အာဆီယံ-တရုတ် လူမှုဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးဖိုရမ်နှင့် လေ့လာရေး

ခန့်ဇော်(ကျေးလက်)

(၁၇)ကြိမ်မြောက် အာဆီယံ-တရုတ် လူမှုဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးဖိုရမ် (ASEAN-China Social Development and Poverty Reduction Forum) တက်ရောက်ဖို့အတွက် စာရေးသူအနေနဲ့ ဧရာဝတီတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ကိုနေထက်ရှိန်၊ ကလောမြို့နယ် ဘော်နင်းကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ကိုမောင်ညိုတို့နဲ့အတူ ၂၄-၆-၂၀၂၃ ရက်နေ့မှာ ရန်ကုန်-ကွမ်ကျိုးနှင့် ကွမ်ကျိုး-နန်နင်း ခရီးစဉ်တို့ကို လေယာဉ်၊ နန်နင်း မှ Beihai (ပေဟိုင်)ခရီးစဉ်ကိုတော့ ကားနဲ့စီးခဲ့ရလို့ လေယာဉ်နှစ်ဆင့်၊  ကားတစ်ဆင့်စီးပြီး ခရီးနှင်ခဲ့ရပါတယ်။ ကွမ်ကျိုးလေဆိပ်မှာ ခြောက်နာရီကြာစောင့်ရလို့ သိပ်အဆင်မပြေပေမယ့် Southern China Airline Business Lounge မှာ စောင့်ရတာ သက်သောင့်သက်သာတော့ရှိပါတယ်။ နန်နင်းကို ရောက်တော့ ည ၁၂:၀၀ နာရီ၊ နန်နင်းမှ ဒုတိယညွှန်ကြားရေးမှူးချုပ်အဆင့် တာဝန်ရှိသူအပါအဝင် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကောင်စစ် ဝန်ရုံးမှ ကိုကျော်စိုးသိမ်း၊ Counsellor General နဲ့ Ms. Daisy၊ မြန်မာစာနဲ့ဘွဲ့ရတဲ့ တရုတ်ဝန်ထမ်းတို့ လာကြိုပါတယ်။ မြန်မာစကားပြန်ပါတော့ အစစ အဆင်ပြေပါတယ်။ နန်နင်းကနေ ပေဟိုင်ကို  ဘာကြောင့် လေယာဉ်တိုက်ရိုက်မစီစဉ်တာလဲလို့ တွေးမိသလို ဘတ်စ်ကားနဲ့ သွားရတာကြောင့် ညဉ့်နက်ကြီး ကားဆက်စီးရတာ စိတ်ထဲ သိပ်အဆင် မပြေပေမယ့်လည်း ကားနဲ့သွားရတဲ့အတွက် တရုတ်နိုင်ငံတောင်ပိုင်းအစွန်း Shanxi ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသကိုမြင်စေဖို့ စီစဉ်ပေးခဲ့ပုံရတယ်လို့ သဘောပေါက်မိပြီး လမ်းမကြီးတွေကောင်းတာလည်း သိခဲ့ရပါတယ်။

တောင်ဘက်အစွန်းဒေသတွေမှာတောင် လမ်းတွေ၊ တံတားတွေ ဒီလောက်ကောင်းရင် Main Land ဆိုရင် ပိုကောင်းမယ်ဆိုတာ အသေအချာပါပဲ။ ဘတ်စ်ကားနဲ့ သွားတာဖြစ်ပေမယ့် ကီလိုမီတာ ၁၀၀ ဝန်းကျင် ပုံမှန်မောင်းနေတာမှာလည်း ကားက ငြိမ်နေတာပါပဲ၊ ကျွန်တော်တို့ အတုယူပြီး လုပ်စရာတွေ အများကြီးရှိပါသေးတယ်။ ဒီလိုနဲ့ နံနက် ၃ နာရီမှ ဟိုတယ်ရောက်ပါတယ်။နံနက် ၉ နာရီ အိပ်ရာက နိုးလို့ လိုက်ကာဖွင့်ကြည့်တော့ ဟိုတယ် အခန်းက Sea View မို့ မြင်ကွင်းက အင်မတန် သာယာလှပါတယ်။ လေငြိမ်နေတော့ မြင်နေရတဲ့ ပင်လယ်ပြင်ကြီးက ပြန့်ပြန့်ပြူးပြူး… ကမ်းစပ်ကို ကြည့်လိုက်တော့လည်း အလွန်သန့်ရှင်းသပ်ရပ် ... အမှိုက်တွေမရှိ………..။

ကမ်းခြေ(Beihai Silver Beach)ကို လိုက်ပို့ပေးလို့ သွားတော့လည်း လေငြိမ်နေတဲ့အချိန်မို့ ချောင်းသာတို့၊ ငွေဆောင်တို့လို လှိုင်းမရှိ၊ သဲကဖြူပြီး ပွမနေဘဲ သိပ်နေတယ်။ လမ်းလျှောက်ရင် ခြေထောက်တွေ သဲထဲကို မကျွံဘူး။ ဒီနေရာမှာလည်း ဘာအမှိုက်မှမရှိဘဲ သန့်ရှင်းနေတာပါပဲ။ မြန်မာနိုင်ငံမှာလို အုန်းပင်တွေ သိပ်မရှိပါဘူး။ ဆောင်းတွင်းမှာ မြောက်ပိုင်းကလူတွေ တောင်ပိုင်းကမ်းခြေကိုလာပြီး အပန်းဖြေကြတယ်လို့ သိရပါတယ်။ စည်းကမ်းလည်း ရှိကြပါတယ်။ တောင်ပိုင်းက ထွက်ကုန်တွေကို နန်နင်း၊ ကွမ်ကျိုးအပါအဝင် Main Land ကို ပို့နိုင်တာပေါ့။

နေ့လယ်ပိုင်းမှာ ပေဟိုင်မြို့ရဲ့Old Streetကို ပို့ပေးတာကြောင့် ရှေးနှစ်ပေါင်းများစွာ မြို့စတည် ကတည်းကရှိတဲ့ လမ်းနဲ့ အဆောက်အအုံတွေကို ယခင်ပုံစံအတိုင်းထားပြီး ပြင်ဆင်မွမ်းမံထားတာ တွေ့ခဲ့ရပါတယ်။ တစ်လမ်းလုံး ပင်လယ်စာ စားသောက်ဆိုင်တွေချည်းပါပဲ။ ပင်လယ်စာ၊ ဒေသထွက်ကုန်ပစ္စည်းတွေရောင်းတယ်။ ညမှာ စည်ကားတယ်ပြောပါတယ်။ အဲဒီနေရာမှာလည်း ကျွန်တော်လေ့လာမိခဲ့တာက ဘာအနံ့အသက်မှမရဘဲ သန့်ရှင်းနေတာ၊ ပင်လယ်စာအစုံ အကုန်ရှိပေမယ့် ဘာယင် ကောင်မှ ရှိမနေတာပါပဲ။ ကျွန်တော်တို့ဆီမှာဆို ငါးပိ၊ ငါးခြောက်တန်းဆိုရင် အနံ့ရှိတယ်။ ယင်ကောင် တွေရှိတယ်။ ဘာကြောင့်လဲ… ဘာကွာလဲ၊ စည်ပင် သာယာအဖွဲ့တွေရဲ့ အမှိုက်သိမ်းစနစ်ကောင်းလို့… အိမ်တိုင်း၊ ဆိုင်တိုင်းက စည်းကမ်းတွေ လိုက်နာကြလို့ ဖြစ်မှာပါ။
ညဘက်မှာ ဒုတိယညွှန်ကြားရေးမှူးချုပ်နဲ့ ဒေသခံသူငယ်ချင်းနှစ်ဦးရဲ့ ဖိတ်ခေါ်ချက်အရ ညဘက် Tourist တွေ အလာများပြီး စည်ကားတဲ့ စားသောက်ဆိုင်တန်းကို ခေါ်ပါတယ်။ တစ်ဦးက စီးပွားရေးသမားဖြစ်ပြီး နောက်တစ်ဦးကတော့ ခရိုင်အုပ်ချုပ်ရေးမှူးလို့ ပြောပါတယ်။ လူငယ်တွေပါပဲ။ ဝတ်စားဆင်ယင်မှုက ဘာပကာသနမှမရှိ၊ ပုံမှန် စပို့ရှပ်ဝတ်ထားပြီး ဖော်ဖော်ရွေရွေရှိပါတယ်။ မြန်မာကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ရလို့ ဝမ်းသာနေ ကြပါတယ်။ စားသောက်ဆိုင်တန်းက ကမ်းခြေနဲ့ နီးတော့ စက်လှေငယ်အများအပြားကို ချောင်းအတွင်း ဆိပ်ကမ်းမှာကပ်ထားတာ တွေ့မြင်ရပါ တယ်။ စားသောက်သူတွေက ကမ်းစပ်စက်လှေ ဆိပ်အနီးမှာ ထိုင်ကြတာများတယ်။ ဒီမှာ ကျွန်တော် လေ့လာမိတာက ငါးဖမ်းစက်လှေတွေ အများကြီးရှိတယ်။ စားသောက်ဆိုင်တွေ အများကြီးရှိတယ်။ ဒါပေမဲ့ ပင်လယ်ငါး၊ ပုစွန်အနံ့ ဘာအနံ့မှ မရဘူး။ စက်လှေတွေလည်း သန့်ရှင်းသလို ဆိပ်ကမ်းလည်း သန့်ရှင်းတယ်ဆိုတာပါပဲ။ 

အာဆီယံ - တရုတ် လူမှုဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးဖိုရမ်

နောက်တစ်နေ့၊ ဇွန်လ ၂၆ ရက်နေ့မှာတော့ (၁၇) ကြိမ်မြောက် အာဆီယံ-တရုတ် လူမှုဖွံ့ဖြိုးရေး နှင့် ဆင်းရဲမှုလျှော့ချရေးဖိုရမ်ကို တက်ရောက်ဆွေးနွေးဖြစ်ခဲ့ပါတယ်။ ဖိုရမ်မှာ ဆွေးနွေးတဲ့ခေါင်းစဉ် အားလုံးဟာ သိပ်ကိုစိတ်ဝင်စားစရာ ကောင်းပါတယ်။ စျေးကွက်ပေါင်းစည်းမှု၊ ကုန်သွယ်မှုနှင့် ဆင်းရဲမွဲတေမှုလျှော့ချရေး၊ စားရေရိက္ခာဖူလုံရေး နှင့်ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ စက်မှုကဏ္ဍဖွံ့ဖြိုး တိုးတက်ခြင်းမှ ကျေးလက်ဒေသ ပြန်လည်ဆန်းသစ်ရေး၊ ဂေဟစနစ် ကာကွယ်ထိန်းသိမ်းခြင်းနှင့် ဆင်းရဲ မှုလျှော့ချရေး၊ ကျေးလက်ဒေသများ၏ခံနိုင်ရည် စွမ်းအားကောင်းစေပြီး ကျေးလက်နေပြည်သူများ ဆင်းရဲတွင်းသို့ ပြန်မကျရောက်စေရန် ကာကွယ်ရေးစတဲ့ ကဏ္ဍအလိုက်ချိတ်ဆက်မှုတွေကို အဓိကထား ဆွေးနွေးခဲ့ကြပြီး လက်တွေ့မျက်မြင်ချိတ်ဆက်မှုတွေကိုတော့ လေ့လာရေးသွားရောက်ချိန်မှာ မျက်ဝါးထင်ထင်  တွေ့မြင်ရတော့တာဖြစ်ပါတယ်။

စျေးကွက်ပေါင်းစည်းမှု၊ ကုန်သွယ်မှုနှင့် ဆင်းရဲမွဲတေမှုလျှော့ချရေး

၂၈-၆-၂၀၂၃ရက်နေ့ နံနက်ပိုင်းမှာ ပေဟိုင် International Park မှာရှိတဲ့ Guangxi Hetian Baolong Food Co.,Ltd.ရဲ့ Sea Duck Egg Industry ကို သွားရောက်လေ့လာခွင့်ရခဲ့ပါတယ်။ ၂၀၂၂ ခုနှစ် မှာ ဘဲဥအလုံးရေ သန်း ၉၀ ထုတ်လုပ်ရောင်းချနိုင်ခဲ့ပြီး တရုတ်နိုင်ငံမှာ နံပါတ်(၁) ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ထုတ်လုပ်မှုလုပ်ငန်းစဉ်အားလုံးကို နည်းပညာ၊ စက်ပစ္စည်းအသုံးပြုမွေးမြူတာတွေ့ရပြီး ထုပ်ပိုးပြင်ဆင်ထားပြီးဖြစ်တဲ့ ဘဲဥ(အသင့်စား)ထွက်ကုန်တွေကို မြို့ပေါင်း ၅၀၀ ကျော်အထိ Online E-Commerce နဲ့ Off-lineတို့မှ နေ့စဉ် ဖြန့်ဖြူးရောင်းချပေးပါတယ်။ Online Marketing Platform မှ ဖြန့်ဖြူးရောင်းချတဲ့တိုးတက်မှုကို လေ့လာခဲ့ရပါတယ်။ Smart and Digital Process တွေရဲ့ တိုးတက်မှုကိုလည်း လေ့လာခဲ့ရပါတယ်။ ဒေသမှာရှိတဲ့ ဆင်းရဲသူအိမ်ထောင်စုပေါင်း ၆၃၇ စုကို ဆင်းရဲမှုမှ လွတ်မြောက်အောင် ကူညီနိုင်ခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်းအနေနဲ့ အိမ်ထောင်စု ပေါင်း ၂၈၈၈ စု၊ ကျေးရွာ ၁၈ ရွာကို အကျိုးပြုနိုင်တာတွေ့ရပါတယ်။ R&D ကို အလေးထားပြီး Guangxi University နဲ့ ပူးပေါင်းဆောင်ရွက်နေတာကိုလည်း လေ့လာတွေ့ရှိခဲ့ရပါတယ်။ စက်ရုံ တစ်ရုံအနေနဲ့ နေ့စဉ်စားသုံးမှုမှာ အရေးပါတဲ့ ဘဲဥထုတ်လုပ်ခြင်းမှ ဒေသစီးပွားရေး တိုးတက်မှုအဖြစ် ဆင်းရဲနွမ်းပါးပြည်သူတွေကို ဆင်းရဲတွင်းမှ လွတ်အောင် အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်ပြီး ဝင်ငွေတိုးအောင် ဆောင်ရွက်နိုင်ခဲ့ တာတွေ့ရပါတယ်။

ဆက်လက်ပြီး Baking town industrial zone မှာရှိတဲ့ Mooncake ထုတ်လုပ်တဲ့ စက်ရုံကို လေ့လာခဲ့ရပါတယ်။ စက်ရုံဆိုပေမယ့် သမိုင်းအဆက်ဆက်က Mooncake ထုတ်လုပ်ပုံအဆင့်ဆင့်၊ Design အမျိုးမျိုးထုတ်လုပ်ခဲ့မှု Mold တွေကို ပြတိုက်သဖွယ် တည်ဆောက်ပြသထားပြီး သမိုင်းကြောင်းကို စနစ်တကျထိန်းသိမ်းထားတာ တွေ့ရပါတယ်။ Mooncakeကို ယဉ်ကျေးမှုသဖွယ် သမိုင်းတွင်အောင် ထုတ်လုပ်ခဲ့မှု၊ စားသုံးကြမှု၊ တန်ဖိုးထားမှုတွေကို တွေ့ရပါတယ်။ Design/ Mold တွေကို စဉ်ဆက် မပြတ်ကောင်းအောင်လုပ်ခဲ့ကြတော့ ထုပ်ပိုးမှုကောင်းတယ်၊ ရေကန်တွေအပါအဝင် ဥယျာဉ် တစ်ခုပုံစံပြင်ဆင်ထားပြီး Tourism ဧရိယာအဖြစ်ပါ ဖော်ဆောင်ထားတာတွေ့ရသလို Industrial၊ Commercial၊ Tourism ပေါင်းစပ်ထားတဲ့စီးပွားရေး ဇုန်အဖြစ်တွေ့ရပါတယ်။ အလုပ်အကိုင် ဖန်တီးမှုပေါင်း ၅၁၀၀ ရှိပါတယ်။ ထုတ်လုပ်မှုကွင်းဆက် အားလုံးပါဝင်တာတွေ့ရပါတယ်။ Primary Industry မွေးမြူထုတ်လုပ်မှု၊ Secondary Industry တန်ဖိုး မြင့်ထုတ်လုပ်မှုနဲ့ Tertiary Industry အနေနဲ့ Service လုပ်ငန်းတွေ ပါဝင်ဆောင်ရွက်နေပြီး Industry စဉ်ဆက်မပြတ် ဖွံ့ဖြိုးနေဖို့ Quaternary အနေနဲ့ R&D ကို တက္ကသိုလ်တွေနဲ့ ချိတ်ဆက်ဆောင်ရွက်နေတာ လေ့လာတွေ့ရှိခဲ့ရပါတယ်။

စက်မှုကဏ္ဍ (Industrialization)ကို မြှင့်တင်ဆောင်ရွက်လျက်ရှိရာမှာ စီးပွားရေးဇုန်အဖြစ် ထုတ်လုပ်မှုကွင်းဆက်(Supply Chain) တစ်ခုလုံး ပေါင်းစပ်ထားရှိတဲ့အပြင် ထုတ်ကုန်တွေကို e-Commerce စနစ်နဲ့ ဆောင်ရွက်ပေးနေတာ၊ စက်ရုံတွေရဲ့ လုပ်ငန်းဆောင်ရွက်မှုပိုင်းကို သုတေ သနလုပ်ဆောင်ပြီး ဖွံ့ဖြိုးရေးတိုးတက်မှု (Research and Development) အတွက်ပါ တက္ကသိုလ်တွေနဲ့ ချိတ်ဆက်ဆောင်ရွက်နေတာ တွေ့ရှိရပါတယ်။

(ဆက်လက်ဖော်ပြပါမည်)