(၇၃)ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနား သထုံတွင်ကျင်းပ

သထုံ ၉ ဖေဖော်ဝါရီ

 

မွန်ပြည်နယ်၊ သထုံမြို့နယ်၏ ၂၀၂၀ ပြည့်နှစ်၊ (၇၃)ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားကို သုဝဏ္ဏဝတီမြို့၊ ကျိုက္ကော်ရပ်ကွက်ရှိ ရှင်ဥပဂုတ္တကန်တော်ရှေ့၌ ဖေဖော်ဝါရီ ၉ ရက် နံနက်က စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

 

ရှေးဦးစွာ နိုင်ငံတော်အလံနှင့် မွန်အမျိုးသားအလံတို့အား တက်ရောက်လာသူများက အလေးပြုကြပြီး တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်ထံမှ မွန်အမျိုးသားနေ့ အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာကို မြို့နယ်မွန်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဥက္ကဋ္ဌ နိုင်တင်နွယ်က ဖတ်ကြားကာ သထုံခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲထွန်းဇော်က အမှာစကားပြောကြားသည်။

 

ဆက်လက်၍ မွန်အမျိုးသားနေ့ ကျင်းပရေးကော်မတီ(ဗဟို)မှ ပေးပို့သည့် သဝဏ်လွှာအား တာဝန်ရှိသူတစ်ဦးက ဖတ်ကြားပြီး မွန်အမျိုးသားနေ့ ဖြစ်ပေါ်လာပုံကို မွန်ဘာသာ၊ မြန်မာဘာသာတို့ဖြင့် ရှင်းလင်းပြောကြားကာ သိမ်ဆိပ်ရပ်ကွက်မှ ရပ်မိရပ်ဖတစ်ဦးက ဒေသအတွင်း မွန်အမျိုးသားနေ့ အခမ်းအနား ကျင်းပခွင့်ရရှိခြင်းနှင့် ပတ်သတ်၍ ကျေးဇူးတင်ဝမ်းမြောက်စကား ပြောကြားသည်။

 

အဆိုပါနေ့တွင် သထုံမြို့နယ်အတွင်းရှိ အသက် ၈၀ နှင့်အထက် မွန်တိုင်းရင်းသား သက်ကြီး ဘိုးဘွားများအား ကျင်းပရေးကော်မတီဝင်များက လှူဖွယ်ပစ္စည်းများဖြင့် ပူဇော်ကန်တော့ကြပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်ခဲ့သော မွန်တိုင်းရင်းသား တိုင်းရင်းသူများအား ဆုများချီးမြှင့်ပေးကာ မွန်ယဉ်ကျေးမှုအဖွဲ့များက ယိမ်းအကများဖြင့် ဧည့်ခံဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

 

သက်ဦး(သထုံ)