ရန်ကုန်    ဇူလိုင်    ၂၆

မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းသည် ဂျပန်နိုင်ငံ၌ ကျင်းပမည့် အကြိမ်(၂၀)မြောက် အာရှအားကစားပြိုင်ပွဲအတွက် သြဂုတ်လအတွင်း စတင်လေ့ကျင့်မည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းသည် လက်ရှိကျင်းပနေသည့် မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပထမအကျော့ပြီးဆုံးသည့် နောက်ပိုင်းမှသာ စခန်းဝင်လေ့ကျင့်မည်ဖြစ်ပြီး ပြင်ဆင်ချိန် တစ်လဝန်းကျင် ရရှိမည်ဖြစ်သည်။

ယင်းပြိုင်ပွဲမှာ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းအတွက် ယခုနှစ်အတွင်းယှဉ်ပြိုင်ရမည့် ဒုတိယမြောက် နိုင်ငံတကာပြိုင်ပွဲဖြစ်ပြီး ဇွန်လတွင် ရန်ကုန်မြို့၌ သုံးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့သည်။ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် အာရှအားကစားပြိုင်ပွဲတွင် ဒုတိယအကြိမ် ဝင်ရောက် ယှဉ်ပြိုင်ခြင်းဖြစ်ပြီး ၂၀၂၂ ပြိုင်ပွဲတွင် ပထမအကြိမ် ယှဉ်ပြိုင်ရာ အုပ်စုအဆင့်မှ ထွက်ခဲ့ရသည်။ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းကို နည်းပြချုပ်အဖြစ် ဂျပန်နိုင်ငံသား မစ်ဆုအိုကာတိုက ကိုင်တွယ်နေပြီး ရလဒ်ကောင်းရယူနိုင်ရန် ကြိုးပမ်းရမည်ဖြစ်သည်။

အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် အိမ်ရှင် ဂျပန်အသင်းအပါအဝင် အသင်း စုစုပေါင်း ၁၂ သင်း ယှဉ်ပြိုင်မည်ဖြစ်ပြီး လေးသင်းသုံးအုပ်စုခွဲ ပြုလုပ်မည်ဖြစ်သည်။ အမျိုးသမီး ဘောလုံးပြိုင်ပွဲကို စက်တင်ဘာ ၁၄ ရက်မှ အောက်တိုဘာ ၂ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ဂျပန်နိုင်ငံရှိ ကွင်းငါးကွင်း၌ ပြုလုပ်မည်ဖြစ်သည်။ အုပ်စုခွဲဝေထားမှုအရ အုပ်စု(A) တွင် အိမ်ရှင်ဂျပန်၊ တရုတ်(တိုင်ပေ)၊ ဗီယက်နမ်၊ ထိုင်း၊ အုပ်စု(B) တွင် တောင်ကိုရီးယား၊ မြောက်ကိုရီးယား၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ အုပ်စု(C) တွင် တရုတ်၊ ဖိလစ်ပိုင်၊ ဥဇဘက်ကစ္စတန်၊ ဟောင်ကောင်အသင်းတို့ ပါဝင်နေသည်။ ပြိုင်ပွဲကျင်းပမည့်ပုံစံအရ အုပ်စုတစ်ခုစီမှ အမှတ်အများဆုံးနှစ်သင်းစီနှင့် တတိယနေရာရအသင်းများအနက် အကောင်းဆုံး နှစ်သင်း စုစုပေါင်းရှစ်သင်း ကွာတားဖိုင်နယ် တက်ရောက်ခွင့်ရမည်ဖြစ်သည်။ မြန်မာအသင်းသည် အုပ်စုပွဲများအဖြစ် စက်တင်ဘာ ၁၄ ရက်တွင် တောင်ကိုရီးယားအသင်း၊ စက်တင်ဘာ ၁၇ ရက်တွင် မြောက်ကိုရီးယား အသင်း၊ စက်တင်ဘာ ၂၁ ရက်တွင် ဘင်္ဂလားဒေ့ရှ်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-စိုးညွန့်သော်