(၄၄) နှစ်မြောက် ရခိုင်ပြည်နယ်နေ့အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

စစ်တွေ  ၇   နိုဝင်ဘာ 

 

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ(၁၅)ရက်တွင် ကျရောက်မည့် (၄၄)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို နိုဝင်ဘာ ၆ ရက် ညနေပိုင်းတွင် ပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

 

အစည်းအဝေးတွင် (၄၄) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနား ကျင်းပရေး ဦးစီးကော် မတီနာယက ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ရခိုင်ပြည်နယ်နေ့ အခမ်းအနားကို နှစ်စဉ်နှစ်တိုင်း ကျင်းပလာခဲ့သည်မှာ (၄၄)နှစ်မြောက် ရှိလာပြီဖြစ်ကြောင်း၊ တစ်ထက်တစ်နှစ် ပိုမိုပြီး စည်စည် ကားကားဖြင့် အနှစ်သာရရှိရှိ အောင်မြင်စွာ ကျင်းပနိုင်ရန်လိုအပ်ပါကြောင်း၊ 

 

ထို့ကြောင့် လွန်ခဲ့သောနှစ်များက အတွေ့အကြုံများအပေါ်တွင် အခြေခံကာ ယခုနှစ်တွင် ရည်ရွယ်ချက် ကောင်းကောင်းဖြင့် ပိုမိုစည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်အောင် တာဝန်ရှိသူများ အနေဖြင့် ဆောင်ရွက်သွားရန် အရေးကြီးပါကြောင်း၊ ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနား များကိုလည်း ယခင်နှစ်များထက် ကဏ္ဍအသစ်အဆန်းများ ထည့်သွင်း ကျင်းပနိုင်ရေးအတွက် တက်ရောက်လာကြသော ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက ဝိုင်းဝန်းဆွေးနွေး ပေးကြစေလို ကြောင်း ပြောကြားသည်။ 

 

 

ထို့နောက် (၄၄)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းက ကျင်းပ ရေး လုပ်ငန်းကော်မတီများ ဖွဲ့စည်းထားမှုနှင့် ကော်မတီ၏ လုပ်ငန်းတာဝန်များကို ရှင်းလင်း ပြောကြားသည်။ 

 

ယင်းနောက် ပြည်နယ်နေ့ ကျင်းပရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများက အထိမ်းအမှတ် ပြိုင်ပွဲများနှင့် ပျော်ပွဲရွှင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ထည့်သွင်းကျင်းပနိုင်ရေး ဆွေးနွေးတင်ပြကြရာ ဦးစီးကော်မတီနာယက ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာ ဌာနများနှင့် လုပ်ငန်းကော်မတီများအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ 

 

(၄၄)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားတွင် ရခိုင်ရိုးရာကျင်ပြိုင်ပွဲ၊ ရခိုင်ရိုးရာ ဝတ္ထု (ပုံပြင်ပြော) ပြိုင်ပွဲများ၊ ရခိုင်သုတပြိုင်ပွဲ၊ စာစီစာကုံး၊ ပန်းချီ၊ ဂေါက်သီးရိုက်၊ ထုပ်ဆီးထိုး၊ ခေါင်းအုံးရိုက်၊ ချောတိုင်တက်၊ ပိုက်ကျော်ခြင်း၊ မီနီမာရသွန်ပြိုင်ပွဲများ၊ တေးဂီတ ဖျော်ဖြေရေးနှင့် ရိုးရာ ယဉ်ကျေးမှုနှင့် ဝတ်စားဆင်ယင်မှု ပြိုင်ပွဲများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

 

တင်ထွန်း(ပြန်/ဆက်)