွဲ့များ၊ လူမှုကယ်ဆယ်ရေး အသင်းအဖွဲ့များ၊ တိုင်းရင်းသား ယဉ်ကျေးမှု အသင်းအဖွဲ့များနှင့် ဒေသခံ ရပ်မိ/ရပ်ဖများ စုစုပေါင်း (၂၀၀၀)ခန့် တက်ရောက်ခဲ့ကြသည်။

 

ဗန်ရိုးထန်(ပြန်/ဆက်)