(၇၄) နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ ဂုဏ်ပြုဆောင်းပါး မွန်မြတ်စိတ်ထား စွန့်စားဝံ့သူများ

၅  မေ

ပွိုင့်ကမ်းခြေနှင့် တစ်မိုင်ကျော်ခန့်ဝေးသော်လည်း ကျောက်ဆောင်များ ပေါများပြီး ကုလားတန်မြစ်နှင့် ဘင်္ဂလားပင်လယ်အော်တို့ဆုံရာ ပင်လယ်ဝဖြစ်၍ ရေစီးအလွန်ကြမ်းလျက်ရှိသည်။ စစ်တွေမြို့ ပွိုင့်ကမ်းခြေအနီးတွင် ကျောက်ဖြူဘက်မှ မောင်းနှင်လာသော ကျောက်စရစ်တင်ဆောင်သည့် စက်လှေတစ်စင်းသည် ကျောက်ဆောင်နှင့်တိုက်မိ၍ တဖြည်းဖြည်း နစ်မြုပ်စပြုနေပြီဖြစ်သည်။

နစ်မြုပ်စက်လှေပေါ်တွင် လူလေးဦးပါဝင်ပြီး ကျောက်ဆောင်အားမှီလျက် နစ်မြုပ်စက်လှေ၏အမိုးပေါ်တွင် ရှိနေကြသည်။ ဒီရေတက်သဖြင့် ကျောက်ဆောင်မှာလည်း ရေလွှမ်းတော့မည်ဖြစ်ကြောင်း အကြောင်းကြား ချက်အရ စစ်တွေမြို့နယ်မီးသတ်ဦးစီးမှူးရုံးမှ တပ်ဖွဲ့ဝင်များပါဝင်သည့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့သည် ရွှေပြည်တန်ဆိပ်ကမ်းမှ ညနေ ၅ နာရီ မိနစ် ၂၀ တွင် ထွက်ခွာခဲ့ကြသည်။

အသက်ကို ငဲ့ကွက်မှုမရှိ

ပင်လယ်လှိုင်းထန်ခြင်း၊ လေတိုက်နှုန်းပြင်းထန်ခြင်းများကြောင့် တစ်ခါ တစ်ရံ စက်လှေသည် ရေပေါ်တွင် ၇ ပေ၊ ၈ ပေခန့်အထိ မြင့်တက်သွားတတ်ပြီး လေထန်ရေဆန်တွင် အခက်အခဲများကြုံတွေ့ခဲ့ရသော်လည်း အသက်ကို ငဲ့ကွက်မှုမရှိဘဲ မဆုတ်မနစ် ခရီးနှင်ခဲ့သည်။

မည်မျှပင်အခက်အခဲရှိရှိ အချိန်မီရောက်အောင် သွားမည်ဖြစ်ကြောင်း ခိုင်မာသည့် ဆုံးဖြတ်ချက်အတိုင်း ခရီးဆက်ခဲ့ပြီး နောက်ဆုံးတွင် နစ်မြုပ် စက်လှေရှိရာနေရာသို့ ရောက်ရှိခဲ့သည်။ နစ်မြုပ်စက်လှေသို့ ကပ်မရသဖြင့် အသက်ကယ်ဗောကွင်း ချည်ထားသောကြိုးကို ပစ်ပေးပြီး တစ်ဦးချင်း ကြိုးအတိုင်းကူးလာစေကာ လှေပေါ်သို့ဆွဲတင်၍ ရှေးဦးသူနာပြုနည်းများဖြင့် စနစ်တကျဆောင်ရွက်ခဲ့သည့်အတွက် လေးဦးလုံး အသက်ရှင်လျက် လှေပေါ်သို့ ကယ်တင်နိုင်ခဲ့ချိန်တွင် နစ်မြုပ်နေသည့်စက်လှေမှာလည်း ရေအောက်သို့ လုံးဝရောက်ရှိသွားပြီဖြစ်သည်။

မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များသည် ပရဟိတအခြေခံ စိတ်ဓာတ်၊ ကူညီကယ်ဆယ်လိုသည့် စိတ်ဓာတ်၊ ခိုင်မာပြတ်သား ရဲဝံ့စွန့်စားလိုသည့် စိတ်ဓာတ်များကို အရင်းခံကာ ဘေးဒုက္ခကျရောက်နေသူ ပြည်သူ လေးဦးကို သက်စွန့်ကြိုးပမ်း ကူညီကယ်ဆယ်လိုက်ခြင်းဖြစ်သည်။

ထိုသို့ မိမိတို့အသက်ကို ပဓာနမထားဘဲ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းကို စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သည့် စစ်တွေမြို့နယ်မီးသတ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးဟန်စိုး အပါအဝင် မီးသတ်တပ်ဖွဲ့ဝင် ခြောက်ဦးကို နိုင်ငံတော် က ၂၀၂၀ ပြည့်နှစ် စွမ်းရည်သတ္တိနှင့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင် ရဲကျော်စွာတံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့သည်။

စွမ်းရည်သတ္တိနှင့် စွမ်းဆောင်မှု

မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင် မိမိတို့ အသက်ကို ပဓာနမထားဘဲ ပြည်သူလူထုအတွက် စွမ်းစွမ်းတမံ သက်စွန့် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် မီးသတ်တပ်ဖွဲ့ဝင်များကို နိုင်ငံတော်က စွမ်းရည်သတ္တိဆိုင်ရာ ဘွဲ့တံဆိပ်များအနေဖြင့် ရဲသီဟတံဆိပ်၊ ရဲသူရတံဆိပ်နှင့် ရဲဗလတံဆိပ်၊ စွမ်းဆောင်မှုဆိုင်ရာ ဘွဲ့တံဆိပ်အနေဖြင့် ရဲသူရိန်တံဆိပ်၊ ရဲကျော်စွာတံဆိပ်နှင့် ရဲကျော်သူတံဆိပ်များ ပေးအပ်ချီးမြှင့်လျက်ရှိပြီး ၂၀၂၀ ပြည့်နှစ် စွမ်းရည်သတ္တိနှင့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင် ရဲဗလ တံဆိပ်နှင့် ရဲကျော်စွာတံဆိပ်ကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင် ၁၀ ဦးက ရရှိခဲ့သည်။

အသက်ကယ်ဆယ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက် ရန် ၂၄ နာရီ အသင့်ဖြစ်နေခြင်း၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ဥစ္စာ ပစ္စည်းများကို အချိန်အခါမရွေး ကာကွယ်စောင့်ရှောက်ခြင်း၊ လေ့ကျင့်သား ပြည့်ဝခြင်း၊ မည်သို့ပင်ခက်ခဲကြမ်းတမ်းနေပါစေ အသက်ကို ပဓာနမထားဘဲ စွန့်လွှတ်စွန့်စားလိုစိတ်ရှိခြင်း၊ လျင်မြန်ဖျတ်လတ်မှုရှိခြင်း၊ ကျွမ်းကျင်မှုရှိခြင်း၊ ပေးအပ်သောတာဝန်နှင့် ဝတ္တရားများကို ကျေပွန်ခြင်း၊ ကယ်ဆယ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်ရာ၌ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဆက်သွယ်မှုရှိပြီး တစည်းတလုံးတည်း ညီညွတ်စွာဖြင့် စုပေါင်းလုပ်ကိုင် ဆောင်ရွက်ခဲ့ခြင်း၊ မီးသတ်ဦးစီးဌာန၏ စွမ်းရည်(၄)ရပ်ဖြစ်သော မီးသတ် စွမ်းရည်၊ ရှာဖွေကယ်ဆယ်ရေးစွမ်းရည်၊ အုပ်ချုပ်ရေးစွမ်းရည်နှင့် စည်းရုံးရေး စွမ်းရည်များကို တိကျစွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ခြင်း များကြောင့် ဂုဏ်ထူးဆောင်တံဆိပ်များကို ပေးအပ်ချီးမြှင့်လျက်ရှိသည်ဟု မီးသတ်ဦးစီးဌာန၏ မှတ်တမ်းများအရ သိရသည်။

မီးသတ်ဦးစီးဌာန

ထိုသို့ စွမ်းဆောင်ရည်ပြည့်ဝသော မီးသတ်တပ်ဖွဲ့ဝင်များကို ပျိုးထောင် ပေးရာ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ စတင်ဖြစ်ပေါ်ခဲ့သည့် သမိုင်းကြောင်းကို ကြည့်မည်ဆိုပါက မြန်မာသက္ကရာဇ် ၄၁၆ ခုနှစ်၊ ခရစ်သက္ကရာဇ် ၁ဝ၄၄ ခုနှစ် တွင် နန်းတက်ခဲ့သော ပုဂံဘုရင် အနော်ရထာမင်း လက်ထက်တွင် နိုင်ငံတော် မီးဘေးကာကွယ်ရေးအတွက် “သောသောညံ ပုဂံမီးဆော်မောင်း” ဟူသော ဆောင်ပုဒ်အတိုင်း ပုဂံခေတ်အခေါ် မီးကပ်သား (မီးသတ်တပ်သား) ၆၆၃ ဦး ခန့်ထားပြီး မီးဘေးကာကွယ်ရေးလုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။

အလားတူ ကုန်းဘောင်ခေတ် (၁၇၅၂ - ၁၇၆ဝ) အလောင်းမင်းတရား လက်ထက်တွင် ရန်ကုန်မြို့ စဉ့်အိုးတန်းရပ်ကွက်၌ မီးကြီးလောင်သဖြင့် မီးသတ်တပ်သား ၁ဝဝဝ ခန့် စေလွှတ် ငြှိမ်းသတ်ခဲ့ရကြောင်း၊ ထို့အတူ မင်းတုန်းမင်းလက်ထက်တွင် မီးသတ်တပ်ဖွဲ့ဖွဲ့စည်းကာ ပြည်သူလူထု၏ မီးဘေးလုံခြုံရေး ဆောင်ရွက်ခဲ့ကြောင်းနှင့် နန်းတွင်းအမိန့်တော်ပြန်တမ်း များအရ အင်းဝခေတ်၊ ညောင်ရမ်းခေတ်နှင့် ကုန်းဘောင်ခေတ် စသည့် သမိုင်းခေတ်အဆက်ဆက် ရှေးမြန်မာမင်းများလက်ထက်တွင် မီးသတ်တပ်ဖွဲ့ ကိုဖွဲ့စည်းပြီး ပြည်သူလူထု၏ မီးဘေးလုံခြုံရေးကို ဆောင်ရွက်ခဲ့သည်။

ဗြိတိသျှအစိုးရလက်ထက် မီးသတ်တပ်ဖွဲ့

ဗြိတိသျှကိုလိုနီခေတ်တွင် မီးလောင်မှုများ မကြာခဏဖြစ်ပွားခဲ့ရာ နယ်ချဲ့တို့က ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများနှင့် ၎င်းတို့ပိုင် စည်းစိမ်ဥစ္စာ ပစ္စည်းများ ကာကွယ်ရန်အတွက် နိုင်ငံခြားသားများသာပါဝင်သော မီးသတ် အဖွဲ့ကို ၁၉၃၉ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများတည်ရှိရာ ဒေသများတွင်သာ မီးသတ်အဖွဲ့ကို မြူနီစီပယ်အက်ဥပဒေအရ မြူနီစီပယ် မီးသတ်တပ်ဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်ခဲ့သည်။

စစ်ပြီးခေတ် မီးသတ်တပ်ဖွဲ့

စစ်ပြီးခေတ်တွင် မြန်မာမျိုးချစ်လူငယ်များသည် မိမိတို့၏ ရပ်ရွာများကို ကာကွယ်ရန်အတွက် နိုင်ငံအနှံ့အပြား၌ အပျော်တမ်းမီးသတ်တပ်ဖွဲ့များ ဖွဲ့စည်းနိုင်ခဲ့သည်။ ထို့မှတစ်ဆင့် မီးသတ်အစည်းအရုံးများအဖြစ် ဖွဲ့စည်းကာ မီးဘေးကာကွယ်ရေးလုပ်ငန်းများကို တက်ကြွစွာဆောင်ရွက်လာကြသည်။

မီးသတ်တပ်ဖွဲ့နေ့ဖြစ်ပေါ်လာပုံ

တစ်နိုင်ငံလုံးရှိ မီးသတ်အစည်းအရုံးများကို စုစည်းညီညွတ်စေရန်အတွက် ၁၉၄၆ ခုနှစ် မေလ ၅ ရက်တွင် ရန်ကုန်မြို့ ကန်တော်ကလေးရှိ မိန်းကလေး ကျောင်းခန်းမ၌ ပထမအကြိမ် ဗမာနိုင်ငံလုံးဆိုင်ရာ စေတနာ့ဝန်ထမ်း မီးသတ်အစည်းအရုံးကြီးညီလာခံကိုကျင်းပရာ ဗိုလ်ချုပ်အောင်ဆန်း တက်ရောက်၍ မီးသတ်ဆိုင်ရာ မိန့်ခွန်းပြောကြားခဲ့သည်။

အဆိုပါ ညီလာခံတွင် “မီးသတ်လုပ်ငန်းက မြန်မြန်ထက်ထက်နဲ့ ရဲရဲဝံ့ဝံ့ လုပ်ဆောင်ရတဲ့ လုပ်ငန်းဖြစ်တဲ့အတွက် သူရဲကောင်းတွေရဲ့ လုပ်ငန်းတစ်ရပ်လို့ ယူဆတယ်။ သူများကောင်းကျိုးအတွက် ကူညီဆောင်ရွက်တဲ့ စေတနာ့ဝန်ထမ်း လုပ်ငန်းတွေမှာ ဒီလိုသူရဲကောင်း စိတ်တွေမွေးပြီး ကူညီဝိုင်းဝန်းဖို့ လုပ်ဆောင် ရမယ်။ မီးသတ်သမားတွေကို မီးမလောင်ခင်က ကိရိယာတန်ဆာပလာ အပြည့်အစုံရှိဖို့နဲ့ မီးလောင်လျှင် အမြန်ဆုံးသွားရောက် ငြိမ်းသတ်နိုင်ဖို့ ပညာတွေ သင်ကြားပေးရမယ်” ဟု ဗိုလ်ချုပ်အောင်ဆန်းက ပြောကြားခဲ့သည်။

ညီလာခံကျင်းပသည့် မေလ ၅ ရက်ကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အဖြစ် စတင်သတ်မှတ်ကျင်းပလာခဲ့ရာ ယခု ၂၀၂၀ ပြည့်နှစ်တွင် ၇၄ နှစ် တိုင်ခဲ့ပြီဖြစ်သည်။

မြန်မာနိုင်ငံ၏ ပထဝီအနေအထားနှင့် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ် များကြောင့် မိုးကြိုမုန်တိုင်းနှင့် မုန်တိုင်းများ၊ မြစ်ချောင်းများမှ ဖြစ်ပေါ် လာနိုင်သည့် ရေကြီးမှုနှင့် ငလျင်ဘေးများ စသည့် သဘာဝဘေးအန္တရာယ် များအပြင် ခေတ်မီအသုံးအဆောင်များ၊ လျှပ်စစ်ပစ္စည်းများ တိုးတက်လာမှုနှင့် အတူ မီးလောင်မှုများသည် အသွင်အမျိုးမျိုးဖြင့် ဖြစ်ပေါ်လျက်ရှိသည်။

မီးသတ်တပ်ဖွဲ့ဝင်များသည် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ် များကို မီးဘေးအန္တရာယ်မှ တားဆီးကာကွယ်ရေးလုပ်ငန်းများနှင့် သဘာဝ ဘေးအန္တရာယ်အပါအဝင် အခြားသော ဘေးအန္တရာယ်များ ကျရောက်သည့်အခါ အရေးပေါ် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင် သက်စွန့်ကြိုးပမ်းထမ်းဆောင် လျက်ရှိသည်။

ပြည်ထဲရေးဝန်ကြီးဌာန၏ မူဝါဒနှင့် လုပ်ငန်းလမ်းညွှန်မှုများနှင့်အညီ မီးသတ်ဦးစီးဌာနသည် ပြည်သူလူထု၏ အသက်အိုးအိမ်ပစ္စည်းများ၊ နိုင်ငံတော် အတွင်းရှိ ကုန်ထုတ်အရင်းအနှီးများကို မီးဘေးအန္တရာယ်မှ တားဆီးကာကွယ် ရေး လုပ်ငန်းဆောင်ရွက်ရန်၊ သဘာဝဘေးအန္တရာယ်များမှ ကာကွယ်ရန်၊ သဘာဝဘေးအန္တရာယ်အပါအဝင် အခြားသောဘေးအန္တရာယ်များ ကျရောက် သည့်အခါ အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို တာဝန်ယူဆောင် ရွက်ရန်နှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင် ကူညီဆောင်ရွက်ရန် စသည့် အဓိက တာဝန် (၄) ရပ် ချမှတ်ဆောင်ရွက်လျက်ရှိသည်။

တိုးချဲ့ဖွဲ့စည်း

၂၀၁၆ ခုနှစ်မတိုင်မီက အရာထမ်း ၆၆၂ ဦးနှင့် အမှုထမ်း ၂၃၇၁၄ ဦး စုစုပေါင်း၂၄၃၇၆ ဦး ရှိရာမှ ၂၀၁၆ ခုနှစ် နိုဝင်ဘာလမှစတင်၍ တိုင်းဒေသကြီး/ပြည်နယ်များရှိ မီးသတ်တပ်ဖွဲ့၏ ဖွဲ့စည်းပုံကို ပြောင်းလဲခဲ့သဖြင့် အရာထမ်း ၇၃၅ ဦးနှင့် အမှုထမ်း ၂၃၈၆၄ ဦး စုစုပေါင်း ၂၄၅၉၉ ဦးအထိ တိုးချဲ့ဖွဲ့စည်းဆောင်ရွက်နိုင်ခဲ့သည်။

မီးဘေးလုံခြုံရေးလုပ်ငန်းများ၊ မီးဘေးအန္တရာယ်၊ အခြားသဘာဝ ဘေးအန္တရာယ်၊ ကပ်ရောဂါဘေးအန္တရာယ်နှင့် ရုတ်တရက်ဖြစ်ပွားသော ဘေးအန္တရာယ်များအတွက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ၊ မီးဘေး လုံခြုံရေး အသိပညာရပ်များ ပြည်သူလူထုအတွင်း စိမ့်ဝင်ပျံ့နှံ့ စေရေးအတွက် လှုံ့ဆော်ပညာပေးခြင်းတို့အပြင် မီးသတ်ဝန်ထမ်းများနှင့်အတူ စေတနာ့ ဝန်ထမ်းများ ပါဝင်ကူညီဆောင်ရွက်နိုင်ရေးအတွက် အရန်မီးသတ်တပ်ဖွဲ့ဝင် ၃၄၃၉၂ ဦးကို တိုးချဲ့ဖွဲ့စည်းနိုင်ခဲ့သည်။

 

မီးသတ်နေ့

 

မီးသတ်စခန်းများတိုးချဲ့ဖွဲ့စည်း

ဖွဲ့စည်းပုံတိုးချဲ့လာခြင်းနှင့်အတူ ၂၀၁၆ ခုနှစ် ဧပြီလမတိုင်မီ မီးသတ် ဦးစီးမှူးရုံးနှင့် မီးသတ်စခန်းများအနေဖြင့် တိုင်းဒေသကြီး/ပြည်နယ် မီးသတ်ဦးစီးမှူးရုံး ၁၅ ရုံး၊ ခရိုင်မီးသတ် ဦးစီးမှူးရုံး ၇၃ ရုံး၊ ခရိုင်မီးသတ်စခန်း ၇၃ စခန်း၊ မြို့နယ်မီးသတ်ဦးစီးမှူးရုံး ၃၃၀၊ မြို့နယ် မီးသတ်စခန်း ၃၃၀ နှင့် နယ်မြေမီးသတ်စခန်း ၇၀၃ စခန်းအထိ တိုးချဲ့ဖွဲ့စည်းခဲ့သည်။

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှု၊ လူနေအိမ်ခြေအဆောက်အဦများဖွံ့ဖြိုးမှု၊ အထပ်မြင့် အဆောက်အဦများတိုးတက်မှု၊ ဆေးရုံ၊ ကျောင်း၊ ဘာသာရေး အဆောက်အဦများ၊ ခေတ်မီလူသုံးကုန်ပစ္စည်းများ၊ ဓာတုပစ္စည်းများ၊ လျှပ်စစ် ပစ္စည်းများနှင့် လောင်စာဆီများ ပိုမိုအသုံးပြုမှုနှင့် စက်မှုဇုန်များတိုးချဲ့လာသည့်အတွက် မီးသတ်စခန်းအသစ်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များကို လိုအပ်ချက်အရ တိုးချဲ့ခဲ့ပြီး လိုအပ်သော မီးသတ်ယာဉ်စက်များကို ဖြည့်ဆည်း ဆောင်ရွက်လျက်ရှိရာ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်အထိ ခေတ်မီမီးငြှိမ်းသတ် ယာဉ် ၃၄၆၄ စီးကို မီးသတ်စခန်းများအလိုက် ဖြည့်တင်းခဲ့သည်။

ထို့ပြင် နိုင်ငံတော်တွင် သဘာဝဘေးအန္တရာယ်နှင့် အခြားရုတ်တရက် ဖြစ်ပွားသော မတော်တဆ ဘေးအန္တရာယ်များဖြစ်ပွားလာပါက ထိခိုက်ဆုံးရှုံးမှု နည်းပါးစေရန်အတွက် အချိန်နှင့်တစ်ပြေးညီ အလျင်အမြန်ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်တစ်ခုလျှင် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်အင်အား ၃၅ ဦးစီ၊ နေပြည်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များတွင် အင်အား ၁၁၆ ဦးပါရှိသည့် ရှာဖွေကယ်ဆယ်ရေးတပ်ခွဲ တစ်ခွဲစီဖြင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွား ပါက ချက်ချင်းတုံ့ပြန်ဆောင်ရွက်ရန်ထားရှိသည်။

ရှာဖွေကယ်ဆယ်ရေးအဖွဲ့များကို နိုင်ငံတကာနည်းတူ ဆောင်ရွက်နိုင်ရေး အတွက် အပြည်ပြည်ဆိုင်ရာရှာဖွေကယ်ဆယ်ရေး အကြံပေးအဖွဲ့ - INSARAG ၏ သတ်မှတ်ချက်နှင့်အညီ Insarag Light Team ကို အင်အား ၂၈ ဦးဖြင့် ဖွဲ့စည်းထားရှိပြီး ကယ်ဆယ်ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများဖြည့်ဆည်း

နိုင်ငံ၏ ပထဝီအနေအထားအရ ရေဘေး၊ လေဘေး၊ ငလျင်ဘေးနှင့် မီးဘေး စသည့် ဘေးအန္တရာယ်များ ဖြစ်ပွားမှုများပြားသည့်အတွက် မီးသတ်တပ်ဖွဲ့ဝင်များသည် မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးသုံး ပစ္စည်းများ၏ နည်းပညာရပ်ဆိုင်ရာ အတွေ့အကြုံနှင့် အရည်အသွေးကောင်း သည့် ယာဉ်/စက်ပစ္စည်းကိရိယာများ လိုအပ်ခြင်းတို့ကို ဘဏ္ဍာရေးနှစ်အလိုက် ရှာဖွေရေးနှင့် ကယ်ဆယ်ရေးကဏ္ဍခွဲခြား၍ မြေပြင်သုံးပစ္စည်းကိရိယာများ နှင့် ရေပြင်သုံးပစ္စည်းကိရိယာများ စသည်ဖြင့် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများကို ဖြည့်တင်းပေးနိုင်ခဲ့သည်။

လုပ်ငန်းစွမ်းရည်တိုးတက်

အလားတူ မီးသတ်တပ်ဖွဲ့ဝင်များ စွမ်းဆောင်ရည်ပြည့်ဝစေရေးအတွက် ဂျပန်၊ ထိုင်း၊ ကိုရီးယား၊ စင်ကာပူ၊ မလေးရှား၊ ပိုလန်၊ စပိန်၊ တရုတ်၊ နော်ဝေ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယားနှင့် အိန္ဒိယ စသည့်နိုင်ငံများသို့ သင်တန်းသားများစေလွှတ်ခြင်းနှင့် သင်တန်းနည်းပြများခေါ်ယူခြင်းဖြင့် မီးငြှိမ်းသတ်ရေးနည်းစနစ်များ၊ ရှာဖွေကယ်ဆယ်ရေးနည်းစနစ်များနှင့် အိုင်တီနည်းပညာများကို ကျွမ်းကျင်တတ်မြောက်စေရန် သင်တန်းများ ပေးလျက်ရှိသည်။

ဌာနတွင်းလေ့ကျင့်

ဗဟိုမီးသတ်သင်တန်းကျောင်း (ပြင်ဦးလွင်) နှင့် လေ့ကျင့်ရေးဌာနစု (ရန်ကုန်) တို့တွင် တပ်ဖွဲ့ဝင်များ၏ ရာထူးအဆင့်အတန်းအလိုက် (အရာရှိ/ အခြားအဆင့်) မီးဘေးလုံခြုံရေးဆိုင်ရာ နည်းပညာများ၊ ရှာဖွေကယ်ဆယ်ရေး ဆိုင်ရာ နည်းပညာများ၊ စီမံခန့်ခွဲရေးဆိုင်ရာ နည်းပညာများနှင့် အုပ်ချုပ် ထောက်ပံ့မှုဆိုင်ရာ ပညာရပ်များအတွက် သင်တန်းအမျိုးအစားပေါင်း ၁၈ ခု ကို လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်ရှိ လေ့ကျင့်ရေးဌာနစု(ရန်ကုန်)၌ သင်တန်း ၅၁ ကြိမ်တွင် သင်တန်းသား ၂၀၆၅ ဦးနှင့် ဗဟိုမီးသတ်သင်တန်းကျောင်း(ပြင်ဦးလွင်)၌ သင်တန်း ၄၄ ကြိမ်တွင် သင်တန်းသား ၇၄၆၃ ဦး ကို သင်ကြားပေးနိုင်ခဲ့သည်။

မီးဘေးလုံခြုံရေး အသိပညာများ ပြည်သူများအတွင်း စိမ့်ဝင်ပျံ့နှံ့စေရေး အတွက် မီးသတ်သုတေသနနှင့် မီးဘေးလုံခြုံရေးအသိပညာပေးရေးဌာနကို ၂၀၁၃ ခုနှစ် မေလ ၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ် ပြည်လမ်းတွင် ဖွင့်လှစ်ခဲ့သည်။ မီးသတ် သုတေသနနှင့် မီးဘေးလုံခြုံရေး အသိပညာပေးရေးဌာနတွင် ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာများ၊ ဈေးများ၊ စက်ရုံ/အလုပ်ရုံများနှင့် မီးဘေးအန္တရာယ် စိုးရိမ်ရသော လုပ်ငန်းများ၏ မီးဘေး လုံခြုံရေးလုပ်ငန်းများကို မီးသတ်ဦးစီးဌာနကိုယ်စား တာဝန်ယူဆောင်ရွက် နိုင်ရန်၊ မီးဘေး လုံခြုံရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန်နှင့် ပြည်သူများအတွင်း မီးသတ်ပညာရပ်များ စိမ့်ဝင်ပျံ့နှံ့စေရန် မီးဘေးလုံခြုံရေး တာဝန်ခံ (Fire Safety Manager) သင်တန်းကို ၂၀၁၃ ခုနစ်မှစတင်၍ သင်တန်းတစ်ကြိမ်လျှင် သင်တန်းသားဦးရေ ၅၀ ဖြင့် ဖွင့်လှစ်ခဲ့ရာ လက်ရှိ သင်တန်းအမှတ်စဉ် ၆၄ အထိ သင်တန်းသား ၃၁၄၄ ဦး မွေးထုတ်ပေးနိုင်ခဲ့သည်။

၂၀၁၉ ခုနှစ် ဧပြီလအထိ နိုင်ငံတော်တစ်ဝန်းလုံး၌ မီးလောင်မှု ၁၀၆၃ ကြိမ် ဖြစ်ပွားခဲ့ရာ လေ့ကျင့်သားပြည့်ဝနေသည့် မီးသတ်တပ်ဖွဲ့ဝင်များ၏ လူအင်အားနှင့် ခေတ်မီပစ္စည်းကိရိယာ အင်အားများ စနစ်တကျ စုဖွဲ့ဆောင်ရွက်နိုင်မှုကြောင့် မီးငြှိမ်းသတ်ကူညီကယ်ဆယ် ဆောင်ရွက်ခဲ့သည့် အပြင် သဘာဝဘေးအန္တရာယ် ဖြစ်ပွားမှုများတွင် မီးသတ်တပ်ဖွဲ့ဝင်များ၏ ကူညီကယ်ဆယ်ရေးလုပ်ငန်းများသည် ပြည်သူလူထုအတွက် များစွာအကျိုးရှိ ထိရောက်အောင်မြင်ခဲ့သည်ကို တွေ့မြင်ရသည်။

မီးလောင်ပြင်စောင့်ကြည့်ကွပ်ကဲမှုစနစ်

မီးသတ်တပ်ဖွဲ့ဝင်များ၏ ရည်မှန်းချက်တာဝန်များကို အထောက်အကူပြု နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးရှိ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်တွင် Command & Control Center ကို တည်ထောင်ထားရှိပြီး ရန်ကုန်မြို့၏ မီးဘေးလုံခြုံရေးကို စောင့်ကြည့်ကွပ်ကဲနိုင်ရန် Fire Services Operation Management System (FSOMS)၊ မီးသတ်ယာဉ်များ ထွက်ခွာမှုစနစ် (Vehicle Tracking System)၊ စောင့်ကြည့်မျှော်စင်စနစ် e - watching Tower System နှင့် 3G Camera System များ တပ်ဆင်ထားသည်။

အလားတူ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် မီးလောင်မှုနှင့် သဘာဝဘေးအန္တရာယ်အပါအဝင် အခြားမတော်တဆမှုများ ဖြစ်ပွားပေါ်ပေါက် လာပါက တုံ့ပြန်ဆောင်ရွက်မှုများကို ကြီးကြပ်ကွပ်ကဲနိုင်ရန် 3G Camera System များ တပ်ဆင်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိရာ မီးငြှိမ်းသတ်ရေးနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို များစွာအထောက်အကူပြုနိုင်ခဲ့သည်။

ပိုလန်နိုင်ငံချေးငွေဖြင့် မီးသတ်ယာဉ်/စက်များဖြည့်တင်း

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ အထပ်မြင့်အဆောက်အဦများ၊ ဆေးရုံ၊ ကျောင်း၊ ဘာသာရေး အဆောက်အဦများ၊ ခေတ်မီ လူသုံးကုန်ပစ္စည်းများ၊ ဓာတုပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများနှင့် လောင်စာဆီများ ပိုမိုအသုံးပြုလာ၍ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးသတ်စခန်းအသစ်များနှင့် မီးသတ် တပ်ဖွဲ့ဝင်များတိုးချဲ့ခဲ့ရာ စက်ပစ္စည်းကိရိယာ လိုအပ်ချက်များလည်း ရှိလာ ခဲ့သည်။

အဆိုပါ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရန် ပိုလန်နိုင်ငံ အစိုးရ၏ ထောက်ပံ့ချေးငွေ (Organization For Economic Co-operation and Development-OECD)အစီအစဉ်ဖြင့် ယူရိုငွေသန်း ၅၀ တန်ဖိုးရှိ ခေတ်မီမီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးယာဉ်များ၊ ရှာဖွေကယ်ဆယ် ရေးသုံး ဆက်စပ်ပစ္စည်းများကို အကူအညီရရှိခဲ့သည်။

ယင်းမီးသတ်ယာဉ်များ ကိုင်တွယ်ထိန်းသိမ်းနည်းစနစ်များကို ပိုလန် နိုင်ငံသို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များကို သွားရောက်သင်ကြားစေခဲ့သည့် အတွက် မီးသတ်ဦးစီးဌာန၏ မြို့ပြမီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများတွင် ခေတ်မီနည်းပညာ အထောက်အကူများရရှိခဲ့ပြီး လက်ရှိနှင့် အနာဂတ် ကာလတွင် ဖြစ်ပွားကြုံတွေ့ရနိုင်သည့် စိန်ခေါ်မှုအခက်အခဲများကို လျှော့ချပေးနိုင်မည်ဖြစ်သည်။

နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် ဆောင်ရွက်

ပြည်ထဲရေးဝန်ကြီးဌာန မီးသတ်ဦးစီးဌာနသည် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာအလိုက် မီးဘေးကာကွယ်တားဆီးရေး အတွက် တစ်အိမ်တက်ဆင်း အသိပညာပေး စစ်ဆေးဆောင်ရွက်ခြင်း၊ ရပ်ကွက်၊ စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေး၊ လူထုအသိပညာပေး ဆောင်ရွက်ခြင်း၊ အထပ်မြင့်အဆောက်အဦများ မီးဘေးလုံခြုံရေး စစ်ဆေး အကြံပြုခြင်း၊ စက်ရုံ၊ အလုပ်ရုံ၊ ဟိုတယ်၊ မိုတယ်နှင့် စျေးများ မီးဘေးလုံခြုံရေး အတွက် စစ်ဆေးအကြံပေးခြင်း၊ စက်ရုံ၊ အလုပ်ရုံနှင့် စက်သုံးဆီအရောင်းဆိုင်များ တွင် မီးဘေးလုံခြုံရေးအတွက် မီးဘေးလုံခြုံရေးတာဝန်ခံ (Fire Safety Manager) သင်တန်းများ ဖွင့်လှစ်ပေးနိုင်ခဲ့သည်။

ထို့အတူ မီးဘေးလုံခြုံရေးနှင့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွား ပေါ်ပေါက်လာပါက အရေးပေါ်တုံ့ပြန်ရေးဆိုင်ရာ အသိပညာများ ကျောင်းသား လူငယ်ထုအကြားတွင် စိမ့်ဝင်ပျံ့နှံ့ စေရန် သဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်နိုင်ရေး၊ အသိပညာပေးအစီအစဉ် Kaeru Caravan Programme ကို တိုင်းဒေသကြီး၊ ပြည်နယ်များ၏ မြို့နယ်များရှိ စာသင်ကျောင်းများတွင် သရုပ်ပြသင်ကြားလျက်ရှိသည်။

နိုင်ငံဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ မီးလောင်မှုဖြစ်စဉ်များသည်လည်း ပုံစံမျိုးစုံဖြင့် ဖြစ်ပွားလျက်ရှိရာ မီးလောင်မှုအကြိမ်ရေနှင့် ဆုံးရှုံးမှုတန်ဖိုး လျော့နည်းကျဆင်းစေရေး၊ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို အကာအကွယ်ပေးနိုင်ရေးအတွက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဥပဒေကို ၂၀၁၅ ခုနစ် မတ်လ ၁၇ ရက်တွင် ပြဋ္ဌာန်းနိုင်ခဲ့ပြီး နည်းဥပဒေကို ၂၀၁၈ ခုနစ် ဩဂုတ်လ ၂၁ ရက်တွင် ပြဋ္ဌာန်းနိုင်ခဲ့သည်။

နိုင်ငံတကာမီးသတ်တပ်ဖွဲ့များနည်းတူ ဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက် များကို ကျင့်သုံးလျက် ၂၀၁၃ ခုနှစ်မှစတင်ပြီး အထပ်မြင့်အဆောက်အဦ မီးဘေးလုံခြုံရေး စစ်ဆေးအကြံပြုခြင်းအတွက် အထပ်မြင့်အဆောက်အဦ ၆၈၃၁ လုံးကို စစ်ဆေးအကြံပြုနိုင်ခဲ့ပြီး ဆောင်ရွက်ခရငွေ ငွေကျပ်သန်း ၁၃၁၄၄ ကျော်ကို နိုင်ငံတော်ဝင်ငွေအဖြစ် ပေးသွင်းနိုင်ခဲ့ကြောင်း သိရသည်။

မီးသတ်ဦးစီးဌာနသို့ အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့ အကူအညီ တောင်းခံနိုင်ရန်၊ တုံ့ပြန်ဆောင်ရွက်နိုင်ရန်နှင့် ပြည်သူတို့၏ အားကိုးယုံကြည်မှု ရရှိနိုင်စေရန်အတွက် အိုင်တီနည်းပညာဖြင့် 191 Report Application ကို ၂၀၁၉ ခုနှစ် မတ်လတွင် စတင်ရေးဆွဲပြီး အသုံးပြုလျက်ရှိရာ 191 Report သို့ သတင်းပေးပို့မှု ၃၆၆ ခုရှိခဲ့သည်။

အလားတူ မီးလောင်မှုနှင့် ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်နေမှု နောက်ဆုံးရ အခြေအနေများကို မီးသတ်ဦးစီးဌာန Website နှင့် Facebook Page တို့မှ အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်ပေးခဲ့သည့်အတွက် ပြည်သူလူထု၏ စိုးရိမ်ပူပန်မှုကို လျော့ပါးစေသည့်အပြင် ယုံကြည်ကိုးစားမှုနှင့် မီးသတ်တပ်ဖွဲ့ဝင် များ၏ စွမ်းဆောင်နိုင်မှုကို ပြသနိုင်ခဲ့သည်။

ထို့အတူ မီးလောင်မှုများတွင် မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်ခဲ့ကြသည့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင် များသည် မိမိတို့သင်ကြား တတ်ကျွမ်းသည့် နည်းပညာနှင့် နည်းစနစ်များကို ကောင်းစွာအသုံးချ ဆောင်ရွက်သည့်အပြင် လုံခြုံရေးပိုင်းတွင် အဖိုးတန်ပစ္စည်း၊ ရတနာများကို မပျောက်မရှစေဘဲ ထိန်းသိမ်းဆောင်ရွက်မှုသည် တပ်ဖွဲ့၏ လုပ်ငန်းစွမ်းဆောင်ရည် သာမက ဂုဏ်သိက္ခာနှင့် အကျင့်စာရိတ္တ၊ စိတ်ဓာတ် ပိုင်းတွင် ပြည်သူများ၏ အားကိုးယုံကြည်မှုရှိစေခဲ့သည်။

မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးဘေးလုံခြုံရေးနှင့် သဘာဝ ဘေးအန္တရာယ် အသိပညာပေးရေးလုပ်ငန်းများကို ပိုမိုတိုးမြှင့်လုပ်ဆောင်နိုင် သဖြင့် မီးလောင်မှုအကြိမ်ရေနှင့် ဆုံးရှုံးမှုတန်ဖိုးများ လျော့နည်းကျဆင်း လာခဲ့သည့်အပြင် တပ်ဖွဲ့ဝင်အင်အားနှင့် မီးသတ်ယာဉ် စက်ကိရိယာများ တိုးမြှင့်ဖြည့်ဆည်းပေးမှုကြောင့် ပြည်သူများအတွင်း မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ပိုမိုထိရောက်လျင်မြန်စွာ ကူညီ ကယ်ဆယ်ဆောင်ရွက်လာနိုင်ခဲ့သည်။

တိုးတက်ပြောင်းလဲနေသည့် မီးငြှိမ်းသတ်ရေး နည်းပညာရပ်များနှင့် ရှာဖွေကယ်ဆယ်ရေးနည်းပညာရပ်များကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင် များက ဖြည့်ကျင့်ဆည်းပူးလျက်ရှိကြသည့်အပြင် မီးဘေးအန္တရာယ်၊ သဘာဝ ဘေးအန္တရာယ်နှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများတွင် လေ့ကျင့်သား ပြည့်ဝပြီး ကူညီကယ်ဆယ်လိုသည့် မွန်မြတ်စိတ်ထားဖြင့် ရဲရဲဝံ့ဝံ့စွမ်းဆောင် ကြိုးပမ်းလျက်ရှိရာ မွန်မြတ်စိတ်ထားဖြင့် စွန့်စားဝံ့သူများအဖြစ် (၇၄) နှစ် မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုရေးသားတင်ပြလိုက် ရပါသည်။ ။

တာရာ