(၅၇)ကြိမ်မြောက် အာဆီယံခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့ အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်


နေပြည်တော်၊ ဖေဖော်ဝါရီ ၅

အာဆီယံခရီးသွားလုပ်ငန်းဖိုရမ် - ၂၀၂၃ နှင့်ဆက်စပ်၍ အာဆီယံခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို အင်ဒိုနီးရှားနိုင်ငံက ဖေဖော်ဝါရီ ၂ ရက်မှ ၃ ရက်အထိ ဂျော့ဂျကာတာမြို့ရှိ Marriot ဟိုတယ်တွင် In Person စနစ်ဖြင့်  အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည်။
 အဆိုပါအစည်းအဝေးများသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့ ခေါင်းဆောင်များ၊ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ အိန္ဒိယနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့မှ ခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့များမှ ကိုယ်စားလှယ်များ၊ အာဆီယံ - တရုတ်ဗဟိုဌာန၊ အာဆီယံ - ဂျပန်ဗဟိုဌာန၊ အာဆီယံ - ကိုရီးယား ဗဟိုဌာနတို့မှ ကိုယ်စားလှယ်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံမှ ခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့ခေါင်းဆောင်၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့သည်။ 

မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဖေဖော်ဝါရီ ၂ ရက်တွင် (၅၇) ကြိမ်မြောက် အာဆီယံခရီးသွား လုပ်ငန်း အာဏာပိုင် အဖွဲ့အစည်းအဝေးကိုလည်းကောင်း၊ ဖေဖော်ဝါရီလ ၃ ရက်တွင် (၄၂) ကြိမ်မြောက် အာဆီယံ + ၃ (တရုတ်၊ ဂျပန်၊ ကိုရီးယား) ခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့အစည်းအဝေး၊ (၂၉) ကြိမ် မြောက် အာဆီယံ + အိန္ဒိယ ခရီးသွားလုပ်ငန်း အဖွဲ့အစည်းအဝေးနှင့် (၁၃) ကြိမ် မြောက်အာဆီယံ + ရုရှား ခရီးသွားလုပ်ငန်း ညှိနှိုင်းအစည်းအဝေးများသို့ ပါဝင်တက်ရောက်ခဲ့ကြသည်။ 

အဆိုပါ အစည်းအဝေးများတွင် အာဆီယံခရီးသွားလုပ်ငန်း မဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၅) အရ အာဆီယံဒေသတွင်း လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ သတင်းအချက်အလက်မျှဝေရေး၊ ခရီးသွားလုပ်ငန်း မြှင့်တင်ရေး၊ ပြည်သူအချင်းချင်း ကူးလူးဆက်သွယ်ရေး၊ အာဆီယံဒေသတွင်း ခရီးသွားလုပ်ငန်းများ ပြန်လည်ထူထောင်ရေး၊ ဘေးကင်းလုံခြုံ၍ အရည်အသွေးပြည့်ဝသော ခရီးသွား လုပ်ငန်းများ ပြန်လည်ဦးမော့လာစေရေးအတွက် သက်ဆိုင်ရာ ဦးဆောင်နိုင်ငံများမှ ၂၀၂၂ ခုနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့မှု အခြေအနေများနှင့် ၂၀၂၃ ခုနှစ်အတွင်း ဆက်လက်ဆောင် ရွက်သွားမည့်အခြေအနေများကို ဆွေးနွေးညှိနှိုင်းခဲ့သည်။

ထို့အတူ အာဆီယံဗဟိုဌာနများဖြစ်သည့် အာဆီယံ - တရုတ်ဗဟိုဌာန၊ အာဆီယံ - ဂျပန်ဗဟိုဌာန၊ အာဆီယံ - ကိုရီးယားဗဟိုဌာနများအပါအဝင် အာဆီယံ မိတ်ဖက်နိုင်ငံများဖြစ်သည့် အာဆီယံအပေါင်း တရုတ်၊ ဂျပန်၊ ကိုရီးယားနိုင်ငံများ၊ အာဆီယံအပေါင်း အိန္ဒိယနိုင်ငံ၊ အာဆီယံအပေါင်း ရုရှားဖက်ဒရေး ရှင်းနိုင်ငံများနှင့် ခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်မှု မူဘောင်များအလိုက် ဒေသတွင်းခရီးသွားလုပ်ငန်းများ ဘေးကင်းလုံခြုံစွာဖြင့် ပြန်လည်ထူထောင်ရာတွင် အတွေ့အကြုံ ကောင်းများနှင့် သတင်းအချက်အလက်များ အပြန်အလှန်ပြန်လည်မျှဝေခြင်း၊ လူသားအရင်းအမြစ်များ ပြန်လည်ဖွံ့ဖြိုးတိုးတက်အောင် စီမံဆောင်ရွက်ခြင်း၊ ပူးပေါင်းစျေးကွက်မြှင့်တင်ရေးနှင့် ခရီးသွားလုပ်ငန်း ရေရှည်တည်တံ့ခိုင်မြဲရေး ပူးပေါင်းဆောင်ရွက်ခြင်း ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို  ဆွေးနွေးညှိနှိုင်းခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။ 

 

mdn

 

မြန်မာနိုင်ငံအနေဖြင့် အာဆီယံခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်များအနက်        ဦးဆောင်နိုင်ငံအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် အာဆီယံခရီးသွားလုပ်ငန်းကျွမ်းကျင် ပညာရှင်များ အပြန်အလှန် အသိအမှတ်ပြုရေးအစီအစဉ် (ASEAN MRA-TP) အရ အလုပ်အကိုင်အမျိုး အစားများနှင့် ကျွမ်းကျင်မှုအဆင့်အလိုက် ကျွမ်းကျင်မှုစံနှုန်းများစုဖွဲခြင်းနှင့်  အဓိကတာဝန်ယူဆောင် ရွက်မည့်ကျွမ်းကျင်မှုစံနှုန်းများ ရွေးချယ်ခြင်းဆိုင်ရာ လုပ်ငန်းစီမံကိန်းကို (၅၇) ကြိမ်မြောက် အာဆီယံ ခရီးသွားလုပ်ငန်းအာဏာပိုင် အဖွဲ့အစည်းအဝေးတွင် အတည်ပြုခဲ့သည်။ 

ထို့ပြင် အာဆီယံခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့များမှ နိုင်ငံအလိုက် ခရီးသွားလုပ်ငန်းဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို ကမ္ဘာ့မီဒီယာများသို့ ရှင်းလင်းတင်ပြသည့် သတင်းစာရှင်းလင်း ပွဲသို့ မြန်မာနိုင်ငံမှ ပါဝင်တက်ရောက် ရှင်းလင်းတင်ပြခဲ့ပြီး အာဆီယံခရီးသွား လုပ်ငန်းပြပွဲအစီအစဉ်တွင်လည်း မြန်မာနိုင်ငံမှ ခရီးသွားပြခန်းများ ပါဝင်ခင်းကျင်းပြသခဲ့သည်။

မြန်မာနိုင်ငံသည် အာဆီယံခရီးသွားလုပ်ငန်းဖိုရမ် - ၂၀၂၃ တွင် ချီးမြှင့်သည့် ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်းဆု (၁) ဆုနှင့် အာဆီယံအများပြည်သူသုံး သန့်စင်ခန်းဆု (၅) ဆုတို့ကို ရရှိခဲ့ကြောင်း သိရသည်။

သတင်းစဉ်