၂ဝ၁၉ ခုနှစ် နာဂရိုးရာ နှစ်သစ်ကူးပွဲတော်တွင် ခရီးသွားများ လေ့လာတည်းခိုနိုင်မည့် ရိုးရာအိမ်များ ဆောက်လုပ်မည်

မုံရွာ ၂၆ စက်တင်ဘာ 

 

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့တွင် ကျင်းပမည့် ၂ဝ၁၉ ခုနှစ် နာဂရိုးရာ နှစ်သစ်ကူးပွဲတော်ကာလအတွင်း နာဂရိုးရာနေအိမ်များနှင့် ရိုးရာအသုံးအဆောင်ပစ္စည်း ပြခန်းများကို ဆောက်လုပ်ပေးထားမည်ဖြစ်ကြောင်း သိရသည်။

 

''ခရီးသွားလုပ်ငန်းအနေနဲ့ လာချင်တဲ့ ပြည်တွင်းခရီးသွား၊ နိုင်ငံခြားခရီးသွားအနေနဲ့လည်း ကုမ္ပဏီတွေနဲ့ ချိတ်ဆက်ပြီး လာလို့ရတယ်၊ နိုင်ငံခြားခရီးသွားတွေနဲ့ ပြည်တွင်းခရီးသွားတွေ လာရောက်တဲ့အခါမှာ နာဂလူမျိုးတွေရဲ့ ထူးခြားတဲ့ရိုးရာတွေရဲ့ အနှစ်သာရတွေ၊ အသုံးအဆောင်ပစ္စည်းတွေကို လေ့လာနိုင်အောင် ပြခန်းတွေနဲ့ စီစဉ်ပေးထားမယ်၊ ရိုးရာအိမ်တွေမှာ တည်းခိုနေထိုင်နိုင်အောင် ဆောက်လုပ်ပေးထားမယ့် ဝန်ဆောင်မှုတွေကို နာဂရိုးရာပွဲတော် ကာလအတွင်းမှာ လုပ်ဆောင်ပေးထားဖို့ စီစဉ်နေပါတယ်။ အရင်က နန်းယွန်းမြို့နယ်က ကန့်သတ်နယ်မြေဟုတ်တယ်၊ လဟယ်မြို့နယ် ဆိုတာကလည်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲခဲ့တယ်၊ လေရှီးမြို့နယ်ကျတော့ သွားလာရေးလည်း ကောင်းတယ်၊ လွယ်ကူလာတဲ့အတွက် ပိုပြီးလာမယ်လို့တော့ မျှော်လင့်ထားတယ်'' ဟု လေရှီးမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦရိထင်က ပြောသည်။

 

နာဂရိုးရာ နှစ်သစ်ကူးပွဲတော်များကို ၂ဝ၁၅ ခုနှစ်တွင် လေရှီးမြို့နယ်တွင်လည်းကောင်း၊ ၂ဝ၁၆ ခုနှစ် နှင့် ၂ဝ၁၇ ခုနှစ်များတွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ ရုံးစိုက်ရာ လဟယ်မြို့နယ်တွင် လည်းကောင်း၊ ၂ဝ၁၈ ခုနှစ်တွင် နန်းယွန်းမြို့နယ်တွင် ကျင်းပခဲ့ပြီး လာမည့် ၂ဝ၁၉ ခုနှစ်တွင် နာဂရိုးရာ နှစ်သစ် ကူးပွဲတော်ကို လေရှီးမြို့နယ်တွင် ကျင်းပနိုင်ရေး စီစဉ်လျက်ရှိကြောင်း သိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)