(၂၆)ရုံမြောက် မင်္ဂလာအဆင့်မြင့်(တာမွေ) ရုပ်ရှင်ရုံသစ် (အောင်မင်္ဂလာ မှတ်တိုင်အနီး) ဖွင့်လှစ်

ရန်ကုန် ၈ နိုဝင်ဘာ 

 

လူဦးရေ ၄၂၆ ဦးခန့် ကြည့်ရှုနိုင်မည့် မင်္ဂလာအဆင့်မြင့်(တာမွေ) ရုပ်ရှင်ရုံသစ်ကို ယနေ့ ညနေပိုင်းတွင် ရန်ကုန်မြို့ တာမွေမြို့နယ် အရိုးကုန်းရပ်ကွက် ဗညားဒလလမ်း (အောင်မင်္ဂလာ မှတ်တိုင်အနီး)၌ ဖွင့်လှစ်လိုက်သည်။

 

အဆိုပါ ရုပ်ရှင်ရုံဖွင့်ပွဲနှင့်စပ်လျဉ်း၍ မင်္ဂလာကုမ္ပဏီ မန်နေဂျာ ဦးစောလွင်က “ဒီမြို့နယ်မှာရှိတဲ့ ရုပ်ရှင်ချစ်ပရိသတ်တွေ သက်သောင့်သက်သာနဲ့ ရုပ်ရှင်ရဲ့ အရသာကို ကြည့်ရှုခံစားနိုင်ဖို့ ဖွင့်လှစ်ခြင်း ဖြစ်ပါတယ်။ ရုပ်ရှင်ရုံကြီးကို နိုင်ငံတကာ စံချိန်မီ ဆောင်ရွက်ထားပါတယ်”ပြောသည်။ 

 

မင်္ဂလာအဆင့်မြင့်(တာမွေ) ရုပ်ရှင်ရုံသစ်တွင် (2D ၊ 3D ၊ Cinema-1၊ Cinema-2 ဟူ၍ နှစ်ရုံရှိပြီး ဖွင့်ပွဲအနေဖြင့် ဇာတ်ညွှန်းနှင့် ဒါရိုက်တာဏကြီး ရိုက်ကူးသည့် `မီ´ဇာတ်ကားနှင့် `Thugs of Hindostan´ နိုင်ငံခြားဇာတ်ကားတို့ကို နိုဝင်ဘာ ၉ ရက်တွင် စတင်ပြသသွားမည်ဖြစ်သည်။

 

အဆိုပါရုပ်ရှင်ရုံတွင် နိုင်ငံခြားရုပ်ရှင်များနှင့် မြန်မာရုပ်ရှင်ဇာတ်ကားများကို အလှည့်ကျပြသသွားမည်ဖြစ်ပြီး Cinema-1 တွင် ၂၁၃ ခုံနှင့် Cinema-2 တွင် ၂၁၃ ခုံ စုစုပေါင်း လူဦးရေ ၄၂၆ ဦး ကြည့်ရှုနိုင်မည်ဖြစ်သည်။ ယနေ့တွင် `မီ´ မြန်မာ ရုပ်ရှင်ကားနှင့် `Thugs of Hindostan´ နိုင်ငံခြားရုပ်ရှင်ကားတို့ဖြင့် ဖွင့်လှစ်ပြသခဲ့ပြီး  ပွဲစဉ်များအနေဖြင့် နံနက် ၁၀ နာရီ၊ မွန်းလွဲ ၁၂ နာရီခွဲ၊ မွန်းလွဲ ၃ နာရီခွဲ၊ ည ၆ နာရီခွဲ၊ ည ၉ နာရီခွဲအထိ တစ်နေလျှင် ငါးပွဲ ပြသသွားမည်ဖြစ်ပြီး လက်မှတ်နှုန်းထားများကို 2D တွင် ကျပ် ၁၅၀၀၊ ၂၅၀၀၊ ၃၀၀၀၊ ၄၅၀၀ နှင့် 3D တွင် ကျပ် ၂၀၀၀၊ ၃၀၀၀၊ ၃၅၀၀ နှင့် ၅၀၀၀ သတ်မှတ်ထားသည်။  

 

ယနေ့ဖွင့်လှစ်သည့် မင်္ဂလာအဆင့်မြင့်(တာမွေ) ရုပ်ရှင်ရုံသည် မင်္ဂလာကုမ္ပဏီ၏ ၂၆ ရုံမြောက်ဖြစ်သည်။

 

မြန်မာနိုင်ငံတွင် ရုပ်ရှင်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ရုပ်ရှင်စတူဒီယိုများ မွမ်းမံပြင်ဆင်ပေးခြင်း၊ ရုပ်ရှင်အတတ်ပညာနှင့် နည်းပညာများ ဆွေးနွေးတိုင်ပင်နိုင်မည့် ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာ ဖွင့်လှစ်ပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။

 

အဆိုပါစင်တာတွင် အလုပ်ရုံဆွေးနွေးပွဲများ၊ ဇာတ်ညွှန်းနှင့်ပတ်သက်သည့် ဆွေးနွေးပွဲများကို လစဉ်၊ အပတ်စဉ် ကျင်းပပေးလျက်ရှိပြီး မြန်မာ့ရုပ်ရှင်ဖွံ့ဖြိုး တိုးတက်ရေးအတွက် လေ့ကျင့်သင်ကြားခြင်း၊ အပြန်အလှန် ဆွေးနွေးတိုင်ပင်ခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိသည်။ 

 

ရုပ်ရှင်ဇာတ်ကားထုတ်လုပ်မှုမှာ ၂၀၁၄ ခုနှစ်တွင် ၉ ကား၊ ၂၀၁၅ ခုနှစ်တွင် ၃၂ ကား၊ ၂၀၁၆ ခုနှစ်တွင် ၉၈ ကား၊ ၂၀၁၇ ခုနှစ်တွင် ၁၅၈ ကားနှင့် ၂၀၁၈ ခုနှစ် ယခုလအထိ ဇာတ်ကား ၁၂၄ ကားအထိ တိုးတက်ထုတ်လုပ်လာနိုင်ခဲ့သည်။

 

အဆိုပါရုပ်ရှင်ဇာတ်ကားများကို ပြသရန် ရုပ်ရှင်ရုံများကို တိုးချဲ့တည်ဆောက်လျက်ရှိပြီး ဒီဂျစ်တယ်စနစ်သို့ ပြောင်းလဲဆောင်ရွက်လျက်ရှိသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရုပ်ရှင်ရုံများ တိုးချဲ့ဖွင့်လှစ်နိုင်ရန် ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့်လည်း ချိတ်ဆက်စီမံဆောင်ရွက်ပေးလျက်ရှိသည်။

 

မြန်မာတစ်နိုင်ငံလုံး၌ ၂၀၁၃ ခုနှစ်တွင် ရုပ်ရှင်ရုံ ၁၉ ရုံ၊ ပိတ်ကား ၁၉ ခုရှိခဲ့ရာမှ ယခုအခါ ရုပ်ရှင်ရုံ ၁၁၆ ရုံ၊ ပိတ်ကား ၁၃၆ ခုအထိ တိုးမြှင့်ဖွင့်လှစ်လာနိုင်ခဲ့သည်။

 

ရုပ်ရှင်ရုံများ တိုးမြှင့်ဖွင့်လှစ်နိုင်ခြင်းနှင့် ပတ်သက်၍ ရုပ်ရှင်သရုပ်ဆောင် ပိုင်ဖြိုးသု က  “ရုပ်ရှင်ရုံတွေ များများပေါ်လာလေ ပိုကောင်းလေ၊ မြန်မာ့ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်လာဖို့ဆိုရင် ရုပ်ရှင်ရုံတွေ အများကြီးလိုအပ်ပါတယ်၊ အဆင့်မြှင့်ရုပ်ရှင်ရုံ ဖွင့်ပွဲမှာ ကိုယ့်ရဲ့ကားလေးကို ပြသခွင့်ရတဲ့အတွက် ဂုဏ်ယူပါတယ်’ဟု ပြောသည်။

 

“ရုပ်ရှင်ရုံတစ်ရုံ ထပ်တိုးလာတော့ ရုပ်ရှင်လောကအတွက် အထောက်အကူ ဖြစ်ပါတယ်။ အနုပညာသမားတွေ အတွက်ကတော့ ရုပ်ရှင်ရုံအရေအတွက်တွေ နည်းနေတဲ့အတွက် ရုပ်ရှင်ကားတွေရုံတင်ပြသဖို့ အခက်အခဲတွေရှိပါတယ်။ ရုပ်ရှင်ရုံတွေ ထပ်တိုးလေ ပိုကောင်းလေ၊ ဘာပဲဖြစ်ဖြစ် ကျေနပ်တယ်၊ ပီတိဖြစ်ပါတယ်”ဟု ရုပ်ရှင် သရုပ်ဆောင် ခွန်းဆင့်နေခြည်က ပြောသည်။

 

အဆိုပါ ရုပ်ရှင်ရုံသစ်ဖွင့်ပွဲ အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ရုပ်ရှင်အနုပညာရှင်၊ အတတ်ပညာရှင်များ၊ ရုပ်ရှင်ချစ်ပရိသတ်များနှင့် မီဒီယာများ တက်ရောက်ခဲ့ကြသည်။ 

 

သတင်း - ရီရီမြင့်
ဓာတ်ပုံ - ရဲထွဋ်