အာဆီယံဒေသနဲ့ အာရှ-ပစိဖိတ်ဒေသတွေမှာ အလုပ်လုပ်ကိုင်ခွင့်ရရှိလာမှာဖြစ်သလို နိုင်ငံခြားသားအင်ဂျင်နီယာတွေကိုလည်း ဒီစံတွေနဲ့အညီ စိစစ်နိုင်မှာဖြစ်ပါတယ်

၂၆ ဒီဇင်ဘာ

 

မြန်မာနိုင်ငံရှိ အင်ဂျင်နီယာများအနေဖြင့် လုပ်ငန်းများလက်တွေ့လုပ်ဆောင်ရာတွင် ပြည်သူ့ကျန်းမာရေး၊ လုံခြုံဘေးကင်းရေးနှင့် အကျိုးပြုလုပ်ငန်းများကို တာဝန်ခံလုပ်ဆောင်နိုင်ရန်မှာ အရေးကြီးသည့်အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ ထိုသို့ အရည်အချင်းပြည့်မီရန်အတွက် ဘွဲ့ရလုပ်ငန်းကျွမ်းကျင်မှု ရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။(Graduate Comptency) မှ ပညာရှင်လုပ်ငန်းကျွမ်းကျင်မှု (Professional Comptency) ရရှိစေရေးအတွက် ကျွမ်းကျင်မှု၊ ပြည့်မီမှုအတိုင်းအတာကိုစိစစ်ကာ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှ အသိအမှတ်ပြုလက်မှတ်၊ လိုင်စင်ထုတ်ပေး အခြေအနေနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာချာလီသန်းနှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြလိုက် ခြေအနေနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာချာလီသန်းနှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည်- 

 

မေး။ ။ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီအနေနဲ့ အင်ဂျင်နီယာတွေကို အရည်အသွေး စစ်ဆေးပြီးတော့ အသိအမှတ်ပြုလက်မှတ်တွေ ထုတ်ပေးနေတယ်လို့ သိရပါတယ်။ အရေအတွက် ဘယ်လောက်ထုတ်ပေး ထားပြီ၊ ပြီးတော့ ဘာကြောင့်ဘွဲ့ရပြီးမှ ဒီလိုအသိအမှတ်ပြု လက်မှတ်တွေ ထပ်ပြီးထုတ်ပေးရတယ်ဆိုတဲ့ အကြောင်းကိုလည်း သိပါရစေ။

 

ဖြေ။ ။ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီကနေ  အလုပ်သင်နည်းပညာကျွမ်းကျင်သူလက်မှတ် က ၁၆၈ ဦး၊ အလုပ်သင်ဘွဲ့ရနည်းပညာကျွမ်းကျင်သူ လက်မှတ်က ၁၃၉ ဦး၊ အလုပ်သင်အင်ဂျင်နီယာလက်မှတ် က ၁၀ဝ၁၇ ဦး၊ မှတ်ပုံတင်အင်ဂျင်နီယာလက်မှတ်က ၆၃၈၂ ဦး၊ မှတ်ပုံတင် အကြီးတန်းအင်ဂျင်နီယာလက်မှတ် က ၃၃၃၃ ဦး၊ မှတ်ပုံတင်အင်ဂျင်နီယာ ပညာရှင်လက်မှတ်က ၁၀ဝ၄ ဦး၊ အာဆီယံပဋိညာဉ်ခံ အင်ဂျင်နီယာပညာရှင် လက်မှတ်က ၅၁၄ ဦး၊ မှတ်ပုံတင် ကန့်သတ်အင်ဂျင်နီယာ ပညာရှင်(RLPE)လက်မှတ်က ၁၀ ဦး၊ မှတ်ပုံတင်ကန့်သတ် အင်ဂျင်နီယာပညာရှင်(RLPE)လက်မှတ်က လေးဦး ထုတ်ပေးပြီးဖြစ်ပါတယ်။

 

ကောင်စီကထုတ်ပေးတဲ့ မှတ်ပုံတင်လက်မှတ်ဟာ (Certificate/Register/License)လို့ ခေါ်တဲ့ မှတ်ပုံတင်၊ အရည်အချင်းပြည့်မီကြောင်း အသိအမှတ်ပြုတဲ့ လက်မှတ်၊ လိုင်စင်ဖြစ်ပါတယ်။

 

နည်းပညာတက္ကသိုလ်တွေက ဘွဲ့ရပြီးသူတွေကို ဘွဲ့ရအင်ဂျင်နီယာလို့ခေါ်ပြီး ဘွဲ့ရအင်ဂျင်နီယာ တစ်ယောက်မှာရှိတဲ့ အရည်အချင်း၊ ဘွဲ့ရလုပ်ငန်း ကျွမ်းကျင်မှု (Graduate Competency)ကနေ ပညာရှင် လုပ်ငန်းကျွမ်းကျင်မှု (Professional Competency) ရရှိအောင် ဖြည့်ဆည်းနိုင်ရေးအတွက် အဆင့်ဆင့် စိစစ် မှုတွေဆောင်ရွက်ပြီး မှတ်ပုံတင်လက်မှတ်တွေ ထုတ်ပေး ခြင်းဖြစ်ပါတယ်။

 

ဘွဲ့ရတဲ့အချိန်မှာ အင်ဂျင်နီယာပညာကို တတ်မြောက် ပြီးဖြစ်ပါတယ်။ အင်ဂျင်နီယာလုပ်ငန်း လက်တွေ့လုပ်ဖို့ အတွက် လုပ်ငန်းကျွမ်းကျင်မှု လိုအပ်ပါတယ်။ အခု ထုတ်ပေးတဲ့ အသိအမှတ်ပြုလက်မှတ်ကတော့ ပြည်သူ့ ကျန်းမာရေး၊ လုံခြုံဘေးကင်းရေးနဲ့ ပြည်သူ့အကျိုးပြု လုပ်ငန်း (Public Health, Public Safety, Public Service)နဲ့ ဆက်စပ်နေတဲ့ လုပ်ငန်းတွေကို တာဝန်ခံ လုပ်ဆောင်နိုင်ဖို့ ကျွမ်းကျင်မှုပြည့်မီမှု အတိုင်းအတာကို စိစစ်ပြီးထုတ်ပေးတာ ဖြစ်ပါတယ်။ အဓိကက အများပြည်သူ ဘေးကင်းလုံခြုံမှုကို တာဝန်ယူဖို့လိုတဲ့ လုပ်ငန်းတွေ တာဝန်ခံလုပ်ဆောင်မယ့် အင်ဂျင်နီယာကို စိစစ်ပြီးမှ ထုတ်ပေးရတာ ဖြစ်ပါတယ်။

 

မေး။ ။ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီအနေနဲ့ မြန်မာနိုင်ငံက အင်ဂျင်နီယာဘာသာရပ်နဲ့ သက်ဆိုင်တဲ့ တက္ကသိုလ်တွေကို အာရှ-ပစိဖိတ်အဆင့် အထိဖြစ်အောင် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ဘယ်တက္ကသိုလ်တွေကို ဆောင်ရွက်နေတယ်ဆိုတာ သိပါရစေ။

 

ဖြေ။ ။ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီအနေနဲ့ ပြည်တွင်း၊ ပြည်ပ အင်ဂျင်နီယာဘွဲ့၊ အင်ဂျင် နီယာနည်းပညာဘွဲ့နဲ့ အင်ဂျင်နီယာနည်းပညာဒီပလိုမာ သင်တန်းတွေကို အာဆီယံ ACPECC နဲ့ အာရှ-ပစိဖိတ် အင်ဂျင်နီယာအသင်းချုပ်ရဲ့ အာရှ-ပစိဖိတ်အင်ဂျင်နီယာ ပညာရေးလမ်းညွှန်ချက်များ (FEIAP Engineering Education Guidelines) က ချမှတ်တဲ့စံတွေနဲ့ ညီညွတ် စေဖို့ နည်းပညာတက္ကသိုလ်တွေက သင်ကြားပို့ချနေတဲ့ အင်ဂျင်နီယာဘွဲ့သင်တန်းတွေ၊ အစိုးရစက်မှုလက်မှုသိပ္ပံ၊ ကောလိပ်တွေက ဒီပလိုမာသင်တန်းတွေကို အရည်အသွေး စိစစ်အသိအမှတ်ပြုမှု (Accrediation) ရရှိအောင် ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ရခြင်းကလည်း ဥပဒေပါ တာဝန်သတ်မှတ်ချက်အရ ဆောင်ရွက် ခြင်းဖြစ်ပါတယ်။

 

အလားတူ ASEAN Mutual Reconition Arrangement on Engineering Services အရ စိစစ် အသိအမှတ်ပြု အင်ဂျင်နီယာဘွဲ့များ (Accredited Engineering Degree) ဖြစ်ပေါ်ရေးကိုလည်း ဆောင်ရွက် ပေးလျက်ရှိပါတယ်။

 

မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီအနေနဲ့ ၂၀၁၅ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အတွင်း ရန်ကုန်နည်းပညာ တက္ကသိုလ်၊ မန္တလေးနည်းပညာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်(သန်လျင်)၊ နည်းပညာတက္ကသိုလ် (ကျောက်ဆည်)တို့က ဘွဲ့သင်တန်း ၂၇ ခုကို အရည်အသွေးစိစစ်အသိအမှတ်ပြုလုပ်ငန်း (Accreditation) ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါတယ်။ ဒီသင်တန်းတွေက ဘွဲ့ရတွေ ပေါ်ထွက်လာခြင်းမရှိသေးတဲ့အတွက် လက်ရှိမှာ ရန်ကုန်၊ မန္တလေး၊ သန်လျင်၊ ကျောက်ဆည် နည်းပညာတက္ကသိုလ် လေးခုက ဘွဲ့သင်တန်း ၂၇ ခုကို အမျိုးသားအဆင့် ယာယီ အသိအမှတ်ပြု (Provisional Accreditation) ပေးအပ် ပြီးဖြစ်ပါတယ်။ နည်းပညာတက္ကသိုလ်(မှော်ဘီ)၊ ရန်ကုန် အနောက်ပိုင်း နည်းပညာတက္ကသိုလ်၊ တောင်ငူနည်းပညာ တက္ကသိုလ်၊ နည်းပညာတက္ကသိုလ်(သန်လျင်)တွေက ဘွဲ့သင်တန်းပေါင်း ၁၇ ခုကို အသိအမှတ်ပြုမှုရရှိအောင် ဆက်လက်ဆောင်ရွက်နေပါတယ်။ 

 

အမျိုးသားအဆင့် ယာယီအရည်အသွေး စိစစ်အသိ အမှတ်ပြုအဆင့် ရရှိပြီးတဲ့အထဲက ခြောက်နှစ်သင်တန်းက ဘွဲ့ရတွေ ထွက်ပေါ်လာတဲ့ ရန်ကုန်နည်းပညာတက္ကသိုလ်နဲ့ မန္တလေးနည်းပညာတက္ကသိုလ်တို့ကို စိစစ်အသိအမှတ်ပြုမှု (Full Accreditation) ရရှိအောင် ဆက်လက်ဆောင်ရွက် နေပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ စိစစ်တဲ့အဖွဲ့အစည်းဖြစ်တဲ့ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီရဲ့ အရည်အသွေး စိစစ်အသိအမှတ်ပြုရေး လုပ်ငန်းကော်မတီ(EEAC)ကို FEIAP ကနေ အသိအမှတ်ပြုဖို့လည်း လိုအပ်ပါတယ်။ ဒီလိုအသိအမှတ်ပြုမှု ရရှိနိုင်ဖို့အတွက် EEAC က မူဝါဒ လုပ်ထုံးလုပ်နည်းနဲ့ လမ်းညွှန်ချက်တွေအတိုင်း စိစစ်အသိ အမှတ်ပြုခြင်း ရှိ၊ မရှိ FEIAP က စိစစ်သူ (Reviewer) တွေက၂၀၁၆ ခုနှစ်မှာ တစ်ကြိမ်စစ်ဆေးပြီး အပြီးသတ် စစ်ဆေးမှုကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာ သို့မဟုတ် ၂၀၁၉ ခုနှစ် ဇန်နဝါရီလအတွင်းမှာ လာရောက်စစ်ဆေးကြမှာ ဖြစ်ပါတယ်။

 

ဒီလိုစစ်ဆေးပြီး ကိုက်ညီတယ်ဆိုရင် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီရဲ့ EEAC ကို FEIAP(Stage2) အာရှ-ပစိဖိတ်အဆင့် အသိအမှတ်ပြုမှာဖြစ်ပါတယ်။ ဒီလို အသိအမှတ်ပြုရင် EEAC က စစ်ဆေးအသိအမှတ်ပြုခံရ တဲ့ဘွဲ့သင်တန်းတွေက ဘွဲ့ရအင်ဂျင်နီယာတွေဟာ အာရှပစိဖိတ်ဒေသအတွင်းရှိ အခြားအင်ဂျင်နီယာဘွဲ့ရတွေနဲ့ အဓိကအရည်အချင်းတူညီမှု(Substantial Equivalence)ရှိတယ်လို့ သတ်မှတ်ခံရမှာ ဖြစ်ပါတယ်။ ပြီးတော့ ဒီအင်ဂျင်နီယာဘွဲ့ရတွေဟာ မှတ်ပုံတင်အင်ဂျင်နီယာ ပညာရှင်(PE)ရရှိရေးအတွက် ဖြည့်ဆည်းရမယ့် အလုပ်သင် အင်ဂျင်နီယာကာလ လျှော့ပေါ့ခံစားခွင့်ကို နှစ်အပိုင်း အခြားအလိုက် ခံစားခွင့်ရရှိမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီရဲ့ EEAC က FEIAP(Stage 1) Nation Building Level အသိအမှတ်ပြုခြင်းကို ၂၀၁၆ ခုနှစ်ကတည်းက ရရှိပြီးဖြစ်ပါတယ်။

 

၂၀၁၆ ခုနှစ် ဩဂုတ်လနဲ့ စက်တင်ဘာလတွေမှာ အာရှ-ပစိဖိတ် အင်ဂျင်နီယာအသင်းချုပ်(FEIAP)ရဲ့ စေလွှတ်မှုအရ ပါကစ္စတန်အင်ဂျင်နီယာကောင်စီ (Pakistan Engineering Council-PEC)က စိစစ် သုံးသပ်သူ(Reviewer)နှစ်ဦးနဲ့ စင်ကာပူအင်ဂျင်နီယာ အသင်း(Institutuion of Engineers Singapore - IES) က စိစစ်သုံးသပ်သူ(Reviewer)တစ်ဦး လာရောက်ပြီးတော့ မြန်မာနိ်ုင်ငံအင်ဂျင်နီယာကောင်စီနဲ့ ရန်ကုန်နည်းပညာ တက္ကသိုလ်က ဘွဲ့သင်တန်းတွေရဲ့ အရည်အသွေးစိစစ် အသိအမှတ်ပြုလုပ်ငန်းတွေ ဆောင်ရွက်မှုလုပ်ငန်းစဉ်ဟာ အာရှ-ပစိဖိတ်အင်ဂျင်နီယာ ပညာရေးလမ်းညွှန်ချက်တွေနဲ့ ကိုက်ညီမှု ရှိ၊ မရှိ စိစစ်ခဲ့ပါတယ်။

 

နောက်ဆုံးအဆင့်အနေနဲ့ ၂၀၁၉ ခုနှစ် ဇန်နဝါရီ အတွင်း FEIAP က စေလွှတ်မယ့် Reviewer တွေကနေ ဘွဲ့ရကျောင်းသားတွေ ထွက်ပေါ်လာမယ့် ရန်ကုန်နည်းပညာ တက္ကသိုလ်ကို မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီက စိစစ်မယ့် အပြီးသတ်စိစစ်မှုလုပ်ငန်းစဉ်(Full Accreditation) ကို လာရောက်စစ်ဆေးမှုတွေပြုလုပ်မှာ ဖြစ်ပါတယ်။

 

မေး။ ။ ဒီလို အာရှ-ပစိဖိတ်အဆင့် ဆောင်ရွက်တဲ့ နေရာမှာ သူတို့ရဲ့သတ်မှတ်ချက် စံ နေရာမှ( Full Accreditation) တွေ ရှိတယ်ဆိုရင် သိပါရစေ။

 

ဖြေ။ ။ လက်ရှိအချိန်မှာ ရန်ကုန်နည်းပညာတက္ကသိုလ်က အာရှ-ပစိဖိတ်အဆင့် အရည်အသွေး စိစစ်အသိအမှတ်ပြုမှု (Accreditation) ရရှိဖို့ လိုအပ်တဲ့ စံ(Criteria)တွေ ပြည့်စုံမှု ရှိ၊ မရှိကို အာရှ-ပစိဖိတ် အင်ဂျင်နီယာအဖွဲ့ချုပ်က စိစစ်သုံးသပ်သူ (Reviewer) တွေ လာရောက်စစ်ဆေးမှုကို စောင့်ဆိုင်းနေပါတယ်။

 

မန္တလေးနည်းပညာတက္ကသိုလ်ကလည်း ဆက်လက် အစစ်ဆေးခံဖို့ ဆောင်ရွက်နေပါတယ်။ ရန်ကုန်နည်းပညာ တက္ကသိုလ်နဲ့ မန္တလေးနည်းပညာတက္ကသိုလ်တို့မှာ အင်ဂျင်နီယာပညာရေးစနစ်သစ်(ခြောက်နှစ်သင်တန်း)နဲ့ မွေးထုတ်လိုက်တဲ့ အင်ဂျင်နီယာဘွဲ့ရတွေ ထွက်ပေါ်လာ ပြီဖြစ်လို့ အာရှ-ပစိဖိတ် အင်ဂျင်နီယာအဖွဲ့ချုပ်က လာရောက်စိစစ်မှာဖြစ်ပါတယ်။

 

အာရှ-ပစိဖိတ်အဆင့် ဆောင်ရွက်ရာမှာ APEC Engineer Manual နဲ့ FEIAP က ထုတ်ပြန်ထားတဲ့ အင်ဂျင်နီယာ ပညာရေးလမ်းညွှန်ချက်တွေပါ Criteria တွေနဲ့အညီ ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ကနဦး လိုအပ်ချက်ဆိုတာလည်း ရှိပါတယ်။ ကနဦးလိုအပ်ချက် ရှစ်ချက်ရှိပါတယ်။ နံပါတ်(၁)က ရလဒ်အခြေပြုပညာရေး ဖြင့် သင်ကြားရမည်။ နံပါတ်(၂)က အင်ဂျင်နီယာဘာသာရပ် တွေအတွက် အနည်းဆုံး(၁၃၅) SLT Credit  သင်ကြား ပို့ချရမည်။ နံပါတ်(၃)က ဘာသာရပ်စုံ အခြေခံသည့်ပုံစံပြု သုတေသနလုပ်ငန်းပါရှိရမည်။ နံပါတ်(၄)က နောက်ဆုံး နှစ်၌ လက်တွေ့သုတေသနလုပ်ငန်း ပါရှိရမည်။ နံပါတ် (၅)က စက်မှုလက်မှု အတွေ့အကြုံရယူသည့် အစီအစဉ် ပါရှိရမည်။ နံပါတ် (၆)က အချိန်ပြည့် ဆရာ ဆရာမ အနည်းဆုံး ရှစ်ဦးသင်ကြားရမည်။ ဒီအထဲမှာ အနည်းဆုံး အင်ဂျင်နီယာလုပ်ငန်း အတွေ့အကြုံရှိ ဆရာ ဆရာမ သုံးဦးပါရှိရမည်။ နံပါတ်(၇)က ဆရာ- ကျောင်းသား အချိုး ၁:၂၀ ရှိရမည်။ နံပါတ်(၈)က ပြင်ပစာစစ်သူ ရှိရ မည်။ အနည်းဆုံး ငါးနှစ်တာကာလ၌ နှစ်ကြိမ်စစ်ဆေးရမည် တို့ ဖြစ်ပါတယ်။

 

စံသတ်မှတ်ချက်တွေကတော့ ဘွဲ့သင်တန်းရဲ့ ပညာရေး ရည်မှန်းချက်၊ ဘွဲ့ရများတတ်မြောက်ရမည့် ပညာအရည် အချင်းနှင့် ကျွမ်းကျင်မှုဆိုင်ရာ သတ်မှတ်ချက်များ၊ ဘွဲ့ သင်တန်းဖွဲ့စည်းမှု၊ သင်ရိုးညွှန်းတမ်း၊ သင်ရိုးဇယား၊ သင်ကြားရန်ကာလ စာမေးပွဲစနစ်များ၊ ကျောင်းသား ကျောင်းသူများ၏ အရည်အချင်းသတ်မှတ်ချက်များ၊ သင်ကြားရေး ဆရာ ဆရာမ အထောက်အကူပြုဝန်ထမ်းများ၊ ကျွမ်းကျင်သူများ၏ အရည်အချင်းသတ်မှတ်ချက်များ၊ ပညာရေးပတ်ဝန်းကျင်ကောင်းရှိရမည်၊ အရည်အသွေး အာမခံမှုစနစ်တည်ထောင်ထားရှိပြီးဖြစ်ရမည်ဆိုတဲ့ စံခုနစ် ချက်အပေါ်မှာ အခြေခံစိစစ်အသိအမှတ်ပြုပါတယ်။ ဒီ အထဲမှာ အရေးကြီးဆုံးအချက်က ရလဒ်အခြေပြုပညာရေး နဲ့သင်ကြားရမှာ ဖြစ်ပါတယ်။ အဓိကမူဝါဒကတော့ တက္ကသိုလ်က လျှောက်ထားမှ စိစစ်ပေးရမှာ ဖြစ်ပါတယ်။

 

မေး။ ။ ဆက်လက်ပြီးတော့ မြန်မာနိုင်ငံက ဘယ်တက္ကသိုလ်တွေကို ဆောင်ရွက်သွားမယ်ဆိုတာ ကိုလည်း သိပါရစေ။

 

ဖြေ။ ။ ၂၀၁၈ ခုနှစ်အတွင်း နည်းပညာတက္ကသိုလ် (မှော်ဘီ)က ဘွဲ့သင်တန်း ခြောက်ခု၊ ရန်ကုန် အနောက်ပိုင်းနည်းပညာတက္ကသိ်ုလ်က ဘွဲ့သင်တန်း ခြောက်ခု၊ နည်းပညာတက္ကသိုလ်(သန်လျင်)က ဘွဲ့ သင်တန်း သုံးခု၊ နည်းပညာတက္ကသိုလ်(တောင်ငူ)က ဘွဲ့ သင်တန်းနှစ်ခုတို့ကို ယာယီအသိအမှတ်ပြုမှု (Provisional Accreditation) လုပ်ငန်းရပ်တွေ ဆောင်ရွက်နေပါတယ်။ ခြောက်နှစ်သင်တန်းက ဘွဲ့ရ အင်ဂျင်နီယာတွေ ထွက်ရှိနေတဲ့ မန္တလေးနည်းပညာ တက္ကသိုလ်က ဘွဲ့သင်တန်း နှစ်ခုနဲ့ ရန်ကုန်နည်းပညာ တက္ကသိုလ်က ဘွဲ့သင်တန်း လေးခုတို့ကို စိစစ်အသိအမှတ်ပြု မှု (Full Accreditation) ဆောင်ရွက်လျက်ရှိပါတယ်။ 

 

ဆက်လက်ပြီးတော့ ၂၀၁၈ ခုနှစ် ပညာသင်နှစ် အတွက် စိစစ်အသိအမှတ်ပြုဖို့ Full Accreditation အဖြစ် ရန်ကုန်နည်းပညာတက္ကသိုလ်က ဘွဲ့သင်တန်း ခုနစ်ခုနဲ့ မန္တလေးနည်းပညာတက္ကသိုလ်က ဘွဲ့သင်တန်းငါးခုကို အရည်အသွေး စိစစ်အသိအမှတ်ပြုလုပ်ငန်းတွေ ဆက်လက်စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ ထပ်မံ လျှောက်ထားလာတဲ့ နည်းပညာတက္ကသိုလ် (မန္တလေး)က ဘွဲ့သင်တန်း ခြောက်ခုကို ၂၀၁၉ ခုနှစ်အတွင်း စိစစ်နိုင်ဖို့ အတွက် ဆောင်ရွက်လျက်ရှိပါတယ်။

 

အလားတူပဲ အစိုးရစက်မှုလက်မှု သိပ္ပံ/ကောလိပ် တွေက AGTI ဒီပလိုမာသင်တန်းတွေကိုလည်း စိစစ် အသိအမှတ်ပြုဖို့အတွက် အစိုးရစက်မှုလက်မှုသိပ္ပံတွေက အငြိမ်းစားကျောင်းအုပ်ကြီးတွေ၊ ဌာနမှူးတွေနဲ့ ဆရာကြီး တွေကို FEIAP က ပညာရှင်တွေက စိစစ်သူ သင်တန်း တွေ ပို့ချပေးပြီးဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်အတွင်းမှာ တောင်းဆိုတဲ့ စက်မှုလက်မှုသိပ္ပံတွေကို စိစစ်ဆောင်ရွက် ပေးသွားဖို့ စီစဉ်ထားရှိပါတယ်။

 

မေး။ ။ ဒီလို အာရှ-ပစိဖိတ်ဒေသအဆင့် ဖြစ်သွားရင် မြန်မာနိုင်ငံက အင်ဂျင်နီယာတွေအနေနဲ့ ဘယ်လိုအကျိုးကျေးဇူးတွေရမယ်ဆိုတာ သိပါရစေ။

 

ဖြေ။ ။မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီက FEIAP အဖွဲ့ဝင်ဖြစ်ပါတယ်။ ဒါကြောင့် ဒီအဖွဲ့ဝင် နိုင်ငံတွေအတွင်းရှိ အင်ဂျင်နီယာတက္ကသိုလ်တွေက ဘွဲ့ရ တွေနဲ့ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ EEAC က စိစစ်အသိအမှတ်ပြုထားတဲ့ ဘွဲ့သင်တန်းတွေကဘွဲ့ရ တွေ Substantial Eqivalence ဆိုတဲ့ တူညီတဲ့အဆင့် အတန်းကို ရရှိမယ်။ ပြီးတော့ ဒီအဖွဲ့ဝင်နိုင်ငံတွေမှာရှိတဲ့ တက္ကသိုလ်တွေမှာ ပညာဆက်လက်ဆည်းပူးနိုင်မယ်။ ပြီးတော့ FEIAP အသိအမှတ်ပြုဘွဲ့သင်တန်းတွေက ဘွဲ့ရတွေအနေနဲ့ BE ဘွဲ့ရရှိပြီး အလုပ်သင်အင်ဂျင်နီယာ ကာလကို နှစ်အကန့်အသတ်နဲ့ လျှော့ပေါ့ခွင့်ရရှိမှာ ဖြစ်ပါတယ်။

 

အဓိက အကျိုးကျေးဇူးက အာဆီယံဒေသနဲ့ အာရှပစိဖိတ်ဒေသတွေမှာ အလုပ်လုပ်ကိုင်ခွင့် (Mobility) ရရှိလာမှာဖြစ်သလို နိုင်ငံခြားသားအင်ဂျင်နီယာတွေကိုလည်း ဒီစံတွေနဲ့အညီ စိစစ်နိုင်မှာဖြစ်ပါတယ်။ 

 

အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ။

 

ရှင်မင်း