(၇၁)နှစ်မြောက် ကချင်ပြည်နယ်နေ့ ဂုဏ်ပြုအထိမ်းအမှတ် မြန်မာ့ကျောက်စိမ်းရတနာ စိုက်ထူပွဲ အခမ်းအနားကျင်းပ

မြစ်ကြီးနား ၁၆ ဇန်နဝါရီ 

 

(၇၁)နှစ်မြောက် ကချင်ပြည်နယ်နေ့ ဂုဏ်ပြုအထိမ်းအမှတ် မြန်မာ့ကျောက်စိမ်းရတနာ စိုက်ထူပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် မြန်မာ့ကျောက်စိမ်းရတနာ စိုက်ထူမည့် မြစ်ကြီးနားလေဆိပ် အဆောက်အဦရှေ့၌ ကျင်းပသည်။

 

အခမ်းအနားတွင် ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့ အခမ်းအနားသည် (၇၁)နှစ်မြောက် ကချင်ပြည်နယ်နေ့ ဂုဏ်ပြုအထိမ်းအမှတ်အဖြစ် ပြည်နယ်အထိမ်းအမှတ် ကျောက်စိမ်းရတနာကို မြစ်ကြီးနားမြို့ လေဆိပ်အဆောက်အဦရှေ့၌ စိုက်ထူသည့် အခမ်းအနားဖြစ်ပါကြောင်း၊ ယခုကဲ့သို့ စိုက်ထူရသည့် ရည်ရွယ်ချက်မှာ မိမိတို့ ပြည်နယ်သည် ကျောက်စိမ်းထွက်ရှိသည့် ပြည်နယ်ဖြစ်သည့်အတွက် ပြည်နယ်အထိမ်းအမှတ် ကျောက်စိမ်းကို ပြည်သူများ လေ့လာသိရှိနိုင်ရန် အများပြည်သူ ဝင်ထွက်သွားလာရာ လေဆိပ်တွင် ထားရှိစိုက်ထူခြင်းဖြစ်ပါကြောင်း၊ လေဆိပ်တွင် စိုက်ထူထားရှိသည့်အတွက် ပြည်တွင်းခရီးသွားများအပြင် ပြည်ပခရီးသွားများလည်း မြန်မာ့ကျောက်စိမ်း ရတနာကို လေ့လာသိရှိနိုင်ကြမည် ဖြစ်ပါကြောင်း၊ ထိုသို့လေ့လာသိရှိခဲ့သည့်အတွက် ကျောက်စိမ်းနှင့်အတူ မိမိတို့၏ ပြည်နယ်ကိုလည်း တွဲဖက်အမှတ်ရ နေကြမည်ဖြစ်ပါကြောင်း၊ ထို့ပြင် မိမိတို့ ပြည်နယ်၏ အထိမ်းအမှတ် ကျောက်စိမ်းကို အများပြည်သူများ တန်ဖိုးထားသိရှိနိုင်ရန်နှင့် လေ့လာနိုင်ရန် ရည်ရွယ်၍ အခြားနေရာများတွင် ထပ်မံစိုက်ထူသွားမည့် အစီအစဉ်လည်းရှိပါကြောင်း၊ ယခုကဲ့သို့ ပြည်နယ်အထိမ်းအမှတ် ကျောက်စိမ်းကို အများပြည်သူလေ့လာနိုင်ရန် လှူဒါန်းပေးပါသော အလှူရှင်မိသားစုအားလည်း အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

 

ယင်းနောက် မြန်မာ့ကျောက်စိမ်းရတနာ အလှူရှင် ဒေါက်တာ ဘန်လွန်ဒူဝါဘွမ်ယန်က လှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ဂုဏ်ပြုအထိမ်းအမှတ် မြန်မာ့ကျောက်စိမ်းရတနာကို လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဌာနဝန်ကြီး ဦးဝင်းညွှန့်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီး ဦးHလအောင်၊ စည်ပင်သာယာရေး ဝန်ကြီးဌာနဝန်ကြီး ဦးနေဝင်းနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်၍လည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နှင့် အလှူရှင် ဒေါက်တာ ဘွမ်ယွန်တို့က စက်ခလုပ်နှိပ်၍လည်းကောင်း ဖွင့်လှစ်ပေးသည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က လှူဒါန်းမှု ဂုဏ်ပြုမှတ်တမ်းလွှာကို အလှူရှင်ဒေါက်တာ ဘန်လွန်ဒူဝါဘွမ်ယန်ထံ ပေးအပ်သည်။

 

အခမ်းအနားအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ဒေသခံများနှင့်အတူ စိုက်ထူထားရှိသည့် မြန်မာ့ကျောက်စိမ်းရတနာရှေ့၌ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။ 

 

အဆိုပါကျောက်စိမ်းတုံးမှာ တန်ချိန် ၆ ဒသမ ၃၇ တန်၊ အမြင့် ၈ ပေနှင့် အကျယ် ၄ ပေ ရှိကြောင်း သိရသည်။

 

(သတင်းစဉ်)