(၆၃)နှစ်မြောက် ကရင်ပြည်နယ်နေ့ပွဲတော်ကို ယခင်နှစ်များထက် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

ဘားအံ ၂၆ အောက်တိုဘာ 

 

(၆၃)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ်ပွဲတော်ကို အစဉ်အလာမပျက် နိုဝင်ဘာလ ၇ ရက်နေ့မှ ၁၁ ရက်နေ့ ထိ (၅)ရက်တိုင်တိုင် ယခင်နှစ်များထက် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း ယနေ့ နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည့် ကရင်ပြည်နယ်နေ့ အခမ်းအနားနှင့် ပွဲတော်ကျင်းပရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှ သိရသည်။

 

ကရင်ပြည်နယ်နေ့ပွဲတော်ကို JMC-S (ကရင်)ပြခန်း၊ ကရင်စာပေနှင့် ယဉ်ကျေးမှုပြခန်း၊ သစ်သီးဝလံနှင့် ပန်းမန်ပြခန်းတို့နှင့်အတူ ဌာနဆိုင်ရာပြခန်းများ၊ NGO၊INGOပြခန်းများအပါအဝင် ပြခန်းပေါင်း ၃၃ ခန်းကို ဖွင့်လှစ်ပြသသွားမည် ဖြစ်ကြောင်း၊ လူသုံးကုန်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ တိုင်းရင်းဆေးအမျိုးမျိုး၊ အဝတ်အထည်နှင့် အလှကုန်ပစ္စည်းများ၊ လယ်ယာသုံး စက်ကိရိယာပစ္စည်းများ အစရှိသော ကုန်စည်များရောင်းချသည့် ဆိုင်ခန်းပေါင်း ၃၀ဝ ကျော် ပါဝင်သည့် ကုန်စည်ပြပွဲကြီး ပါဝင်မည်ဖြစ်ပြီး ကရင်ရိုးရာယဉ်ကျေးမှု ဒုံးအကအဖွဲ့ ၁၃ ဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။ 

 

ထို့အပြင် ကရင်ပြည်နယ်နေ့အထိမ်းအမှတ်အားကစားပြိုင်ပွဲများကို နိုဝင်ဘာလ ၂ ရက်နေ့တွင် မြို့တော်ခန်းမ၌ ကာယဗလမောင်နှင့် ကာယအလှမယ်ပြိုင်ပွဲ၊ နိုဝင်ဘာ ၄ ရက်နေ့တွင် ဘားအံဂေါက်ကလပ်၌ ဂေါက်သီးရိုက်ပြိုင်ပွဲ၊ နိုဝင်ဘာ ၃ ရက်နေ့နှင့် ၄ ရက်တို့တွင် ခြင်းလုံးလေ့ကျင့်ရေးရုံ၌ ရိုးရာခြင်းလုံး အမှတ်ခတ် ပြိုင်ပွဲ၊ နိုဝင်ဘာ ၇ ရက်နှင့် ၈ ရက်နေ့တို့တွင် သီရိကွင်း၌ ရိုးရာခြင်းလုံး အလှခတ်ပြိုင်ပွဲ၊  နိုဝင်ဘာ ၅၊ ၆၊ ၇ ရက်များတွင် ကန်သာယာ၌ ရိုးရာလှေလှော်ပြိုင်ပွဲ၊ နိုဝင်ဘာ ၇ ရက်နေ့ မှ ၁၁ ရက်နေ့ထိ ရိုးရာလက်ဝှေ့ပြိုင်ပွဲ၊ ၁၀ ရက်နေ့မှ ၁၁ ရက် နေ့ထိ ဘားအံမြို့မတင်းနစ်ကလပ်၌ ဖိတ်ခေါ်တင်းနစ်ပြိုင်ပွဲများကို ကျင်းပသွားမည်ဖြစ်သည်။

 

အလားတူ တေးဂီတဖျော်ဖြေပွဲများအဖြစ် နိုဝင်ဘာ ၇၊ ၈၊ ၉ ရက်များတွင် နိုင်ငံကျော် တေးသံရှင်များဖြစ်သည့် ဝန၊ အောင်လ၊ လွှမ်းပိုင်၊ ဝိုင်းစုခိုင်သိန်း၊ Bobby Soxer တို့နှင့် ဒေသခံ တိုင်းရင်းသား တေးသံရှင်များမှ သီဆိုဖျော်ဖြေသွားမည်ဖြစ်ကြောင်းနှင့် ပြခန်းများ၊ ပျော်ပွဲရွှင်ပွဲများ၊ ကရင့်ရိုးရာ ယဉ်ကျေးမှုဒုံးအကပြိုင်ပွဲများ၊ ဇာတ်သဘင်အကအလှများ၊ ကရင်ရိုးရာအစားအစာနှင့် မုန်းဈေးရောင်းပွဲတော်များ၊ ကုန်စည်ပြပွဲများ၊ မြန်မာ့ရိုးရာ လက်ဝှေ့ စိန်ခေါ်ပွဲကြီးများ၊ စင်တင်တေးဂီတဖျော်ဖြေပွဲများ၊ အားကစားပြိုင်ပွဲများဖြင့် ယခင်နှစ်များထက် ပိုမိုစည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည်ကြောင်း သိရသည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)