အာဆီယံနိုင်ငံများ၏ ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာပြပွဲသို့ တက်ရောက်ခဲ့သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ ပြန်လည်ရောက်ရှိ

နေပြည်တော် နိုဝင်ဘာ ၈

ထိုင်းနိုင်ငံတွင်ကျင်းပခဲ့သည့် အာဆီယံနိုင်ငံများ၏ ကာကွယ်ရေးနှင့် လုံခြုံရေး ဆိုင်ရာပြပွဲ (Defence and Security ၂၀၁၇) သို့ တက်ရောက်ခဲ့သော တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော်ကိုယ်စား လှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ သုဝဏ္ဏဘူမိလေဆိပ် မှပြန်လည်ထွက်ခွာကြရာ ထိုင်းဘုရင့် တပ်မတော်ပူးတွဲစစ်ဦးစီးချုပ် Gen. Ponpipaat Benyasri နှင့်ထိုင်းဘုရင့် တပ်မတော်အရာရှိကြီးများ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးမျိုးမြင့်သန်း၊ မြန်မာစစ်သံ (ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ်ခင်ဇော်နှင့် တာဝန်ရှိသူ များက လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိရာ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်ပုံ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး H.E Mr Jukr Boon-Long၊ ထိုင်းဘုရင့် တပ်မတော်ရေတပ် စစ်သံမှူးနှင့် လေတပ်စစ်သံမှူးတို့က လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)