(၆၃) နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် ဓာတ်ပုံပြိုင်ပွဲ ဆုချီးမြှင့်

ဘားအံ ၂ နိုဝင်ဘာ 

 

ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် (၆၃) နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ဓာတ်ပုံပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယနေ့ နေ့လည် ၁ နာရီက ဘားအံမြို့ လူထုအခြေပြုဗဟိုဌာန ခန်းမ၌ ကျင်းပခဲ့သည်။

 

ဓာတ်ပုံပြိုင်ပွဲကို (၆၃) နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် ထုတ်ဝေသည့် မဂ္ဂဇင်း၊ ပြက္ခဒိန်များတွင် ထည့်သွင်း အသုံးပြုနိုင်ရန်၊ ပြည်နယ်အတွင်း ခရီးသွားကဏ္ဍ မြှင့်တင်ရေးအတွက် အထင်ကရ အလှအပများ၊ သဘာ၀ ရှုမျှော်ခင်းများ၊  ဖွံ့ဖြိုးတိုးတက်မှုများ၊ အေးချမ်းသာယာမှုများ၊ ချစ်စဖွယ် တိုင်းရင်းသားတို့၏ လူနေမှု ဘဝပုံစံနှင့် ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကို ကရင်ပြည်နယ် ဓါတ်ပုံအသင်းမှ အသင်းဝင်များ ဖော်ညွှန်းရိုက်ကူးထားသည့် ဓာတ်ပုံပေါင်း ၁၀၂ ပုံ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

 

ဆုချီးမြှင့်ပွဲတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ဗမာတိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဦးတေဇထွဋ်လှိုင်ထွေးက အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးဒေါ်ခင်စောလင်းက ဓာတ်ပုံပြိုင်ပွဲ ကျင်းပဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းပြေကြားကာ ကရင်ပြည်နယ် ဓာတ်ပုံအသင်းဥက္ကဋ္ဌ ဦးတင်ထွဋ်နိုင်က ဆုရွေးချယ်မှုစနစ်အား ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ဗမာတိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီး ဦးတေဇထွဋ်လှိုင်ထွေး၊ ပအိုဝ်းတိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီး ဦးခွန်မျိုးတင့်နှင့် တာဝန်ရှိသူများက ဓာတ်ပုံပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသူ များအား ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပြိုင်ပွဲဝင် ဓါတ်ပုံလက်ရာများနှင့် ဆုရရှိသည့် ဓါတ်ပုံများအား ကြည့်ရှု့အားပေးခဲ့ ကြသည်။

 

ကရင်ပြည်နယ်ဓာတ်ပုံအသင်းကို ဓါတ်ပုံပညာဖြင့် ကရင်ပြည်နယ်၏ သဘာဝအလှအပများ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများ၊ ပွဲတော်များ၊ ကိုးကွယ်ယုံကြည်မှုနှင့် လူနေဘဝများကို ဖော်ထုတ်ပြသနိုင်ရန်၊ ပြည်နယ်၏ဖွံဖြိုး တိုးတက်မှုကို ကူညီဆောင်ရွက်ပေးနိုင်ရန်၊ ဓာတ်ပုံပညာ တိုးတက်ပြန့်ပွားစေရန်အတွက် ၂၀၁၆ ခုနှစ် သြဂုတ်လ ၁၁ ရက်နေ့က နာယကအဖွဲ့ဝင် (၅) ဦး၊ EC အဖွဲ့ ၁၅ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး ယခုအခါ ဓာတ်ပုံအသင်းသား ၁၁၀ ဦးခန့်ဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)